Pages

Saturday, July 23, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၈)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ ထိုင်း-မြန်မာနယ်စပ်ဆိုပေမယ့် ရှမ်းပြည်နယ် နယ်စပ် ဖက်က အကြောင်းတွေကို တင်ပြထားတာ စာအုပ်နောက်ဆုံးပိုင်းအဖြစ် တင်ဆက်လိုပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်ရဲ့ စာအုပ်နောက်ဆုံးပိုင်းကို ဒီတပတ်မှာ တင်ပြမှာ ဖြစ်ပါတယ်။ သူက ထိုင်း-မြန်မာနယ်စပ်က လူတွေရဲ့ ပုံရိပ်လွှာ တွေကို အခန်းလိုက်တင်ပြခဲ့ပါတယ်။ လူတဦးချင်း၊ သို့မဟုတ် ဇာတ်လိုက် တယောက်-နှစ်ယောက်ကို တင်ပြီး သူဖော်ပြချင်တဲ့ ပုံရိပ်တွေကို တို့ထိပြခဲ့ပါတယ်။ ပန်းချီကားချပ်ကြီးတခုကို ဆေးရောင်စုံဆွဲသလို တင်ပြခဲ့ပါတယ်။ စာရေးသူက ရစ်ချတ်က နယ်စပ်မျဉ်းဆိုတာမျိုး တိကျပြတ်သားတဲ့ သတ်မှတ်ချက်မျိုး မဟုတ်ဘဲ၊ နယ်စပ်ဒေသလိုမျိုး ပိုလို့ ကျယ်ပြန့်တဲ့ဒေသ သဘောပိုဆောင်တယ်ဆိုပြီး ထိုင်း-မြန်မာနှစ်နိုင်ငံကြားက နယ်စပ်ဒေသကို တင်ပြသွား တာပါ။ ဒါပေမယ့် ကျနော်ဖတ်ရသလောက် မြန်မာပြည်ဖက်က ဇာတ်ကောင်တွေကိုပဲ အလေးထား တင်ပြထား တာ တွေ့ရပြီး၊ ထိုင်း လူမျိုးဇာတ်ကောင်တွေ မမြင်ရသလောက်ပါပဲ။ သူတို့က အဖြည့်ခံသဘောလောက်ပဲ ဒီစာအုပ်မှာ ပါဝင်ပါတယ်။ တကယ် တော့ မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေက ထိုင်းလူမှုအဖွဲ့အစည်း ကို ထိခိုက်သက်ရောက်မှုတွေ ရှိနေသလို၊ ဒီဖက် က ထိုင်းလူမျိုးတွေလည်း သက်မဲ့မှ မဟုတ်တာ၊ ခံစားချက် တွေ၊ တုံ့ပြန်မှုတွေ ရှိနေမှာ အသေအချာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို တုံ့ပြန်တဲ့ ထိုင်းလူမျိုးတွေရဲ့အမြင်ကိုတော့ စာရေးဆရာက ထိတွေ့ဖော်ပြထားတာ မရှိပါဘူး။ သူက စာအုပ် ကဏ္ဍအတော်များများမှာ မဲဆောက်-မြ၀တီ ဒေသကို ဖော်ပြထားပါတယ်။ ရနောင်း-ကော့သောင်းဖက်၊ မွန်ဒေသဖက် အကြောင်းကို အနည်းငယ်သာ ဖော် ပြထားပြီး၊ အခု နောက်ဆုံးပိုင်းတွေမှာတော့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဖက် နယ်စပ်ဒေသ အခြေအနေတွေကို စာရေးသူက တင်ပြထားပါတယ်။

သူက ထိုင်းနိုင်ငံဖက်က မဲဆိုင်ကို ၂၀၁၁ ခုနှစ်မှာ ပထမဦးဆုံးရောက်ဖူးပါတယ်။ SSA (ရှမ်းပြည်တပ်မတော်) က ဗိုလ်မှူး ကြီး ယွတ်ဆတ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွက် ရောက်တာပါ။ အဲဒီအချိန်က ထိုင်း-မြန်မာ နယ်စပ်ပဋိပက္ခ အရေး အထူးတင်းမာနေတဲ့အချိန်ပါ။ သူက အဲဒီနောက်ပိုင်းလည်း ထပ်ရောက်ပါတယ်။ မဲဆိုင် ကနေ-မြန်မာဖက်အခြမ်း တာချီလိတ် ဒီကမှတဆင့် မြန်မာပြည်မြောက်ဖက်ဒေသအချို့ကို သွားရောက်လည် ပတ်နိုင်တဲ့ အကြောင်းတွေ ဖော်ပြခဲ့ပါ တယ်။ သူက ရနောင်း-ကော့သောင်းနယ်စပ်အကြောင်း ဖော်ပြတော့ ထိုင်းဖက်ကို လက်ပိုက်ပြီး စိုးမိုးကြည့်နေတဲ့ ဘုရင့် နောင် ရုပ်ထုအကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အခု တာချီလိတ် မြို့မှာလည်း အလားတူ ဘုရင့်နောင်ရုပ်ထုကြီးကို မြန်မာ အစိုးရဖက်က တည်ထားပါတယ်။ ထိုင်းဖက်ကလည်း အခုအခါမှာ ၁၆ ရာစုလောက်က မြန်မာနိုင်ငံကို ပြန်လည်တော်လှန် ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာကို ပြန်လည်ထူထောင်ခဲ့တဲ့ နရီစူဝမ်ဘုရင် ရုပ်ထုကို တည်ထားပါတယ်။ သူကလည်း မြန်မာနိုင်ငံဖက်ကို လှည့်လို့ မျက်နှာမူနေပါတယ်။ ဒီရုပ်ထုကို တည်ဖို့အကြံပေးသူကတော့ ထိုင်း အမှတ် (၃) တပ်မတော် ရဲ့ တပ်မှူး ဗိုလ်ချုပ် ၀တ္တနာ ချိုင်းပါ။ စာရေးသူရစ်ချတ် နယ်စပ်ကို ရောက်တဲ့ ၂၀၀၁ ခုနှစ်တုန်းက အဲဒီဒေသလုံခြုံရေး အတွက် တာဝန်ကျနေတဲ့ တပ်မှူးပါ။ အဲဒီကာလက နယ်စပ်အရေး တင်းမာနေရာမှာ မြန်မာဖက်က မဲဆိုင်မြို့ထဲ လက်နက် ကြီးတွေနဲ့ ပစ်ချတာရှိသလို၊ ထိုင်းနိုင်ငံကလည်း ဂျက်တိုက်လေယာဉ်တွေသုံးပြီး မြန်မာစစ်တပ်တွေကို ပစ်ခတ် တာအထိ ရှိခဲ့ဖူးပါတယ်။ တခါ ၂၀၀၃ ခုနှစ်၊ မေလမှာ ဘုရင့်နောင်ရုပ်ထုကို ဗုံးခွဲတာ ဖြစ်ခဲ့ပြီး၊ အရုပ်ခြေတဖက် ပြတ်ခဲ့ရပါသေးတယ်။ ဘယ်အုပ်စုကမှ သူတို့လုပ်တာလို့ ထုတ်ပြောတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် သေချာတာက နယ်စပ်ဒေသမှာ အမျိုး သားရေးကိစ္စတွေ၊ သမိုင်းတွေ၊ ရုပ်ထုတွေနဲ့ နိုင်ငံရေးသဘောတွေက ရှိနေပါသေး တယ်။

သူက နယ်စပ်မှာ မြန်မာပြည်ထဲဝင်၊ ဗီဇာတိုးရင် သက်တမ်း ၂-ပတ် နေထိုင်ခွင့်ရပါတယ်။ အဲဒီမှာ တာချီလိတ် ကနေ မြောက်ပိုင်း တိုင်းရင်းသားဒေသတွေကို သွားလည်ပတ်ခွင့်လည်း ရခဲ့ပါသေးတယ်။ သူက နယ်စပ်လမ်း တွေက အခုလို နယ်စပ်မှာသာ ရပ်မနေဘဲ၊ တနိုင်ငံနဲ့ တနိုင်ငံ ချိတ်ဆက်ဖို့၊ ကုန်သွယ်ဖို့ ဖြစ်လာသလို၊ တရုတ် နိုင်ငံ၊ အိန္ဒိယ၊ အရှေ့ တောင် အာရှကို ဆက်သွယ်နိုင်ကြမယ့်၊ ပေါ်ပေါက်လာမယ့် အရှေ့-အနောက်၊ တောင်-မြောက် ဆက်သွယ်ရေး လမ်းမ ကြီးတွေရဲ့ အလားအလာကိုလည်း တင်ပြခဲ့ပါတယ်။ သူရောက်ခဲ့တဲ့ အချိန်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေနဲ့ အပစ်အခတ် ရယူထားနိုင်လို့ အေးချမ်းနေတဲ့အချိန်၊ တချိန်က စစ်ဖြစ်ရာ ဒေသတွေမှာလည်း နယ်မြေဖွံ့ဖြိုးတိုးတက် ရေးကိစ္စတွေ အတော်အတန် လုပ်ဆောင်လာနိုင်တဲ့ အချိန်ပါ။ တချိန်က တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာ ခွင့်ပြုထားပြီး၊ မြို့ပြအသွင်ကို တဖြည်းဖြည်း ပြောင်းလာနေပါပြီ။ သူရောက်တဲ့အချိန်မှာ ၀တပ်ဖွဲ့ပိုင် ဟုံပန်း ကုမ္ပဏီက ဖောက်ထားတဲ့ လမ်းမ ကြီးတွေ တွေ့ရသလို၊ ၀တပ်ဖွဲ့တွေပိုင်တဲ့ ကားတွေကိုလည်း NW-SW (တောင်ပိုင်းဝ ဒေသ၊ မြောက်ပိုင်း ၀ ဒေသ) စတဲ့ အစိုးရ တရားဝင်ထုတ်ပေးထားတာ မဟုတ်တဲ့ ကားနံပတ်ပြားတွေနဲ့ တွေ့ရတာကို လည်း ဖော်ပြပါသေးတယ်။ အဲဒီပုံရိပ်တွေနဲ့အတူ ပြည်တွင်းစစ်ရဲ့ သမိုင်းကြောင်း တစိတ်တဒေသ၊ အဲဒါနဲ့အတူ ရှိနေတဲ့ အမျိုးမျိုးသော တိုင်းရင်းသားအဖွဲ့တွေအကြောင်း၊ တချို့အဖွဲ့တွေက လုပ်ကိုင်နေကြတဲ့ မှောင်ခိုလုပ်ငန်း၊ မူးယစ် ဆေးဝါး လုပ်ငန်း၊ လိင် ရောင်းဝယ်တဲ့လုပ်ငန်း၊ လူကုန်ကူးတဲ့ လုပ်ငန်းတွေအကြောင်းကိုလည်း စာရေးသူက သူမြင်ရသလောက် ထိတွေ့ တင်ပြခဲ့ပါတယ်။

သူရောက်ခဲ့တဲ့ မုန်းလားဒေသမှာဆိုရင် ကာဆီနိုရုံတွေ၊ ဟိုတယ်တွေ၊ ထိုင်းက "များတို့" ရဲ့ကပွဲတွေ၊ တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေကိုလည်း တင်ပြခဲ့ပါသေးတယ်။ ဒီနေရာက တချို့ဒေသတွေက နိုင်ငံ တကာက အချို့ မှောင်ခိုအင်တာနက်စာမျက်နှာတွေမှာ Sex guide (လိင်ခရီးအတွက် လမ်းညွှန်) ဆိုပြီး၊ လိင်ကုန်ကူးတဲ့ကိစ္စတွေအတွက် ဖော်ပြထားတာ သူဖတ်ရပုံ ကိုလည်း စာရေးသူက ဖော်ပြခဲ့ပါသေးတယ်။ ဒေသရဲ့ NDAA အဖွဲ့ ခေါင်းဆောင် စိုင်းလင်း နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ နှုတ် ဆက်နေကြပုံ ဆိုင်းပုတ်ကြီးကို မြန်မာ-တရုတ်-အင်္ဂလိပ်စာသားတွေနဲ့ ဖော်ပြထားတာ တွေ့ခဲ့ရတဲ့ လည်း အကြောင်းလည်း ဓာတ်ပုံ မှတ်တမ်းအများ အပြားနဲ့ ဖော်ပြခဲ့ပါသေး တယ်။ အခုတော့လည်း သူဖော်ပြခဲ့တဲ့ အခြေ အနေက ရာဇ၀င်လို ဖြစ်နေ ရပြန် ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ တဖန် တိုက်ပွဲ တွေ ပြင်းထန်နေသလို၊ အပစ်အခတ် ရပ်စဲရေးကလည်း တရားဝင် ပျက် ပြားသလို ဖြစ်နေခဲ့ပါပြီ။ တချိန်က တိုင်းရင်းသားတွေနဲ့ ပြေလည်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း အိမ်အကျယ် ချုပ် ကျခံနေရ တဲ့ဘ၀ပါ။ အနာဂတ်မှာ လမ်းမကြီးတွေနဲ့ တနိုင်ငံ ဆက်သွယ်၊ ကုန်ကူးနိုင်ကြမယ့် အနေအထား တွေလည်း အခုတိုင် မတွေ့ရသေးပါဘူး။ တချိန်ချိန်မှာတော့ ငြိမ်းချမ်း၊ တည်ငြိမ်ဖွံ့ဖြိုး စည်ပင်တဲ့ ဒေသတွေ ဖြစ် ကောင်းပါရဲ့၊ နိုင်ငံချင်းလည်း ချစ်ကြည် ကူးလူးဆက်ဆံနိုင်တဲ့ လမ်းမကြီးတွေလည်း ပေါ်ပေါက်လာကောင်းပါ ရဲ့လို့ မျှော်လင့်ရကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments