Pages

Thursday, September 8, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၆)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာ များနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ မောင်ဇာနည်ရေးသားတဲ့ "ရင်ကြားစေ့ရေး ကိစ္စမှာ အတွင်းကျကျ ပါဝင်ခဲ့သူတယောက်ရဲ့အမြင်"ဆိုတဲ့ ဆောင်းပါး ဒုတိယပိုင်းကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒေါက်တာဇာနည်က ၂၀၀၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ ရန်ကုန်ကိုသွားခဲ့ပါတယ်။ အကြောင်းကတော့ ရန်ကုန်က စစ် ဗိုလ်ချုပ်တွေနဲ့ ပြောဆိုဆွေးနွေးနိုင်မယ် သူထင်ထား လို့ပါ။ ဒီလိုအခြေအနေ မတိုင်ခင် ဖြစ်ပေါ်လာတဲ့သူ့စဉ်းစားပုံတွေကို လည်း တင်ပြ ထားခဲ့ပါတယ်။

သူမြန်မာပြည်ကို သွားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို တိုက်ခိုက်မှု ၂၀၀၃ အပြီး ၁ နှစ်အကြာမှာပါ။ ဒီပဲယင်းတိုက်ခိုက်မှုအပေါ် ပြည်သူအတော်များများနဲ့ နိုင်ငံတကာက ခံပြင်းဒေါသထွက်ခဲ့ကြပါ တယ်။ ဒေါက်တာဇာနည်ကလည်း စိတ်ခံစားမှုတွေ ပြင်းပြလို့ ထိုင်းနိုင်ငံနယ်စပ် မြန်မာအတိုက်အခံအဖွဲ့အစည်းတွေရဲ့ ဌာန ချုပ် NCUB ဆီကို ရောက်သွားခဲ့ပါတယ်။ သူပြန်လာတော့ ဗိုလ်ချုပ်မြလက်မှတ်ရေးထိုးထားတဲ့ စာတစောင်နဲ့ ကရင်အမျိုး သားအစည်းအရုံး KNU အပါအ၀င်၊ အတိုက်အခံတွေအတွက် လက်နက်၊ တော်လှန်ရေးရန်ပုံငွေကို အနောက်နိုင်ငံ အစိုးရ တွေမှာ ချည်းကပ်ရှာဖွေပေးဖို့ တာဝန်ပေးတဲ့ စာတစောင်ပါလာပါတယ်။ ကျနော့်နာမည်ကို အောက်ခြေမှတ်စုမှာ ပါတယ် ဆိုတာကလည်း ဒီကိစ္စပါ။ တာဝန်ပေးလိုက်တဲ့အထဲမှာ ကျနော်လည်း တယောက်အပါအ၀င် ဖြစ်နေပါတယ်။ အဲဒီအချိန် က ကျောင်းပြီးခါစ အမေရိကန်နိုင်ငံမှာ သောင်တင်နေချိန်၊ FBC လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါမလားဆိုတော့ ၀ိုင်းကူညီလုပ်ကိုင်နေချိန်ပါ။ ဒီစာကိုလည်း သူ့ဘာသာ ကျနော်တို့ကို မတိုင်မပင် တက်ကြွပြီး တပ်ပေါင်းစု ခေါင်းဆောင်တွေဆီက တောင်းလာခဲ့တာပါ။ လက်တွေ့က လက်နက်ကိုင်တော်လှန်ရေး အတွက် ရန်ပုံငွေ၊ ထောက်ခံမှုရဖို့ ချည်းကပ်ဖို့ မလွယ်ဘူးဆိုတာ ခဏအတွင်းမှာပဲ သဘောပေါက်လာခဲ့ပါတယ်။ ကျနော်တို့က မူဝါဒရေးရာအရ ဘာသိဘာသာမျက်နှာလွှဲနေမှု နံရံကြီးပိတ်နေတာ ကြုံရတယ်။

အနောက်နိုင်ငံတွေက သွေးစည်းညီညွတ် ရေးလှုပ်ရှားမှုတွေကို ကျနော်တို့ နိုင်ငံ လွတ်မြောက်ရေးအတွက် အလွန်အမင်း အားကိုးမျှော်လင့်နေတဲ့ အခြေအနေရှိနေ တယ်လို့ သုံးသပ်မိပါတယ်။ ၂၀၀၃ ဒီပဲယင်း တိုက်ခိုက်မှုအပြီး နောက်ပိုင်းမှာ စစ်အစိုးရထဲက ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးနဲ့ အိမ်အကျယ်ချုပ် ကျနေဆဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆွေးနွေးမှုတွေ ပြန်ဖြစ်လာခဲ့ပါ တယ်။ NLD က သူတို့အရင်က နှုတ်ထွက်ထားတဲ့ အမျိုးသားညီလာခံပြန်တက်မယ်၊ အမျိုးသားညီလာခံမှာလည်း ဒီမို ကရေစီနည်းမကျတဲ့ ဥပဒေတွေကို ပြန်လည်ဆွေးနွေးစေမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါမှပဲ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အကျပ်အတည်းက ပြန်လည် လွတ်မြောက်နိုင်မယ်လို့ တွေးမြင်ထားကြ ပါတယ်။ အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးအုပ်စုကလည်း ပြည်ပမှာရှိနေတဲ့ ဘာသာရေးခေါင်းဆောင်၊ ပညာရှင်၊ သံတမာန်အသိုင်းအ၀ိုင်း၊ အတိုက်အခံတွေထဲအထိ သွေးတိုးစမ်းလို့ တီးခေါက်တာတွေ ရှိခဲ့ပါတယ်။ ဒေါက်တာဇာနည် က ဒီအချိန်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ရုံးနဲ့ တိုက်ရိုက် အဆက်အသွယ် ရခဲ့ပါတယ်။ အပြောင်းအလဲ တွေက ဖြစ်လာပါတယ်။ ပထမတချက်ကတော့ လက်နက်ရှာဖွေဖို့ တာဝန်ပေးတာ လက်မှတ်ရေးထိုးပေးခဲ့တဲ့ KNU နဲ့ တပ် ပေါင်းစုဥက္ကဋ္ဌ ဗိုလ်ချုပ်မြက တာဝန်ပေးခဲ့ချိန် ၆-လ အကြာမှာပဲ ရန်ကုန်ကိုသွားပြီး ဗိုလ်ချုပ်ခင်ညွန့်နဲ့ စေ့စပ်ဆွေးနွေးပြော ဆိုနေတာ တွေ့ရပါတယ်။ သူကတော့ လက်တွေ့ကျတယ်ဆိုတဲ့ လမ်းကို လှမ်းတာ ဖြစ်နိုင်ပါတယ်။ ၂၀၀၄ ခုနှစ်၊ မတ်လ ပိုင်းလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်တို့အကြား သဘောတူညီမှုတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင်ပြီး ပယ်ဖျက်ခဲ့ပါတယ်။ KNU နဲ့ ပြောဆိုဆွေးနွေးမှုတွေကိုလည်း ၂၀၀၄ ခုနှစ်၊ ဇန်န၀ါရီ လလောက်မှာ ဗိုလ်ချုပ်သန်းရွှေက ရပ်ဆိုင်းစေခဲ့ပြန်ပါတယ်။ ဒီအခါ ဆက်လက်ဆွေးနွေးပြေလည်နိုင်ဖို့ လမ်းကြောင်းပိတ် သလို ဖြစ်ခဲ့ကြရပါတယ်။ NLD ဖက်ကလည်း အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ တင်းမာတဲ့ သဘောထားတွေ ပြန်ဖြစ် လာခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါက်တာဇာနည်ယူဆတာက ဆက်ဆံရေး လမ်းကြောင်းကို အဆင့်တိုင်းမှာ ဆက်လက်ဖွင့် ထားသင့်တယ်လို့ ယူဆပါတယ်။ ဒီပဲယင်းလို တိုက်ခိုက်မှုဖြစ်ရပ်မျိုး ဖြစ် တာတောင်မှ အနောက်နိုင်ငံတွေဆီက အရေးယူ ပိတ်ဆို့မှုတွေက ဒီထက်ထူးပြီး ထပ်တိုးနိုင်ဖို့ အနေအထား မရှိတော့ဘူး ဆိုတာလည်း သဘောပေါက်မိကြပါတယ်။ လက် တွေ့ကျတဲ့မူက စစ်အစိုးရထဲက ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့၊ အင်အားအရ ချိနဲ့နေသေးတဲ့ စစ်ထောက်လှမ်းရေးအုပ်စု နဲ့ ပြည်ပက ဖိအားတိုးပေးရေးတွေ ရှေ့ဆက်သိပ်မဖြစ်နိုင်တော့ဘူးလို့ မြင်နေတဲ့ အတိုက်အခံအုပ်စုထဲက ကိုယ်စားလှယ် တွေ စပြီး ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးမှုတွေ တခုပြီး တခုလုပ်မယ်။ ဒုတိယလမ်းကြောင်း သံတမာန်ရေးနည်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်ထိန်းထားပြီး ပြောဆိုနေတာက ပိုကောင်း တယ်လို့ သူယူဆပါတယ်။ ဒါပေမယ့် အခုလို ကြားဝင်စေ့စပ်ရတဲ့ ကိစ္စကလည်း လိုင်စင်မရှိဘဲ ငြိမ်းချမ်းရေးဝင် တည်ဆောက် ရတာလို့ သူက တနေရာမှာ ဖော်ပြထားပါ သေးတယ်။

သူသွားမယ်လုပ်တော့ အမေရိကန်နိုင်ငံက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မက်သယူး ဒေလီနဲ့ အသိပေး အကြံရယူပါတယ်။ မက်သယူး ဒေလီကလည်း တရားသေ ဖိအားပေးရေးတခုတည်းကိုသာ အားထား နေတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒအပေါ် စိတ်ပျက်နေပြီး၊ အလုပ်မဖြစ်ဖူးလို့ မြင်နေသူပါ။ သူက အခုလို ဒုတိယလမ်း သံတမာန်ရေး ကြိုးစားကြည့်တာကို စမ်းကြည့်ချင်ပါတယ်။ ဒီလိုနဲ့ ဒေါက်တာဇာနည်က ပြည်ပက အတိုက်အခံအချို့နဲ့ တိုင်ပင်လို့ ၂၀၀၄၊ မေလ ၃၀ ရက်နေ့မှာ ရန်ကုန်ကို ရောက်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထောက်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးလှမင်း၊ ဗိုလ်မှူးကြီးတင်ဦးတို့နဲ့ တွေ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ခွင့်ရဖို့ သူပြောပေမယ့် အချိန် မတန်သေးဘူးလို့ လုံခြုံရေးကို အကြောင်းပြ ငြင်းပါတယ်။ အဓိကဆွေးနွေးတာက စစ်ထောက်လှမ်းရေး ထဲက သဘော ထားပျော့ပြောင်းသူတွေနဲ့ အတိုက်အခံ အင်အားစုထဲက လက်တွေ့ကျတဲ့ အမြင်ရှိသူတွေ ယုံကြည်မှု တည်ဆောက်နိုင်ရေး ဆွေးနွေးပွဲတွေ ဖြစ်လာစေဖို့ပါ။ ထိုင်းနိုင်ငံကလည်း အိမ်ရှင်အဖြစ် ဒီလိုဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ သဘောတူပါတယ်။ သိပ်မကြာခင် ၂၀၀၄ အောက်တိုဘာလမှာ ဗိုလ်ချုပ်ခင်ညွန့်လည်း အရေးယူ ဖယ်ရှားခံရပါ တယ်။ ဒေါက်တာဇာနည် ကြိုးပမ်းချက်တွေလည်း အရာမထင် ဖြစ်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့ သူ့ကြိုးပမ်းချက်တွေ မအောင်မြင်ဖြစ်ခဲ့ရ သလဲဆိုတာ ပြန်လည်သုံးသပ်ထားတဲ့နေရာမှာတော့ သူပြန်သွားတဲ့သတင်းကို စစ်ထောက်လှမ်းရေးထဲကပဲ တအုပ်က သတင်း ဖောက်ထုတ်ပေးတယ်။ စစ်တပ်ထဲက အချို့အုပ်စုတွေကလည်း ဒီကိစ္စကို ယာယီအမြတ်ထုတ်တဲ့ သဘော လောက်သာ သူ့ကိုသုံးချင်တာပါ။ ရေရှည်မျှော်မှန်းချက် မရှိဘူးလို့ မြင်ပါတယ်။ NLD ပါတီဖက်ကလည်း သူတို့ကို ကျော ပြီး ဘာလုပ်နေတာလဲဆိုတဲ့ သံသယတွေ ၀င်လာခဲ့တယ်။ တဖက်မှာ အနောက်နိုင်ငံက ဖိအားတွေလျော့ဖို့ အချို့အုပ်စု တွေက စလုပ်ဆောင်နေပြီလားဆိုတဲ့ တွေးထင်မှုတွေ ရှိလာတော့ ဆန့်ကျင်ပါတယ်။ တခါ မြန်မာ့ယဉ်ကျေးမှုသဘောအရ ဘယ်လိုလူမျိုးကမှ ကိုယ်စားပြု ဆွေးနွေးသင့်တယ်၊ ဘယ်သူကမှ တော်လှန်ရေး သမားအစစ် စသဖြင့် ကြားဝင်သူရဲ့ အခန်းကဏ္ဍကို တွက်ဆထားကြတာမျိုးတွေနဲ့ ဒေါက်တာဇာနည်က မကိုက်ညီပြန်ပါဘူး။ သူ့အတွက်တော့ သင်ခန်းစာကြီး တခုလို့ ဆိုနိုင်ပါတယ်။ ဒီစာတန်းနောက်ပိုင်းမှာ စစ်တပ်က ယူဆထားတဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုတဲ့ အယူ အဆ အမြင်ကို ဆွေးနွေးရင်း၊ တကယ်တော့ မြန်မာပြည်ရဲ့ ပြဿနာ ဟာ ပြည်တွင်းအရေး တခုမျှသာ မဟုတ်၊ အခု သဘာဝရင်းမြစ်တွေကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှုတွေ ဆက်စပ်နေလေတော့ နိုင်ငံတကာ က ဘယ်လို ဆက် လက်ဆောင်ရွက်ရင် ကောင်းမယ်ဆိုတာမျိုး အကြံပြုတင်ပြခဲ့ကြောင်းပါ ခင်ဗျား။
အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments