Pages

Saturday, August 20, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၄)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ ဒေါက်တာကျော်ရင်လှိုင်ရေးသားထားတဲ့ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေးပြဿနာများ ဆိုတဲ့ ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒီစာအုပ်မှာ City University of Hong Kong က လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က မြန်မာနိုင်ငံ အမျိုး သား ရင်ကြားစေ့ရေးပြဿနာများဆိုတဲ့ ဆောင်းပါးကို တင်ပြထားပါတယ်။ သူက မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့ အင် အားစုကြီးဆိုလို့ အဓိက အားဖြင့် စစ်အစိုးရရယ်၊ ဒီမိုကရေစီအင်အားစုတွေကို ကိုယ်စားပြုထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရယ်၊ တိုင်းရင်းသားအုပ်စုတွေရယ် ရှိနေတယ်လို့ ဖော်ပြပါတယ်။ NLD နဲ့ စစ်အစိုးရက ၁၉၈၈ အပြီး မှာ တချိန်တည်းလောက် ပေါ်ပေါက်လာတာပါ။ တိုင်းရင်းသားအုပ်စုတွေနဲ့ ပဋိပက္ခကတော့ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပြီး ဆယ်စုနှစ်များစွာ ကြာရှည်နေပြီ ဖြစ်ပါတယ်။ NLD နဲ့ စစ်အစိုးရ ကြားထဲမှာ ထင်ရှားတဲ့နိုင်ငံရေးအရ သင့်မြတ်ရေး အတွက် ထူးခြားတဲ့ ရှေ့တိုးဆောင်ရွက်မှုတွေ နှစ်ဖက်စလုံးက မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့တွေ နဲ့ တော့ အပစ်အခတ်ရပ်စဲရေးတချို့ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အစိုးရဖက်ကတော့ လမ်းပြမြေပုံ ၇-ချက်ပြဌာန်းမှု အောက် မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နိုင်တယ်လို့ ဆိုပေမယ့်၊ ကျန်တဲ့အင်အားစုတွေ လိုချင်တာက ဒီအဖြေ မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ၂၀၀၉ ခုနှစ်၊ သြဂုတ်မှာ ကိုးကန့်တိုင်းရင်းသားအုပ်စုတွေနဲ့ ပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့ ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ဆိုပြီး ကျန်တဲ့ အပစ်ရပ်အဖွဲ့တွေကို ဖိအားပေးလာလိုက်တာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာလည်း အများအမြင်ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်၊ နှစ်လယ်လောက်မှာ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်ရုပ်သိမ်းရေး ကူညီပေမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့်၊ မကြာခင်မှာပဲ ဂျွန် ယက်တောကိစ္စကို အကြောင်းပြုလို့ အိမ်ချုပ်သက်တန်းထပ်တိုးတာ တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲသည်တော့ အင်အားစု တိုင်းက ပြန်လည် သင့်မြတ်ရေးကို ပြောဆိုတောင်းဆိုနေကြပေမယ့် အလှမ်းဝေးနေဆဲ ဖြစ်ရတယ်လို့ စာရေးသူက သုံးသပ် ထားပါတယ်။

ဒီနောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ စစ်အစိုးရ ဖြစ်စေချင်တဲ့အတိုင်း စစ်အစိုး ရ လိုလားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရပါတယ်။ တင်းကျပ်လွန်းတဲ့ ရွေးကောက်ပွဲစည်းမျဉ်းဥပဒေတွေကြောင့် NLD က ရွေးကောက်ပွဲဝင်ဖို့၊ ပါတီမှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီစာတန်းက ၂၀၁၀ ခုနှစ်က ရေးထားတာဖြစ်တော့ စောနေပြီး၊ အခု အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် အခုဆွေးနွေးပွဲတွေကိုတော့ လွှမ်းခြုံသုံးသပ်ထားတာ မရှိပါဘူး။ အခုပဋိပက္ခတွေမှာ ဖက်အသီးသီးက သမိုင်းဝန်ထုပ်ဝန်ပိုးတွေ လွယ်ထားကြလေတော့၊ စာရေးသူက ဒီသမိုင်း နောက်ခံတွေကို ပြန်တင်ပြပါတယ်။

၁၉၉၀ ပြည့်နှစ် စစ်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ NLD က အနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာဏာလွှဲမပေးခဲ့ပါ ဘူး။ အဲဒီနောက်ပိုင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၃ ကြိမ်တိုင်တိုင် အိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ စစ် အစိုးရက သူတို့တရားမ၀င်တာဝန် ယူထားရတော့ တရားဝင်မှုလိုချင်ပါတယ်။ တဖက်က NLD ပါတီကလည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်ထားရတာ ဟာ တရားဝင်မှုအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ တယောက်ရဲ့တရားဝင်မှု ကို တယောက်က ချေဖျက်သလိုကြိုးပမ်း ခဲ့ကြတယ်လို့ စာရေးသူက သုံးသပ်ထားပါတယ်။ ဒီအချိန်မှာ စစ်အစိုးရဖက်မှာ လည်း သူ့တို့အတွင်း အုပ်စုပြဿနာတွေ ရှိနေခဲ့ပါတယ်။ အထူးသဖြင့်တော့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်နဲ့ ထောက်လှမ်းရေးအုပ်စုကို နောက်ပိုင်းမှာ ဖြုတ်ထုတ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ စစ်အုပ်စုခေါင်းဆောင်တွေ ဖက်ကတော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြဿနာရှာနေသူတွေလို့ မြင်ပါ တယ်။ တဖက်နဲ့ တဖက်ပူးပေါင်းလုပ်ဆောင်ဖို့ အစား အရင်တချိန်က သူပြုတ်-ကိုယ်ပြုတ်နည်းနဲ့ ရှင်းနေခဲ့ကြပါတယ်။

ဆန်ရှင် ပိတ်ဆို့မှုတွေ လွတ်မြောက်စေဖို့ ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်ဟာ အရင် ချည်းကပ်ပုံကနေ လမ်းခွဲထွက်လာတယ် ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် အစိုးရနဲ့နီးစပ်တယ် ဆိုတဲ့သူတွေအဆိုအရ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတောင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်မှုနေရာ ဘယ်လိုနည်းနဲ့မှ မပေးနိုင်ဘူးလို့ ဗိုလ်ချုပ် သန်းရွှေဖက်က မြင်ထားတယ် လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား ပဋိပက္ခမှာတော့ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်ကတည်းက တိုက်ပွဲဝင်လာကြ တာပါ။ တိုင်းရင်းသားခေါင်းဆောင်တွေက တချိန်အင်္ဂလိပ်ကိုလိုနီ လက်အောက်မှာ သူတို့အပေါ် ပြုမူဆက်ဆံပုံက အခု ဗမာ အများစု အစိုးရလက်ထက် ထက် သာတယ်လို့ မြင်ကြပါတယ်။ တခါ ဗဟိုအစိုးရက ခွင့်ပြုထားတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုး စီးပွား အခွင့်အရေးတွေက မမျှတဘူး။ သူတို့နစ်နာခံစားနေကြရတယ်လို့ မြင်ကြပါတယ်။ မြန်မာနိုင်ငံမှာ တချိန်က သမ္မတ ဖြစ်ခဲ့ဖူးတဲ့ စ၀်ရွှေသိုက်က တခါက ပါလီမာန်အစည်းအဝေးတခုမှာ အခုလို သူတို့တိုင်းရင်းသားတွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ချို့တဲ့နေရမယ့် အခြေအနေ ကြိုသိခဲ့မယ်ဆိုရင် သူပင်လုံစာချုပ်ကို လက်မှတ်မထိုးခဲ့ဘူး ဆိုတာ မျိုး ပြောခဲ့ပါသေးတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲတော့ တိုင်းရင်းသား တွေအကြိုက် ပြည်နယ်တွေ တိုးချဲ့ဖွဲ့စည်းပေးခဲ့တာမျိုး ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် တပါတီစနစ်အောက်မှာ ဖက်ဒရယ်ပြည်ထောင်စုသဘောထက်စာရင်၊ တပြည်ထောင်စနစ်ပုံစံသွားနေလို့ ပဋိပက္ခတွေက မပြေလည်သွားခဲ့ပါဘူး။ နယ်စပ်က စစ်ပွဲတွေမှာလည်း ပိုဆိုးစေတာက စစ်တပ်က တိုင်းရင်းသားတွေအပေါ် ညှဉ်းပမ်းဖိနှိပ် မှု မျိုးစုံ ရှိခဲ့ပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး တိုင်းရင်းသားအင်အားစုတွေ အချို့ကို ထိန်းသိမ်း နိုင်ပေမယ့်၊ အခုအချိန်တိုင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားခွင့်၊ ယဉ်ကျေးမှုကိစ္စတွေ လွတ်လပ်စွာ မလုပ်ဆောင် နိုင်သေးဘဲ ရှိနေပါသေးတယ်။ နိဂုံးအနေနဲ့ကတော့ စစ်အစိုးရကလည်း သူ့အာဏာကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေ ဆဲ၊ တခါ ပဋိပက္ခဖြစ်နေတဲ့ အုပ်စု တွေကြားမှာလည်း သံသယကြီးနေပြီး၊ ယုံကြည်မှုက အတော့်ကိုနည်းနေပါသေးတယ်။ အခု ရွေးကောက်ပွဲနောက်ပိုင်းမှာ ချက်ချင်း ဒီမိုကရေစီစနစ်ကို မရောက်နိုင်ပေမယ့်၊ နိုင်ငံရေး နယ်ပယ်ပိုမိုကျယ်ပြန့်လာ ကောင်းပါရဲ့ မျှော်လင့်ချက် ထားကြသူ တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေသစ်အောက်မှာ အခုအင်အားစုတွေ က ဘယ်လိုကိုင်တွယ် ချည်းကပ်ကြ မလဲဆိုတာ မေးခွန်းထုတ်ရင်း နိဂုံးချုပ်ခဲ့ကြောင်းပါခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments