Pages

Friday, July 29, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma:Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံက ပညာရှင်တွေ၊ နိုင်ငံ တကာက လေ့လာနေသူ ပညာရှင်တွေ ပါဝင်သုံးသပ်ထားကြတဲ့ စာတမ်းတွေ ပေါင်းစုဖော်ပြထားတဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ် အကြောင်းနဲ့ စတင်ဖြစ်ပေါ်လာပုံအကြောင်း မိတ်ဆက်ကို တင်ပြပေးမှာ ဖြစ်ပါ တယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား

ဒီတပတ်မှာတော့ မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ မိတ်ဆက်ပေးဖို့ စာအုပ်သစ်တအုပ်ကို ရွေး ချယ်ထားပါ တယ်။ ဒီစာအုပ်ကတော့ မြန်မာနိုင်ငံအကြောင်း၊ သူ့ရဲ့ပြဿနာတွေ၊ အိမ်နီးချင်း နဲ့ ပြည်ပနိုင်ငံ တွေနဲ့ ဆက်ဆံရေး အကြောင်းတွေကို လေ့လာသုံးသပ်ထားတဲ့ စာအုပ်ပါ။ ပညာရှင်တွေ လေ့လာသုံးသပ် ထားတဲ့ ဆောင်းပါးတွေကိုစုစည်း ထုတ်ဝေထားတာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်က လောလောလတ်လတ် ၂၀၁၀ ခုနှစ်ထဲမှာမှ ထုတ်ဝေထားတာ ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်မှာ အခြေစိုက်တဲ့ The Brookings Institution က ထုတ်ဝေထားတာ ဖြစ်ပါ တယ်။ စာမျက်နှာ- ၂၀၀ လောက်ပဲရှိတော့ ခပ်ပါးပါး စာအုပ်တအုပ်လို့ ပြောနိုင်ပါတယ်။

စာအုပ်ထုတ်ဝေတဲ့ ဘရုကင်းစ် အင်စတီကျုရှင်းအကြောင်း ပထမဦးဆုံး မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့က အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး၊ ပြည်သူ့ရေးရာ မူဝါဒချမှတ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ အရည်အသွေးရှိတဲ့၊ လွတ်လပ်တဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့က တီထွင်ဆန်းသစ်မှုရှိတဲ့၊ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အကြံပေးချက်မျိုးလည်း လုပ်ဆောင်လေ့ ရှိပါတယ်။ အမေရိကန်အစိုးရက ဒီအဖွဲ့မျိုးကို ဉာဏ်ကြီးရှင် အကြံပေးပညာရှင်အဖွဲ့မျိုး အဖြစ် တန်ဖိုးထား ပါတယ်။ ဒီအဖွဲ့က အမေရိကန်ရဲ့ ဒီမိုကရေစီ အားကောင်း ခိုင်မာလာစေဖို့၊ အမေရိကန်လူမျိုးတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးသာယာဝပြော လာစေဖို့၊ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေ တိုးတက်စေဖို့၊ ပိုပြီး ပွင့်လင်းလုံခြုံတဲ့၊ ချမ်းသာ ကြွယ်ဝမှုတွေ ဆောင်ကျဉ်းပေးနိုင်ပြီး ပိုမို ပူးပေါင်းဆောင်ရွက်မှုအား ကောင်းတဲ့ နိုင်ငံတကာ စနစ်တရပ် ပေါ်ပေါက်လာစေရေး ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို ထုတ်ဝေနိုင်အောင် ဦးဆောင်စီစဉ်သလို တည်းဖြတ်ပေးတဲ့သူ၊ အခုလို ဆွေးနွေးပွဲ ဖြစ်မြောက်အောင် လှုပ်ရှားခဲ့သူက တော့ Lex Rieffel (လက်စ် ရစ်ဖယ်လ်) ဆိုတဲ့ ဒီအဖွဲ့က အဆင့်မြင့်ပညာရှင်တဦးလည်း ဖြစ်ပါတယ်။ သူက အခုမြန်မာ ပြည်မှာ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ်ကာလမှာ အချို့ဆွေးနွေးပွဲတွေမှာ တက်ရောက်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီစာအုပ်မှာလည်း ခြုံငုံသုံးသပ်ချက် ဆောင်းပါးတစောင်လည်း ရေးထားပါသေးတယ်။

ပထမပိုင်းမှာ ဒီစာအုပ်စဖြစ်လာစေမယ့် ဆွေးနွေးဖလှယ်ပွဲ စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းကိုလည်း ရှင်းပြ ထားပါသေး တယ်။ လက်စ် (Lex) က ၂၀၀၇ ခုနှစ်လောက်မှာ တရုတ်နိုင်ငံကို ခရီးထွက်တော့ ယူနန် တက္ကသိုလ်က ပညာရှင် ဒေါက်တာ လီချန်ယန်း (Li Chenyang) နဲ့ တွေ့ဖြစ်ပါတယ်။ သူတို့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံကိစ္စ ညှိနှိုင်း ဖလှယ်ပွဲတခုလောက် အမေရိကန်အစိုးရ အခြေစိုက်ရာ ၀ါရှင်တန်မြို့တော် မှာ လုပ်ရရင် ကောင်းမယ်ဆိုတာ သဘောတူ ဖြစ်ခဲ့ကြပါတယ်။ နောက်ပိုင်း အဲဒီဆွေးနွေးပွဲဖြစ်ရေးအတွက် နည်းလမ်းရှာခဲ့ကြပါတယ်။ ၀ါရှင်တန်မှာရှိတဲ့ ဂျွန်ဟော့ပ် ကင်း တက္ကသိုလ်က ပါမောက္ခ (Bill Wise) နဲ့ ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခ (David Steinberg) တို့ ဆီကလည်း ရန်ပုံငွေအတွက် ပံ့ပိုးပေးမယ့် သူတွေ၊ အခြားအကူအညီတွေ ရခဲ့ကြပါတယ်။ ဂျာမာန်နိုင်ငံက ၀န်ကြီးချုပ် အင်ဂျလာ မာကဲ (Angela Merkel) ရဲ့ ခရစ်ယာန်ဒီမိုကရက် ယူနီယံပါတီနဲ့ နီးစပ်တဲ့ ကောနတ် အဒီနော ဖောင်ဒေးရှင်း (Konard Adenauer Foundation) က လည်း ဖြစ်မြောက်ဖို့ ငွေကြေးပံ့ပိုး ကူညီပေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ ပြင်ဆင်လာကြတာ ညှိနှိုင်းပွဲက ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှ ဖြစ်မြောက်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့အချိန်ကာလတွေနဲ့ တိုက်ဆိုင်နေ တယ်လို့ စာအုပ်စီစဉ်တည်းဖြတ်သူ လက်စ် (Lex) က ပြောပါတယ်။ ဒီဆွေးနွေးပွဲကတော့ အထူးသဖြင့် အမေရိကန်အစိုးရ အရာရှိတွေ မြန်မာအရေးနဲ့ ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ သဘောထား အမြင်တွေ ရစေအောင် ဆွေးနွေးပွဲလို့ ဆိုရပါလိမ့် မယ်။ အရေးပါတဲ့ အမေရိကန်အစိုးရ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးဖြစ်တာတောင်မှ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲ (Kurt Campbell) မြန်မာပြည်ခရီး မသွားခင် ၄-ရက်အလို မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲက အရေးပါစေတဲ့၊ အချိန်ကိုက်လို ဖြစ်နေစေတဲ့ အကြောင်းအချက် ၆-ချက်လောက် ရှိတယ်လို့ လက်စ်က ရေးပါတယ်။ ပထမအချက်က ၂၀၀၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အာဆီယံအဖွဲ့က အားလုံးသဘောတူညီ အာဆီယံ ပဋိဉာဉ်စာတန်းကို လက်မှတ်ရေးထိုးပြီးကြတဲ့ အချိန်ပါ။ ထူးခြားတာက ဒေသ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်း ဖို့ သဘောတူခဲ့ကြသလို၊ အာဆီယံအဖွဲ့ ကိုယ်၌က ၂၀၁၅ ကျရင် ဒေသတခု လုံး အေးအတူပူအမျှ လူမှုအဖွဲ့အစည်းတခု အဖြစ် ပေါင်းစည်းဖို့ သဘောတူ ပြင်ဆင်နေကြချိန်ပါ။ ဒုတိယ အချက်ကတော့ အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌတာဝန်ယူ ခဲ့တဲ့ ထိုင်းနဲ့ နောက်ပိုင်း အင်ဒိုနီးရှားတို့က မြန်မာပြည် အရေး ကိုင်တွယ်ကြဖို့ စိုင်းပြင်းနေကြချိန်ပါ။ ထိုင်းကတော့ သူ့ပြည် တွင်းက ရှပ်ဝါ-ရှပ်နီ အုပ်စုကွဲ ပဋိပက္ခတွေနဲ့ လုံးခြားလည်နေရလို့ မြန်မာပြည်အရေးဖက် မလှည့်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ပဲ၊ တတိယထူးခြားချက်က မြန်မာ ပြည်က ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေရဲ့ သတင်းက ဒေသအတွင်း လှုပ်ခပ်စေခဲ့ပါတယ်။ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ပြဿနာတွေက ပြောဆိုကြရမယ့် ကိစ္စ ဖြစ်လာချိန်ပါ။ စတုတ္ထထူးခြားချက်က အဲဒီကာလ ၂၀၀၉၊ ဇွန်လမှာ မြောက်ကိုရီးယားက လက်နက်တွေ သယ်ဆောင်လာတဲ့ ယူဆရတဲ့ သင်္ဘောတစင်းက မြန်မာပြည်ကို ဦးတည်လာနေပါတယ်။ ဒါကို အမေရိကန်ကင်းလှည့် သင်္ဘောတွေက ပိတ်ဆို့ပြီး ပြန်လှည့်စေခဲ့ တဲ့ အချိန်ပါ။ မြန်မာ-မြောက်ကိုရီးယား ဆက်စပ်နေမှုကိစ္စကလည်း နိုင်ငံတကာအတွက် စိုးရိမ်ပူပန်ဖွယ် ကိစ္စ တခု ဖြစ်ပါတယ်။ ပဉ္စမ တိုက်ဆိုင်နေတဲ့ အချက်က မြန်မာ့တပ်မတော်က ၂၀၀၉၊ သြဂုတ်မှာ မြောက်ပိုင်း ဒေသက ကိုးကန့်အုပ်စုတွေအပေါ် ထိုး စစ်ဆင်ခဲ့ပြီး၊ တရုတ်ပြည်ထဲ ဒုက္ခသည် ၃၀,၀၀၀ ထွက်ပြေးရတဲ့ အခြေအနေ ပေါ်ပေါက်ခဲ့ပါတယ်။ တိုင်းရင်းသားအုပ်စု တွေနဲ့ ဆယ်စုနှစ်ကြာ အပစ်အခတ်ရပ်စဲတာတွေ ပျက်ပြယ်ပြီလားလို့ မေးခွန်းထုတ်ရတော့မယ့် အခြေအနေ ဖြစ်လာခဲ့ပါ တယ်။ ဆဋ္ဌမ ထူးခြားချက်တော့ မြန်မာပြည်က သဘာဝဓာတ်ငွေ့တွေရဖို့ တရုတ်နဲ့ အိန္ဒိယ အပြိုင်အဆိုင်ဈေးဆိုင်နေရာ ကနေ မြန်မာအစိုးရက တရုတ်အမျိုးသား ရေနံလောင်စာ ကော်ပိုရေးရှင်း (CNPC) ကို မျက်နှာသာပေး၊ ဓာတ်ငွေ့ ရောင်းချ ပေးလိုက် ပါတယ်။ အဲဒီစီမံကိန်းနဲ့အတူ မြန်မာပြည်ကို ဖြတ်သန်းပြီး သဘာဝဓာတ်ငွေ့နဲ့ ရေနံကို တရုတ်နိုင်ငံ ယူနန်ပြည် နယ်အထိ အရောက်ပို့ပေးမယ့် ပိုက်လိုင်းစီမံကိန်းကိုပါ သဘောတူခွင့်ပြုလိုက်တဲ့ အချိန် ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အိမ်နီး ချင်းတွေရဲ့ အကျိုးစီးပွား ပြိုင်ဆိုင်မှု၊ မြန်မာပြည်ရဲ့ အချက်အချာကျမှုအပေါ် စိတ်ဝင်စားမှု တွေကလည်း ပြင်းထန်လာကြတဲ့ အချိန်ပါ။ ဒီအချိန်မှာပဲ အခုလို ဆွေးနွေးပွဲကို ကျင်းပဖြစ်တာ ဖြစ်ပါတယ်။ ပညာရှင်တွေ ဆွေးနွေးဖြစ်ကြတာကတော့ မြန်မာပြည်ရဲ့ မူလတရားကိုယ် ပြည်တွင်းထဲက ပြဿနာတွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စီးပွားရေး နလံထူ လာစေဖို့ ပြဿနာတွေ၊ ပြည်ပနိုင်ငံတွေက အကျိုးစီးပွား စိတ်ဝင်စားနေမှုကို ဆွေးနွေးခဲ့ကြပါတယ်။

နောက်တပတ်မှတော့ လက်စ် ရစ်ဖယ်သုံးသပ်ရေးတဲ့ ခြုံငုံသုံးသပ်ချက်ထဲက မြန်မာပြည်က ရင်ကြားစေ့ရေး ပြဿနာ၊ စီးပွားရေး အကျပ်အတည်းကိစ္စတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments