Sunday, August 28, 2011
မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၅)
ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာ များနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ မောင်ဇာနည်ရေးသားတဲ့ "ရင်ကြားစေ့ရေး ကိစ္စမှာ အတွင်းကျကျ ပါဝင် ခဲ့သူတယောက်ရဲ့အမြင်"ဆိုတဲ့ ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
မကြာသေးမီကပဲ သမ္မတဦးသိန်းစိန်က အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ အတိုက်အခံနဲ့ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်နိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီးလည်း အမျိုးမျိုးသံသယတွေ၊ ဆွေးနွေးငြင်းခုန်မှုတွေ၊ စိတ်ဝင်စားမှုတွေ ရှိနေကြဆဲပါ။ အခုဆောင်းပါးရေးတဲ့ မောင်ဇာနည်ခေါ် ဒေါက်တာဇာနည်က တချိန်တုန်းက စောပြီး သူ ကိုယ်တိုင် မြန်မာပြည်ပြန်ခဲ့ဖူးပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကိစ္စတွေကို ကူညီပေးနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ပါ။ မောင်ဇာနည်ဆိုတာ ဒေါက်တာဇာနည်လို့ လူသိများကြတဲ့ တချိန်က Free Burma Coalition (မြန်မာပြည်လွတ်မြောက် ရေး ညွန့်ပေါင်းအဖွဲ့) ကို တည်ထောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု၊ ပက်စီ သပိတ် မှောက် ကမ်ပိန်းလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူက သူ့ရဲ့အတွေ့အကြုံတွေကို ပြန်ရေးပြထား တာပါ။
သူက လွတ်လပ်ရေးပြီးတဲ့ နှစ် ၆၀ ကာလမှာ မြန်မာပြည်ရဲ့ ပြဿနာကို ပြန်ကြည့်လိုက်မယ်ဆိုရင် လူအများအပြား ဆင်းရဲ မွဲတေနေတာရယ်၊ ဖက်ပေါင်းစုံပဋိပက္ခတွေ ရှိနေတာရယ်၊ အားနည်းအာဏာမဲ့နေတဲ့ လူထုတွေကို အင်အားကြီးသူက ဖိနှိပ် အုပ်ချုပ်ထားတဲ့ အခြေအနေ၊ အောက်ခြေကနေပြီး အကြမ်းမဖက်ရော-လက်နက်ကိုင်ရောနည်းတွေနဲ့ ပြန်ခုခံ ခံချနေ ရတဲ့ အနေအထားကို တွေ့ရမယ်လို့ဆိုပါတယ်။ မြန်မာ့သမိုင်းတလျှောက် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုတော့ သူကကာလ ၃-ခု ခွဲခြားသတ်မှတ် ဖော်ပြပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးကာစ ကြိုးပမ်းမှု၊ ဒုတိယတခါ ပါလီမာန်အစိုးရအောက်မှာ ဆောင်ရွက်ချက်တွေ၊ တတိယအနေနဲ့ ၁၉၈၈-၈၉ မှာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က တိုင်း ရင်းသားအုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့တာလို့ ဖော်ပြပါတယ်။ ပထမ ၁၉၄၈ လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ခုနှစ်များမှာတော့ လက်ဝဲညီညွတ်ရေးဆိုပြီး ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်အုပ်စုတွေကြား ညှိနှိုင်းပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မအောင်မြင်ပါဘူး။ တခါ ဦးနုဝန်ကြီးချုပ်ဖြစ်တဲ့ ပါလီမာန်အစိုးရခေတ်မှာတော့ မော်ဝါဒီ လက်ဝဲသူပုန်တွေနဲ့ ယာယီအပစ် ရပ်တာမျိုး လုပ်ခဲ့ပြီး၊ တိုင်းရင်းသားသူပုန် အင်အားစုတွေကို ထိုးစစ်ဆင်ဖို့ လက်နက်လူသူ စုဆောင်းခဲ့ပါတယ်။ ငြိမ်းချမ်း ရေးတော့ မဖန်တီးနိုင်ခဲ့ပါဘူး။ တတိယပိုင်းမှာတော့ အခုစစ်အစိုးရတက်လာပြီး တိုင်းရင်းသားအင်အားစုတွေနဲ့ အပစ် အခတ်ရပ်စဲရေး လုပ်တာပါ။ ဒီနေရာမှာ မြန်မာ့တပ်မတော်အဖို့ "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားရပ်ဟာ ကိစ္စ ၂-ခုရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။ တခုက တပ်မတော်ဟာ သမိုင်းပေးတာဝန်အရ တိုင်းပြည်ကိုဦးဆောင်ခွင့်ရှိတယ်။ သူတို့တပ် မတော်ကသာ တစ်စုတစည်းတည်း ညီညွတ်တဲ့ အမျိုးသားရေးအင်အားစုလို့ မြင်နေကြပါတယ်။ နောက်တခုက တိုင်းရင်း သားနဲ့ အတိုက်အခံတွေအဖို့ ငြိမ်းချမ်းရေးဆိုတာ သူတို့တပ်မတော်က ချမှတ်ထားတဲ့ အခြေအနေအတိုင်းလိုက်နာဆောင် ရွက်တာမျိုး ဖြစ်ပါတယ်။ အဲဒါအပြင် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ကြတဲ့ကိစ္စမှာလည်း သူကအဓိကပြဿနာ ၂-ခုကို မြင်ပါတယ်။ တခုက စစ်တပ်က သူတို့ခံယူထားတဲ့အမြင်ပါ။ တချိန်က မြန်မာပြည်က ပြည်တွင်းစစ် ပဋိပက္ခက အယူဝါဒ ရေးရာ၊ လူမျိုးရေးကွဲပြားမှုတွေ စတင်ရတာကြောင့်ဆိုတာတော့ မှန်ပါတယ်။ စစ်တပ်က အခုလိုတိုက်ပွဲတွေကြားမှာ သူတို့ သာလျှင် ထုသားပေသားကျ၊ ရပ်တည်လာနိုင်တဲ့ အဖွဲ့အစည်း အင်စတီကျူးရှင်းလို့ မြင်ထားပါတယ်။ ဒါကြောင့်ပဲ စစ်တပ် က သဘာဝအလျောက် ဦးဆောင်ရမယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက စစ်အစိုးရရဲ့ လုံခြုံရေးပါ။ ဒီလိုစစ်အစိုးရလုံခြုံရေး ဆိုတာလည်း နောက်ပိုင်းမှာ တပ်မတော်ခေါင်းဆောင်တစ်ခု လုံခြုံရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လူနည်းစုလုံခြုံရေးအသွင် ဖြစ်လာခဲ့ရပါတယ်။ စစ်တပ်နောက်ပိုင်းခေါင်းဆောင်၊ အရာရှိကြားထဲမှာလည်း ဒီအယူအဆသွတ်သွင်းလာလိုက်တာ ပိုပြီး ခိုင်လာခဲ့ပါတယ်။ စစ်တပ်မပြိုကွဲရေးက စစ်တပ်ခေါင်းဆောင် လူနည်းစုကြားထဲမှာ အလေးထားရတဲ့ကိစ္စ ဖြစ်လာခဲ့ပါ တယ်။
နောက်တခါ အရေးကြီးတဲ့ကိစ္စတစ်ခုက တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးပါ။ မြန်မာခေါင်းဆောင်၊ ပညာတတ်တွေ အပါအ၀င် မြင်ထားကြတာက မြန်မာ့လွတ်လပ်ရေးကို တိုင်းရင်းသားတွေ ပူးပေါင်းမှုအင်အားနဲ့ ယူခဲ့တယ်ဆိုတာ မမြင်ကြ တော့ပါဘူး။ တချိန်က လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်က ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ တိုင်းရင်းသားအုပ်စုတွေ ပူးပေါင်းနားလည် မှုယူ ကြိုးပမ်းခဲ့ကြတယ်ဆိုတာ သမိုင်းကနေ ဖျောက်လာပါတယ်။ နောက်ပိုင်းမှာတော့ ဗမာအများစုကြီးစိုးတဲ့အစိုးရထဲမှာ ဗမာတွေရဲ့ တဖက်သတ်အမြင်က ပိုလို့ရှေ့တန်းရောက်လာခဲ့ပါတယ်။ ဒီနေရာမှာလည်း ငြိမ်းချမ်းရေးဆိုတာ ဗမာထဲက ခေါင်းဆောင်လူနည်းစုအမြင်သဖွယ် ဖြစ်လာခဲ့ပါတယ်။ တခါ စာရေးသူမောင်ဇာနည်က မြန်မာပြည် ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ ကြားဝင်ဆောင်ရွက် စေ့စပ်ပေးသူတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးပါတယ်။ သူက ယေဘုယျ ပြည်တွင်း-ပြည်ပ အင်အားစုတွေဆိုပြီး ခွဲခြားပါတယ်။ ပြည်ပဆိုတာကတော့ အခု ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေအပါအ၀င်၊ သံတမာန် တွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေပါ။ အိမ်နီးချင်းတရုတ်နဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုးပမ်းခဲ့ကြပါတယ်။ တခါ ပြည်တွင်းက စေ့စပ်ပေးနိုင်ရေးကြိုးပမ်းပေးနိုင်သူတွေကိုတော့ သူက ၂-မျိုး ခွဲခြားမြင်ပါတယ်။ တစ်ခုက ကျွမ်းကျင်နှံ့စပ်တဲ့ စေ့စပ်ကြားဝင် ပေးသူတွေနဲ့ တစ်ခုက အခြေအနေအရ ကြားဝင်ဆောင်ရွက်ရသူတွေဆိုပြီး ဖြစ်ပါတယ်။ တကယ်ကျွမ်းကျင် နှံ့စပ်တဲ့ ကြားဝင် ဖြန်ဖြေသူဆိုတာကတော့ ဒီကိစ္စမှာ စနစ်ကျနတဲ့လေ့ကျင့်သင်ကြားမှုမျိုး ရထားသူပါ။ ပဋိပက္ခတွေ ဘယ်လို အသွင်ပြောင်း လာတတ်သလဲ၊ ဘယ်လိုပြေလည်မှု ရတတ်သလဲ၊ ဘယ်လိုထိန်းသိမ်းကိုင်တွယ်နိုင်မလဲ ဆိုတာ လေ့လာသိရှိ နှံ့စပ်ကြသူ တွေပါ။ အခြေအနေအရ ၀င်ရောက်ဆောင်ရွက်ရသူတွေ ဆိုတာကတော့ သူ့ရဲ့ လူမှုရေး၊ အခြားအခြေ အနေတွေကြောင့် လေးစားခံရပြီး ၀င်ရောက်လုပ်ကိုင်ပေးကြရသူတွေ ဖြစ်ပါတယ်။ ဥပမာ-ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေ၊ တက္ကသိုလ်ပါမောက္ခ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေ၊ စစ်တပ်အရာရှိဟောင်းတွေ ပါဝင် တတ်ပါတယ်။
စာရေးသူ မောင်ဇာနည်ကတော့ နှစ်ဖက်က ခေါင်းဆောင်တွေချည်း ဆွေးနွေးမှုတွေအပြင်၊ second track လို့ခေါ်တဲ့ ခေါင်းဆောင်အဆင့်မဟုတ်တဲ့ အခြားချည်းကပ်ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလိုနဲ့ စစ်အုပ်စုက အလယ် အလတ်အဆင့် ခေါင်းဆောင်တချို့နဲ့ စတင်ဆွေးနွေးနိုင်ဖို့ သူကြိုးပမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၄ ခုနှစ်၊ မေလမှာ လူပြောသူ ပြောများတဲ့ မြန်မာပြည်ခရီးကို သူသွားခဲ့ပါတယ်။ သူရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ရသလို၊ အခုအချိန်မှာတော့ စစ်အစိုးရ ကြိုးပမ်းမှုတွေကို အတော်ဝေဖန်တဲ့ ဆောင်းပါး၊ စာတန်းတွေလည်း ပြန်ရေးသားနေတာ တွေ့ရပါတယ်။ အခုဆောင်းပါးရဲ့ အောက်ခြေမှတ်စု တစ်နေရာမှာ ကျနော့်နာမည်ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီကိစ္စတွေမှာ ကျနော်လည်း တစ်ပိုင်း တစ်ကဏ္ဍ ပတ်သက်ခဲ့ဖူးတာ ရှိပါတယ်။ နောက်တစ်ပတ်မှာတော့ မောင်ဇာနည်ခရီးစဉ်မှာ ဘယ်လိုကြုံတွေ့ခဲ့ရ သလဲဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment