Pages

Sunday, August 7, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၂)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma:Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာ ရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ Lex Rieffel ခြုံငုံ သုံးသပ်ထားတဲ့ မြန်မာ ပြည်တွင်း ပြဿနာတွေအကြောင်း တင်ပြမှာ ဖြစ်ပါ တယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒီစာအုပ်က ၂၀၁၀ ခုနှစ်မှာမှ ထုတ်ဝေတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေပြီးရင် အပြောင်းအလဲတွေ ဖြစ်လာ တော့မှာလားဆိုတဲ့ ခန့်မှန်းချက်လေထုတွေ ဖြစ်ပေါ်နေချိန်ကာလပါ။ ဒီစာအုပ်အဖွင့်မှာ အခုစာအုပ် ဖြစ်လာစေမယ့် ဆယ်မီ နာ အစည်းအဝေးကို စီစဉ်သူ Lex Rieffel (လက်စ် ရစ်ဖယ်) ရဲ့ ခြုံငုံသုံးသပ်ချက်ကို ဖော်ပြထားပါတယ်။ သူကမြန်မာပြည် ရဲ့ မူလတရားကိုယ် ပြည်တွင်းထဲက ပြဿနာတွေဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စီးပွားရေး နလံထူ လာစေဖို့ ကိစ္စတွေ၊ ပြည်ပနိုင်ငံတွေက စိတ်ဝင်စားနေမှု အကျိုး စီးပွားကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာတွေကတော့ အများကြီးပါ။ မြန်မာ့လူမှုအသိုင်းအ၀ိုင်းက ကောင်းကောင်း ချော ချောမွေ့မွေ့ လည်ပတ်နေတယ်ဆိုတာ ရှာကြည့်ဖို့တောင် အတော်ခက်လှပါတယ်။ တိုင်းပြည်ကို ဦးဆောင်နေ တယ် ဆိုတဲ့တပ်မတော် (စစ်တပ်) တောင် ခြောက်ပြစ်ကင်း သဲလဲစင် ချောချောမွေ့မွေ့လည်ပတ်နေတာ မဟုတ် ဘူးလို့ လက်စ်က ဆိုပါတယ်။ ဒါပေ မယ့် ဒီပြဿနာအများထဲက အရေးကြီးတဲ့ မြန်မာပြည်က အမျိုးသား ရင်ကြားစေ့ရေးပြဿနာ၊ စီးပွားရေး အကျပ်အတည်း ကိစ္စတွေကိုပဲ အသားပေးတင်ပြခဲ့ပါတယ်။

သူက ဒေါက်တာကျော်ရင်လှိုင် ဆွေးနွေးချက်ကို အနှစ်ချုပ်သုံးသပ်ပြီး ပြန်ဖော်ပြထားတာကတော့ မြန်မာ နိုင်ငံမှာ စစ်တပ် ရယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရယ်၊ တိုင်းရင်းသားအုပ်စုတွေက Zero-sum ဗျူဟာနဲ့ သွားနေကြတယ်လို့ သုံးသပ်ထားပါတယ်။ Zaro-sum ဗျူဟာဆိုတာက ခပ်လွယ်လွယ်ရှင်းပြရရင် တဖွဲ့ဖွဲ့ချုပ်ငြိမ်းမှ ပြဿနာအေးမယ်ဆိုတဲ့ သဘော ပြောလို့ရပါတယ်။ ဒီအဖွဲ့တွေအားလုံးက သူတို့ရည်ရွယ်ချက် အထမြောက်စေရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေ ကြတယ်။ ရလဒ်အဓိကသဘောမျိုး လုပ်ဆောင်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဒီပြဿနာတွေ ပြေလည်ဖို့ဆိုရင် စစ်တပ်က သူ အာဏာဆက်လက်တည်မြဲရေး လုပ်ဆောင်နေ တာထက်စာရင်၊ ပြဿနာတွေကို အဓိကထားဖြေရှင်းတာမျိုး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ "အမျိုးသား ပြန်လည်သင့်မြတ်ရေး"ဆိုတဲ့ အပေါ်မှာ မြန်မာပြည်သူတွေရဲ့ အမြင်က လက်ရှိ စစ်အုပ်စုအောက် မှာတော့ ဖြစ်နိုင်ဖွယ် မရှိဘူး၊ ဒီမိုကရေစီစနစ်အောက်မှာမှသာ ပြေလည်နိုင်မယ်လို့ ထင်မြင်ယူဆထားကြ ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရနိုင်ဖို့ အခွင့်အခါကောင်းတွေ ရှိခဲ့ဖူးပါတယ်။ စာရေးသူ ကတော့ ၁၉၄၆-၄၇ နိုင်ငံသစ် ထူထောင်နိုင်ဖို့ ဆွေးနွေးနေကြတဲ့ ကာလ၊ ပင်လုံစာချုပ် ချုပ်ဆိုနိုင်တဲ့ အခြေ အနေပါ။ ဒါပေမယ့် မကြာခင် မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင် ဆန်း လုပ်ကြံခံရပါတယ်။ နောက်ပိုင်း ပြည်တွင်းစစ်တွေ၊ တရုပ်ဖြူ ကျူးကျော်စစ်တွေကြောင့် ဒီကတိက၀တ်တွေလည်း အထမမြောက် ဖြစ်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း စစ်အာဏာသိမ်း အစိုးရလုပ်တော့ သူက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အတော့ကို ပွင့်လင်းတဲ့ ဟန်နဲ့ ၂-နှစ်ကျော်ကြာ ဆွေးနွေးတိုင်ပင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြီး ၁၉၇၄ ခုနှစ်မှာ ပြခဲ့ပါတယ်။ ဒါပေ မယ့် နိုင်ငံတော်က ဦးဆောင်တဲ့တပါတီထဲက စိုးမိုးထားတာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။ တခါ ၈၈ လူထုအုံကြွမှုကြီးတွေ ဖြစ်တော့ တပါတီ ဆိုရှယ်လစ်အစိုးရ ဇာတ်သိမ်းခဲ့ရပါတယ်။ နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရ န၀တ/နအဖက ဖွဲ့စည်းပုံအရ တရားဝင်ဖြစ်လာစေရေး၊ တဖက်မှာ တိုင်းရင်းသား အင်အားစု တွေနဲ့ကျတော့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သုံးသပ် ပါတယ်။ ဒါပေမယ့် (နအဖ) စစ်အစိုးရက သိသာတဲ့ ခြေလှမ်းတွေ ထပ်လှမ်းချင်တဲ့ပုံ မရှိပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြီးလို့ ရွေးကောက်ပွဲသာ ပြီးသွားတယ်။ သူတို့ ထင်သလို တရားဝင်မှု၊ နိုင်ငံတကာ အသိအမှတ်ပြုမှုကို မရယူနိုင်ပါ ဘူး။ ရွေးကောက်ပွဲပြီး တက်လာတဲ့အစိုးရ၊ လွှတ်တော်သစ်က လည်း အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အကျယ်ပြန့် စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို ချက်ချင်းလက်ငင်း ထအကောင်အထည် ဖော်နိုင်မဲ့ပုံ မမြင်ရပါဘူး။ တိုင်းရင်းသားတွေ နဲ့ သင့်မြတ်ရေးကိစ္စမှာလည်း အခုအခြေ အနေက ၁၉၄၈ က အခြေအနေထက်စာရင် ဘာမှ ထူးခြားပြီး တိုးတက်လာတာ မရှိဘူး။ သံသယတွေ၊ မယုံကြည်မှုတွေက အမြစ်လို တွယ်နေကြဆဲပါ။

တဖက်မှာ စီးပွားရေးဖက်မှာလည်း ပြောရရင် မြန်မာနိုင်ငံရဲ့ ပြဿနာဟာ နိုင်ငံရေးလို့ အပြင်ကလူတွေ မြင်ကြ ပေမယ့်၊ စီးပွားရေးအရ ၀မ်းနည်းကြေကွဲဖွယ်အဖြစ်တွေကမှ ပိုလို့ဆိုးရွားပါတယ်လို့ စာရေးသူက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ သယံ ဇာတကြွယ်ဝသလို၊ တချိန်က ကမ္ဘာ့ဆန်အိုးကြီးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စီးပွားရေးအရ စွမ်းဆောင်ရည်ညံ့ဖျင်း ပြီး သူများနောက်ကျန်လာလိုက်တာ၊ နောက်တန်းကို ရောက်နေပါပြီ။ ပြီးခဲ့တဲ့ နှစ်-၂၀ ကာလ စီးပွားရေးအကျိုးအမြတ် တွေကို ပြန်ကြည့်တော့လည်း စစ်အစိုးရနဲ့ လက်တဆုပ်စာ လူနည်းစု စီးပွားရေးသမားတွေသာ အကျိုးခံစားရတာ တွေ့ရ ပါတယ်။ ပြည်တွင်းစစ်ကြောင့်၊ စီးပွားရေး စွမ်း ဆောင်ရည် ညံ့ဖျင်းတာတွေအပြင် အခုအခါ မြန်မာပြည်က "သဘာဝရင်းမြစ် ကြောင့် ကျိန်စာသင့်ရသလိုမျိုး" ဖြစ်နေပြီလို့ ဆိုထားပါတယ်။ သူဆိုလိုတာက အာဖရိကစိန်ထွက်တဲ့ နိုင်ငံတွေ၊ ရေနံထွက် တဲ့ နိုင်ငံတွေမှာ တွေ့ရသလိုမျိုး၊ သဘာဝအရင်းအမြစ်ရောင်းကုန်အပေါ်မှာ အလွန်အကျွံ မှီခိုတာရယ်၊ အဲဒီရင်းမြစ်တွေကြောင့် ပဋိပက္ခတွေပိုကြီး၊ စစ်တွေဖြစ်၊ လူတစုက ကျိကျိတက် ချမ်းသာနေပေမယ့် လူများစုကြီးက ဆင်းရဲတွင်းနက် နေရတဲ့ အခြေအနေမျိုးပါ။

အခုမြန်မာ့ စီးပွားရေးအခြေအနေကို ၃-ပိုင်း ခွဲမြင်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ပြည်တွင်းမှာဆိုရင် အဓိက ကျ တာက ဆန် စပါးလယ်ယာလုပ်ငန်း၊ ကမ်းလွန်မှာတော့ ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်နေတာတွေ၊ တောင်တန်း ဒေသမှာတော့ ကျွန်း သစ်ထုတ်လုပ်နေတာတွေ ဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာ့စီးပွားရေးကို သုံးသပ်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ မူးယစ်ဆေးဝါး၊ အခြေခံ အဆောက်အဦတွေ အခြေအနေကလည်း ထည့်သွင်းစဉ်း စားဖို့ အရေးကြီးတယ်လို့ စာရေးသူက ဆိုထားပါတယ်။ မြန်မာ့လယ်ယာကဏ္ဍက သွင်းအားစုဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးကောင်းမျိုးသန့် မရတာ၊ အစိုးရ ထောက်ပံ့မှုနည်းပြီး ချေးငွေတွေ မရတာကြောင့် ထုတ်လုပ် နိုင်စွမ်းထက် အများကြီးနိမ့်ပါးနေရပါတယ်။ သဘာဝဓာတ်ငွေ့ တွေရောင်းနေတာကြောင့်တော့ နိုင်ငံခြားငွေ ပိုရလာတာတော့မှန်ပါတယ်။ ရေအားလျှပ်စစ်တွေထုတ်ပြီးလည်း နိုင်ငံခြားကို ရောင်းနေပါသေးတယ်။ တရုတ်ပြည်ကို ပို့ဖို့ မြန်မာပြည်ကို ဖြတ်သွားမယ့် ဓာတ်ငွေ့-ရေနံပိုက်လိုင်းပြီးရင် နိုင်ငံခြားငွေက ပိုတိုးရလာ ဦးမှာပါ။ ဒီငွေတွေကြောင့် အနည်းဆုံး စစ်အစိုးရကို အသက်ဆက်ထားနိုင်တယ်လို့ ဆိုပါတယ်။ တခါ သစ်တော တွေလည်း အလွန်အကျူးခုတ်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် သစ်က ၀င်ငွေတွေကို ပြည်သူတွေ ခံစားရတာ ထက်စာ ရင် တောတောင်တွေကို ထိန်းထားတဲ့ စစ်တပ်တိုင်းမှူးတွေ၊ တိုင်းရင်းသားလူနည်းစု အုပ်စုခေါင်းဆောင် တွေကပဲ ပိုပြီး မြိုးမြိုးမြက်မြက်ခံစားခဲ့ကြရပါတယ်။ ပွင့်လင်းမြင်သာတဲ့ စနစ်ရှိမနေတဲ့အတွက် ဖြစ်ပါတယ်။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြတဲ့ ပြည်ပနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအပေါ် ခြုံငုံ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments