Pages

Tuesday, July 19, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၇)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ ထိုင်း-မြန်မာနယ်စပ်ဆိုပေမယ့် ရှမ်းပြည်နယ် နယ်စပ် ဖက်က အကြောင်းတွေကို စာရေးသူက တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က ထိုင်း-မြန်မာနယ်စပ် အခြေအနေတွေ ဖော်ပြပြီးတော့ ရှမ်းပြည်နယ် နယ်စပ်ဖက်က အခြေ အနေတွေပါ ဆက်လက်ဖော်ပြပါတယ်။ သူက ရှမ်းပြည်ထဲမှာ စေတနာ့ဝန်ထမ်း ကျောပိုးအိပ်ဆေးမှူးအဖြစ်တာဝန်ယူနေတဲ့ စိုင်းမက်သယူးနဲ့ တွေ့ခဲ့ ပါတယ်။ စိုင်းမက်သယူးက နယ်စပ်တလျှောက်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောပိုးအိတ် ကျန်းမာရေး လုပ်သားများ အဖွဲ့က ဆေးမှူးတယောက်ပါ။ အသက် ၂၀- ၀န်းကျင် အရွယ်ပဲ ရှိပါသေးတယ်။ သူ့ဆေးအဖွဲ့က ရှမ်းပြည်တောင်ပိုင်း အတော်ပြည်တွင်းကျတဲ့ ချောင်ကျတဲ့ နေရာ တွေမှာ လူထုတွေ ကျန်းမာရေးအတွက် ကူညီပေးနေပါ တယ်။ သူတို့က ဆေးကျောပိုးအိတ်ကိုလွယ်လို့ တော လမ်း ခရီးကြမ်း ဖြတ်ကြရပါတယ်။ မတ်စောက်တဲ့ တောင်ကုန်း တောင်စောင်းတွေကိုလည်း တက်ကြရပါတယ်။ သူတို့အဖွဲ့ဝင်တွေက အများ အားဖြင့် အရပ်ဝတ်ပဲ ၀တ်ကြပါတယ်။ ဒါပေ မယ့် ကျောပိုးအိတ်တွေကတော့ အစိမ်း ရောင်ဖြစ်ပါတယ်။ ကျောပိုးအိတ်တွေ က ရိုးရိုးသာမန်ကျောပိုးအိတ်ထက်ကြီးပြီး၊ ၁၅ ကီလိုဂရမ်လောက် လေး ပါတယ်။ သူတို့ခရီးတခါထွက်ရင် ၆-လလောက် အနည်းဆုံးကြာတတ်လို့ အခုလို ကျောပိုး အိတ်ထဲ တတ်နိုင် သမျှ ဆေးတွေ ထည့်သယ်နေကြရတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့က ထိုင်းနိုင်ငံ မဲဟောင်ဆောင်နယ်စပ်ကနေပြီး ရှမ်းပြည်နယ်ထဲဖက်ကို ၀င်ကြရပါတယ်။ ဒေသက တာချီလိတ် အနောက်ဖက်က တောတောင်ထူတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ပုံမှန်ဆေးရုံဖွင့်ပြီး လူနာတွေကို ကူညီပေးနိုင်တဲ့ အနေ အထား မရှိပါဘူး။ ဒီလိုပဲ ကျောပိုးအိတ်နဲ့ လှည့်လည် ကုသပေးနေကြရတာပါ။ ဒီနေရာ မှာတော့ နယ်စပ်မျဉ်းဆိုတာက လူတွေအထင်အမြင်နဲ့ သတ်မှတ်ထားတဲ့ နေရာမျိုးသာမဟုတ်ဘဲ၊ တကယ်ရှိနေ တဲ့ သဘောလည်း ဆောင်တယ်လို့ စာရေး သူက ဆိုပါတယ်။ ဒီနယ်စပ်ရဲ့ ဟိုဖက်မှာ နိုင်ငံတကာ အဲန်ဂျီအိုကြီး တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေလည်း မရှိပါဘူး။ နိုင်ငံ တကာ အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ အကယ်၍ ထိုင်းနိုင်ငံ အခြေစိုက်အဖွဲ့တခုခုက ကူညီခဲ့တယ်ဆိုရင်တောင် မြန်မာ စစ်အစိုးရက ကန့်ကွက်ပါလိမ့်မယ်။ ထိုင်းနိုင်ငံကလည်း မြန်မာအာဏာပိုင်တွေက ကန့်ကွက်တာကို လက်ခံပြီး ဒီအဖွဲ့ကို ရုပ်သိမ်းပေးရပါလိမ့်မယ်။ အဲသည်တော့ နယ်စပ်ဆိုတာ နယ်ခြားမျဉ်းသတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိပေမယ့်၊ အဓိပ္ပါယ်က တကယ်ရှိသလို ဖြစ်နေပါတယ်။ သူတို့ ဆေးကျောပိုးအိတ်လုပ်သားတွေက ဟိုဖက်နယ်ထဲက လူထုတွေ အတွက် အကျိုးဆောင်နေကြရတာပါ။

နယ်စပ်တရိုးမှာ သူတို့လို ကျောပိုးအိတ်ဆေးလုပ်သား အရေအတွက်က ၂၀၀ ကျော်လောက် ရှိတယ်လို့ ဆိုပါ တယ်။ ဆေး အဖွဲ့တဖွဲ့ ခရီးထွက်ရတဲ့အခါ သတ်မှတ်ထားတဲ့ လူထု ၂,၀၀၀ လောက်အတွက်လည်း ကျန်းမာရေး တာဝန်ယူပေးကြရပါ တယ်။ နယ်စပ်တရိုးက ကပ်ဘေးဒုက္ခကြီးလို ဖြစ်နေတဲ့ ကျန်းမာရေး ပြဿနာကို ကူညီ ဖြေရှင်းပေးနေကြတာပါ။ အထူး သဖြင့်တော့ သူတို့အဖွဲ့တွေက ငှက်ဖျား၊ ကူးစက်ရောဂါ အဖျားအနာတွေ ကုသပေးနေကြသလို၊ သားဖွား ကျန်းမာရေး ကိစ္စလည်း ကူကြပါတယ်။ ကလေးမွေးနှုန်း၊ သေနှုန်း၊ မိခင် သေနှုန်း၊ အာဟာရချို့တဲ့မှုနှုန်း စသဖြင့်လည်း စရင်းဇယားတွေ ကောက်ယူပါတယ်။ အခုတော့ ကလေးတွေ သံချတဲ့ကိစ္စပါ တိုးချဲ့ လုပ်ဆောင်ပေးနေကြပါတယ်။ စိုင်းမက်သယူးတို့ ဆေး အဖွဲ့က လူတိုင်းပါချင်လို့ ရတာ တော့ မဟုတ်ပါဘူး။ ငယ်ရွယ်သန် စွမ်းသူတွေ ဖြစ်ဖို့လည်း လိုပါတယ်။ သူတို့မှာ အသက် အငယ်ဆုံး ၂၃ နှစ်ကနေ အကြီးဆုံး ၃၇ နှစ် အထိ ရှိပါတယ်။ နောက်တော့ ဆုံးဖြတ်ချက်တခုကို မြန်မြန်ချမှတ် လုပ်ကိုင် နိုင်ဖို့ လိုတယ်။ ကျန်းမာရေး ပြဿနာတွေကိုလည်း ရွာလူထု တွေကို အချိန်တိုအတွင်း ရှင်းပြနိုင်အောင် ကျေလည် သဘောပေါက်ထားသူ ဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ တဖွဲ့မှာ ဆေးမှူး ၃ ဦးကနေ ၅ ဦးလောက်အထိ ပါတတ် ပါတယ်။ ဒါပေမယ့် သူတို့ခရီးလမ်းမှာ လုံခြုံရေးကလည်း အန္တရာယ်များလှပါတယ်။ ဒါကြောင့် တခါတလေမှာ အက်စ်-အက်စ်-အေ တောင်ပိုင်းအဖွဲ့က လုံခြုံရေး လိုက်ယူပေးတတ်တယ်။ ဒါမှမဟုတ် ရင်လည်း လမ်းကြောင်း သတင်းပေးတတ်တယ်လို့ ဆိုပါ တယ်။ သူတို့က ဆေးကုကြတဲ့အခါ ရွာမ၀င်ဘဲ ရွာပြင်မှာနေပြီး ရွာ လူထုတွေကို အသိပေးဆေးကုပေးတတ်ပါတယ်။ ရွာဝင်ရင် စစ်တပ်က ရွာတွေအပေါ် ဖိနှိပ် နှိပ်ကွပ်မှာလည်း သူတို့ပူပန်ရ ပါသေးတယ်။

ရှမ်းပြည်နယ်ထဲမှာ စစ်တပ်က စီမံကိန်းကြီးတွေကြောင့်၊ စစ်တပ်တွေ တိုးချဲ့ချထားတာကြောင့် ရွာအများအပြား ကို စနစ် တကျ ရှင်းလင်းပစ်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်များမှာ ရွာသား ၃၀၀,၀၀၀ လောက်ကို အတင်း အကျပ် နေရာ ရွှေ့ပြောင်းစေခဲ့ ပါတယ်။ သူတို့စစ်တပ်က လုပ်ထားတဲ့ စုစည်းကျေးရွာမှာ နေချင်နေ၊ မနေချင်ရင် ပြည်တွင်းဒုက္ခသည်တွေ အဖြစ် ရွာပုန်း ရွာရှောင်တွေမှာ နေထိုင်နေကြရပါတယ်။ ဒီလို ဒုက္ခသည်လူထုတွေက သူတို့လို ဆေးမှူးတွေကို အထူးပဲ ကြိုဆိုနေတတ် ကြပါတယ်။

စိုင်းမက်သယူးက ရှမ်းပြည်၊ တောင်ကြီးနားက ကျေးရွာတခုမှာမွေးပါတယ်။ သူတို့မောင်နှမ ၄ ယောက်ရှိပြီး သူက ဒုတိယ သားပါ။ သူတို့မိဘတွေ ဘယ်လိုဖြစ်ကြတယ် မသိပါဘူး။ အမေက တနေရာကို ထွက်သွားခဲ့ပါ တယ်။ အဖေနဲ့ သူတို့မောင် နှမတွေ ကျန်ခဲ့ပါတယ်။ အဖေက သူတို့ကို ဆက်လက်မထိန်းသိမ်းနိုင်တာနဲ့ ကက်သလစ်ဘာသာ မိဘမဲ့ကလေးကျောင်း တခုကို အပ်လိုက်ပါတယ်။ သူအသက် ၂၁ နှစ်အထိ ဒီကျောင်းမှာ ကြီးပြင်းခဲ့ရတာပါ။ သူတို့ကျောင်းက ဆရာတွေကောင်း မှုနဲ့ အင်္ဂလိပ်လိုတော့ သူကောင်းကောင်း လေ့လာ ခဲ့ရပါတယ်။ သူတို့ကျောင်းက စီစဉ်တဲ့ ကျောင်းသားတွေက လူထုတွေ ကြားထဲ ဆင်းကူညီတဲ့ လုပ်ငန်းတွေ ကြောင့်လည်း လူမှုရေးလုပ်ငန်းတွေကို သူစိတ်ပါဝင်စားခဲ့ပါတယ်။ ကျောင်းက သင်ပေးတဲ့ ဆင်ခြင်ပိုင်းခြား တတ်တဲ့ ပညာရေးစနစ်ကြောင့်လည်း သူရင့်ကျက်လာခဲ့ရပါတယ်။ အခုတော့ မက်သယူးက ရှမ်း အမျိုးသမီး ငယ်တဦးနဲ့ အိမ်ထောင်ကျလို့ ၂-နှစ်သား ကလေးငယ်တယောက်တောင် ရနေပါပြီ။ သူတို့ကတော့ နယ်စပ်မှာ နေကြပါတယ်။

သူ့မိသားစုကို ၆-လတာ ခွဲခွာလို့ အခုလို လူထုတွေ ကျန်းမာရေးကူညီဖို့ တာဝန်နဲ့ လာရတာပါ။ စိုင်းမက်သယူးနဲ့ စာရေး သူ ရစ်ချတ်တို့စကားပြောနေစဉ်မှာ မက်သယူးက သူသိမ်းထားတဲ့ ဓာတ်ပုံတချို့ ထုတ်ပြပါတယ်။ တပုံ ကတော့ ကွင်းတခု မှာ မိန်းမတွေ၊ ယောက်ကျားတွေက သူတို့ဆေးအဖွဲ့ကို မျှော်လင့်ချက်မျက်လုံးတွေနဲ့ စောင့် နေကြတဲ့ပုံပါ။ ဒီလိုမြင်ကွင်းမျိုး က ရွာတော်တော်များများမှာ သူတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တပုံက တော့ မြေမြုပ်မိုင်းဒဏ်သင့်လို နာကျဉ်ခြင်း ကြီးစွာ ခံစားနေရသူတဦးရဲ့ အနိဌာရုံပုံပါ။ တခါက သူတို့ကို လုံခြုံရေး လိုက်ပေးတဲ့ ရှမ်းပြည်တပ်မတော်က ရဲဘော်ကလေး မြေမြုပ်မိုင်းဒဏ် သင့်ခဲ့ရတာ သူမမေ့သေးဘူး ပြောပါ တယ်။ သူတို့ ဆေးမှူးတွေနဲ့ ဒီရဲဘော်တွေအကြား ခင်မင်မှုကလည်း အတော်ခိုင်မြဲနေပါပြီ။ ဒီလို မိုင်းထိတဲ့ ရဲဘော်ကို သူတို့က မော်ဖင်းဆေးနဲ့ အနာသက်သာအောင်ပေးလို့ နယ်စပ်အရောက် တောတောင်တွေ ဖြတ်ပြီး ထမ်းထုတ်ကြရပါတယ်။ သူတို့တွေ ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း အသက်ကိုလုပြေးနေရ တာကြောင့် သူတို့နဲ့အတူပါ ရဲဘော် ၉ ဦးက အလှည့်ကျ ထမ်းခဲ့ရပါတယ်။ သူတို့တက်ခဲ့ရတဲ့ တောင်ကြီးတွေက အခုမှ ပို မြင့်နေပါတယ်။ သူတို့ ၇ နာရီကျော်ကြာ သယ်ဆောင်ပြီးတဲ့နောက် အဲဒီရဲဘော် ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့တော့ နယ်စပ်ကို ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့ပေမယ့် သူတို့ထားရစ်ခဲ့ရတဲ့ ရဲဘော်တဦးအတွက် အမှတ်တရ မမေ့နိုင် ဖြစ် နေခဲ့ကြရတာပါ။ နောက်တပတ်မှာတော့ စာအုပ်ရဲ့ နောက်ဆုံးပိုင်း ရှမ်းပြည်နယ်ထဲက အခြေအနေတွေအပေါ် တင်ပြ ထားတာ ဆက်လက်ဖော်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments