ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ Lex Rieffel ခြုံငုံသုံးသပ်ထားတဲ့ ပြည်ပ နိုင်ငံ/အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ်ရှိနေတဲ့ စိတ်ဝင်စားမှု၊ အကျိုးစီးပွားတွေအကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာနိုင်ငံဟာ အထီးကျန်နေထိုင်နေတယ်ဆိုတာတောင်မှ ဂလိုဘယ်လိုက်ဇေးရဲ့ လက်တံက ဘယ်လောက်အထိ အလှမ်းကျယ်တယ် ဆိုတာ ပြသနေတယ်လို့ အခုစာတန်းတွေကို ခြုံငုံသုံးသပ်ထားတဲ့ Lex Rieffel က ရေးပါတယ်။ မြန်မာ နိုင်ငံမှာ ပြည်ပနိုင်ငံတွေ၊ အဖွဲ့ အစည်းတွေက နည်းပေါင်းစုံနဲ့ စိတ်ဝင်စားမှုတွေ၊ အကျိုးစီးပွားတွေ ရှိနေကြပါတယ်။ ရန်ကုန်ကနေ ထိုင်ကြည့်နေတယ်ဆိုရင်တောင် အခြားအင်အားကြီးနိုင်ငံတွေရဲ့ သြဇာသက်ရောက် လွှမ်းမိုးမှုကိုခံစားနေရပါ တယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်နဲ့ ပတ်သက်ရင် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုတို့က အထူးအရေးပါပါတယ်။ တခါ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အာဆီယံ အရှေ့တောင် အာရှနိုင်ငံများအသင်း၊ ကုလသမဂ္ဂ၊ ဂျပန်တို့ကလည်း တနည်းတဖုံ အရေးပါပြန် ပါတယ်။ နိုင်ငံတကာကုမ္ပဏီကြီးတွေဖြစ် တဲ့ ပြင်သစ်က တိုတယ်၊ မလေးရှားက ပီထရိုနာ့စ်၊ တောင်ကိုရီးယားက ဒေ၀ူးတို့ကလည်း မြန်မာ့အရေးမှာ တခန်း တကဏ္ဍ သြဇာရှိနေကြပါတယ်။ အဲဒါတင်မက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အဲန်ဂျီအိုတွေဖြစ်တဲ့ လူ့အခွင့် အရေးကဏ္ဍမှာ ဆိုရင် Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့၊ Save The Children ကလေးများ ကယ် ဆယ်ရေးအဖွဲ့တွေက လှုပ်ရှားနေကြသလို၊ မြန်မာ့အရေးအတွက် အတိုက်အခံအဖြစ် လှုပ်ရှားနေကြတဲ့ ဒီဗွီဘီ မြန်မာ့ အသံ၊ ယူရို-ဘားမားရုံး၊ စတာတွေကလည်း မြန်မာ့အရေးကို တနည်းတဖုံ ပုံသွင်းနေကြပါတယ်။ ပိုပြည့်စုံအောင်ထည့် သွင်းရမယ်ဆိုရင် သြစတြေလျ၊ (EU) ဥရောပသမဂ္ဂတို့ကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ လက်စ်က ဆိုပါတယ်။
ဒီစာအုပ်ထဲက နောက်ပိုင်းတင်ပြကြတဲ့သူတွေထဲမှာ တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်က ပညာရှင် လီချင်ယန်းကတော့ တရုတ်ရဲ့ စိတ်ဝင်စားမှုအကြောင်းကို ရှင်းပြပါတယ်။ တရုတ်က သူတပါးနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးမူ ကို ခိုင်ခိုင်မြဲမြဲ ကိုင်ထားတယ် ဆိုပါတယ်။ ဒါပေမယ့် သူတို့က အနောက်တိုင်းပုံစံဒီမိုကရေစီကို မြန်မာပြည်မှာ ချက်ချင်းချ ကျင့်သုံးရင် ဒုက္ခကြုံရနိုင် တယ်လို့လည်း မြင်ကြပါတယ်။ ဒါကိုတော့ တခြားပညာရှင်တွေက လက်ခံဖို့ ခက်ပါလိမ့်မယ်။ တရုတ်က မြန်မာပြည်မှာ "တည်ငြိမ်တဲ့၊ ဒီမိုကရေစီရှိတဲ့၊ ဖွံ့ဖြိုးတဲ့၊ စည်းလုံးသင့်မြတ်တဲ့ နိုင်ငံတခု" အဖြစ် မြင်ချင်ပါတယ်။ ဒီလိုပြောနေပေမယ့် ပါမောက္ခလီချင်ယန်းက စိုးရိမ်ချက် ၂-ခု ရှိနေပါတယ်။ အပေါ်က မူဝါဒကို လက်တွေ့အကောင် အထည်ဖော်တဲ့နေရာမှာ အောက်ခြေတရုတ် ဗျူရိုကရေစီက ကွဲပြားနေတဲ့ လုပ်ကိုင်ပုံတွေရယ်၊ နောက်တခုက တရုတ် စီးပွားရေးလုပ်ငန်းတွေက မြန်မာ့သဘာဝရင်းမြစ်တွေကို အလွန်အကျူး ထုတ်ယူ ခေါင်းပုံဖြတ်နေကြတဲ့ ကိစ္စပါ။ တရုတ်နဲ့ မြန်မာ စစ်ရေးပူးပေါင်းမှုတွေရှိပေမယ့်၊ မြန်မာပြည်မှာ စစ်အခြေစိုက်စခန်းမရှိပါဘူးလို့ သူက အခိုင်အမာပြောပါတယ်။ တခုက မြန်မာပြည်က ပဋိပက္ခဟာ အနောက်နိုင်ငံတွေက ပြောနေကြသလို ဒေသတွင်းနဲ့၊ နိုင်ငံတကာ လုံခြုံရေးကို ခြိမ်း ခြောက်မှု ရှိမနေပါဘူးလို့ သူတို့က မြင်ထားပါတယ်။
အိန္ဒိယထောက်လှမ်းရေးဌာနက ပညာရှင် ဂါမိကန်ဝေါ (Gurmeet Kanwal) ကတော့ ဒီလိုမမြင်ပါဘူး။ တရုတ်က ပုလဲကုံး ဗျူဟာ လို့ခေါ်တဲ့ အိန္ဒိယကို ပုလဲတလုံးချင်းနဲ့ ၀ိုင်းပတ်ထားသလို၊ အိန္ဒိယက အင်အားမကြီးလာနိုင်အောင်၊ ဟန့်ထားနိုင်အောင် တရုတ်က ကြံနေတယ်လို့ မြင်ထားပါတယ်။ အဲဒီတော့ မြန်မာပြည်အရေး အိန္ဒိယစဉ်းစားချက်က တရုတ်သြဇာလွှမ်း မိုးလာမှုကို တန်ပြန်ရေး ဖြစ်လာပါတယ်။ အဲဒါအပြင် အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ စိတ်ဝင်စားမှုတွေက အိန္ဒိယသမုဒ္ဒရာ ပြင် လုံခြုံရေး၊ ကုန်သွယ်-စီးပွားတိုးချဲ့ရေးနဲ့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ရေနံ ရရှိရေး၊ နောက်ပိုင်းမှာ အိန္ဒိယ အရှေ့ မြောက်ဒေသက သူတို့သူပုန်တွေရန်ကို စိုးရိမ်မှုတွေနဲ့အတူ မြန်မာအစိုးရနဲ့ ကာကွယ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တွေပါ လုပ်လာခဲ့ပါတယ်။ အခုအခါမှာ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ သူတို့ချည်းကပ်ပုံက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာက အပေါ်စီးယူ ဝေဖန်ပြောဆိုနေတာမျိုး မဟုတ်တော့ဘဲ၊ စီးပွားရေးနဲ့ ဗျူဟာကျတဲ့ ရည်ရွယ်ချက်တွေအပေါ် လက်တွေ့ဆက် ဆံရေးက ပိုကဲလာပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ တမျိုးတဘာသာပါ။ မြန်မာနဲ့ဝေးနေပေမယ့် မြန်မာ့အရေးအတွက် ပိုလို့သြဇာသက်ရောက်မှု ရှိနေပါ တယ်။ အကြောင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု အဖွဲ့တွေ၊ ကုလသမဂ္ဂ စသည် တို့က ကောင်းကောင်းတိုက်တွန်း စည်းရုံးမှုတွေက သက်ရောက်မှုရှိတာကို ပြနေတယ်လို့ ဆိုပါတယ်။ စစ်အေးတိုက်ပွဲ ကာလက အမေရိကန်က အခြားအရေးတွေနဲ့ ရှုပ်နေလို့ မြန်မာဆိုတာ ထည့်စဉ်းစားမှုတောင် မရှိသလောက်ပါ။ မြန်မာ့ အရေးက ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ပိုလို့ရှေ့တန်း ရောက်လာ တာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပေါ်မှာ အာဏာ မလွှဲတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရရဲ့ ဆိုးရွားတဲ့ ပြုမူမှုတွေကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဒဏ်ခတ် အရေးယူတာတွေ စတင်လာခဲ့ပါတယ်။ အမေရိကန်ပြည်ရဲ့ မြန်မာ့အပေါ် မူဝါဒက လွယ်လွယ်ပြောရင် ဒဏ်ခတ်ပိတ်ဆို့ မှု (ဆန်ရှင်) နဲ့ လော်စပီကာလို အော်နေတဲ့ (မဂ္ဂါဖုံး) သံတမာန်ရေးလို့ စာရေးသူက ချုပ်ပြီး ဖော်ပြပါတယ်။ စစ်အစိုးရက ပြောင်းလဲမှုတွေမတွေ့ရတော့ တဖြည်းဖြည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကျပ်လာရင်း၊ Regime change လို့ခေါ်တဲ့ အစိုးရဖြုတ်ချပြောင်းလဲရေးအသွင် အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ အိုဘားမားသမ္မတဖြစ်လာတဲ့အခါ မြန်မာပြည်အပေါ်မှာ လက်တွေ့ကျတဲ့ ချည်းကပ်မှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ စဉ်းစားမှုတွေ ရှိလာခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း တနည်းတကဏ္ဍ အရေးပါပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး လူ့အခွင့်အရေးအခြေအနေကို ပြစ်တင်ရှုံ့ချတဲ့ ဆုံးဖြတ် ချက်တွေ ဆက်တိုက်နှစ်စဉ် ချမှတ်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ကုလသမဂ္ဂက ဒီမိုကရေစီ၊ လူ့အခွင့် အရေးကိစ္စတွေ တိုးတက် လာစေဖို့၊ လူသားချင်းစာနာမှု ရှုထောင့်ကဆိုရင် ဆင်းရဲမွဲတေမှုကို ကျဆင်းစေဖို့၊ ကူညီပေးဖို့ ချည်းကပ် တိုက်တွန်းနေကြတာပါ။ အလုပ်မဖြစ်ပေမယ့်လည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ရာဇလီ အစ္စမိုင်။ အီဗရာဟင် ဂမ်ဘာရီ၊ အခုနောက်ဆုံး ဘီဂျေး နမ်ဘီးယားအထိ ကိုယ်စားလှယ်လွှတ်လို့ ပဋိပက္ခတွေ ပြေလည်စေရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ တိုက်တွန်းလာခဲ့တာပါ။ အဲသလိုပဲ ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းတွေက မြန်မာ့ အရေးမှာ အပြောင်းအလဲတွေအတွက်ရော၊ သူတို့အကျိုး၊ စိတ်ဝင်စားမှု ကိစ္စတွေ အတွက်ပါ လှုပ်ရှားနေကြတဲ့အကြောင်း ခြုံငုံသုံးသပ်တင်ပြခဲ့ပါတယ် ခင်ဗျား။ နောက်တပတ်မှာတော့ အခုစာအုပ်ထဲက ဒေါက်တာ ကျော်ရင်လှိုင်ရဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေးပြဿနာများဆိုတဲ့ ဆောင်းပါးကို တင်ပြပါ့မယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment