Pages

Saturday, July 9, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၆)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ တောတွင်းမှ စစ်ပွဲများ ဆိုပြီး ဖော်ပြထားတဲ့ ကရင့် တော်လှန်ရေး ရဲဘော်တယောက်အကြောင်းနဲ့ တောထဲက ဆေးခန်း ဆိုတဲ့ ရွှေ့ပြောင်းထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည်တွေကို ကူညီ နေတဲ့ ကရင်သူနာပြုတဦးရဲ့ ဆေးခန်းလေး အကြောင်းကို တင်ပြပါမယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က ထိုင်း-နယ်စပ်အနီး နေရာအတော် များများကို ရောက်ပါတယ်။ သူက ကေအဲန်ယူလို့ခေါ် တဲ့ ကရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်ရင်းစခန်းတခုကိုလည်း ရောက်ခဲ့ပါ တယ်။ ဒီစခန်းက သောင်ရင်းမြစ်တဖက်ကမ်း မြန်မာပြည်ထဲမှာ ရှိတာပါ။ သူတို့က လှေကလေးနဲ့ မြစ်ကိုဖြတ်လို့ မြန်မာပြည်ဖက်ကမ်းကို ကူးကြရပါတယ်။ သူနဲ့အတူ ပါလာသူက အဲဒီကရင်တပ်ရင်းရဲ့ တပ်ရင်းမှူးပါ။ ဒီစခန်းက ပြည်တွင်းဒုက္ခသည်တွေ အခြေချနေထိုင်တဲ့ ရွာစုကလေးနဲ့ ဆိုရင် နည်းနည်းပဲဝေးပါတယ်။ စာရေးသူ ယူဆ တာကတော့ ဒီကေအဲန်အယ်လ်အေ ကရင်တပ်ရင်းက အဲဒီဒုက္ခသည်တွေ ရဲ့ လုံခြုံရေးအတွက်လည်း လုပ် ဆောင်ပေးရပုံရတယ်လို့ မြင်ပါတယ်။ အခု သူနဲ့ပါလာတဲ့ တပ်ရင်းမှူး ဗိုလ်မှူးက အသက် ၆၀ ရှိပြီလို့ပြောပါတယ်။ ဆံပင်တွေ သိပ်မဖြူသေးတော့ အသက်ဒီလောက်ကြီးတယ်လို့ သူမထင်မိပါဘူး။ သူက ဆံပင်ဆိုး ထားတာ မဟုတ်ဘူး။ ကျန်းမာရေးလည်း အတော်ကောင်းတယ်၊ သန်မာသေးတယ်လို့ ပြောပြပါတယ်။ သူတပ်ရင်းမှာ ရဲဘော်က ၁၅၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ သူ့တပ်ရင်းမှာ ကြည့်စရာဆိုလို့ သိပ်များများ စားစား မရှိပါ ဘူး။ အနောက်နိုင်ငံက အစိုးရစစ်တပ်တွေရဲ့ တပ်ရင်းတွေလို ရဟတ်ယာဉ်ကွင်းလည်း မရှိ၊ ဘားတိုက်တန်းတွေ၊ ထရပ် ကားတွေ လှုပ်ရှားသွားလာနေတာ၊ လက်နက်သိုလှောင်ရုံတွေ စသဖြင့်လည်း မတွေ့ရဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်နေ ပါတယ်။ ရှိတဲ့ အဆောက်အဦတွေကလည်း သစ်၊ ၀ါးနဲ့ပဲ ဆောက် ထားပါတယ်။ တပ်ရင်းမှူးဆိုသူရဲ့ အိမ်ကတောင် သိပ် ခမ်းခမ်းနားနား မရှိပါဘူး။ ၀ါးတဲကလေးတခုမှာ ၀ရံတာ ကလေးပါတာပဲ ထူးခြားတယ်လို့ ဆိုပါတယ်။ စားပွဲတလုံးနဲ့ လူနည်းနည်း ထိုင်လို့ရအောင် လုပ်ထားတဲ့ နေရာလေးလည်း ရှိပါတယ်။ ဒီအိမ်ကလေးကနေ လှမ်းမျှော်ကြည့်ရင် တဖက် ကမ်း ထိုင်းနိုင်ငံနဲ့ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ကလေးကို မြင်ရပါတယ်။ စခန်းထဲမှာတော့ လူနည်းနည်းပဲရှိပါတယ်။ တချို့ က သစ်ခုတ်၊ ၀ါးခုတ်သွားနေကြတာ ရှိသလို၊ ရှေတန်းသွားနေကြတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ ဒီစခန်းကလေးရဲ့ မြစ် အညာနဲ့ မြစ်အောက်ဖက်မှာ ရန်သူစခန်းတွေ ပတ်လည်ဝိုင်းနေပါတယ်။ ဒီနေရာကနေ ရှေ့တန်းဆိုရင် ၂-ရက် ခရီး လျှောက်ရတယ်လို့ ပြောပြပါတယ်။ ဒီစခန်းက ရဲဘော်တွေက လစာရတာမဟုတ်ဘဲ ကိုယ့်အသိနဲ့ တာဝန် ထမ်းနေကြရ တာပါ။ အလွန်အကျွံ အရက် သောက်စားတာမျိုး ခွင့်မပြုပါဘူး။ တကယ်တော့ ဒီတပ်ရင်းစခန်းက ရွှေ့ပြောင်းနေတဲ့ ပြောက်ကျားစခန်းပါ။ အရင်တချိန်တုန်းကလို ခံတပ်အခိုင်အမာနဲ့ ခုခံနေတဲ့ ပုံစံမျိုး မဟုတ် တော့ပါဘူး။

ဒီစခန်းမှာပဲ တပ်ရင်းမှူးက မိတ်ဆက်ပေးလို့ ဂေးလ်ဘတ်ဆိုတဲ့ ရဲဘော်တယောက်နဲ့ တွေ့ရပါတယ်။ သူက မျက်နှာကျက မုတ်ဆိတ်ပသိုင်းနဲ့ဆိုတော့ ချေဂွေဗားရားလိုလို၊ ဂျပ်စ်ဂီတ အဆိုတော်လိုလို တူတဲ့သူလို့လည်း ရေးပါတယ်။ ဂေးလ်ဘတ် က ကရင်ပြည်နယ်၊ လှိုင်းဘွဲဒေသကပါ။ အသက် ၁၈-အရွယ်မှာ ကေအဲန်ယူ တပ် ထဲကို ၀င်လာသူလို့ ပြောပါတယ်။ သူ့ မောင်နှမတွေတော့ ရွာမှာ ကျန်ခဲ့ပါသေးတယ်။ အများက တားနေတဲ့ ကြားထဲက သူစိတ်လိုလက်ရ အခုတပ်ထဲကို ၀င်လာ ခဲ့တယ်လို့ ပြောပြပါတယ်။ "ကျနော် အမျိုးတွေက မ၀င်စေချင်ဘူး။ ကျနော်က ကိုယ့်စိတ်နဲ့ကိုယ် ၀င်လာတာလို့ ပြောပါ တယ်" အတန်းပညာက ၃-တန်းလောက်ပဲ နေခဲ့ဖူးပါတယ်။ သူ တပ်ထဲရောက်တော့ ၂-လကြာ စစ်သင်တန်း တက်ရပါ တယ်။ စစ်ရေးပြနဲ့ သေနတ်ဖြုတ်-တပ်တွေ သင်ကြရပါတယ်။ ဒီသင်တန်းပြီးကတည်းက ရှေ့တန်းမှာ တောက်လျှောက် သွားနေရတာပါ။ "ကျနော် မြန်မာစစ်တပ်နဲ့ ပထမဦးဆုံးတိုက်ပွဲကြုံတုန်းက သိပ်ကြောက်တယ်။ နောက်တော့ သူပစ်၊ ကိုယ်ပစ်နဲ့ အကြောက်လျှော့သွားတယ်" လို့ ပြောပြပါတယ်။ အခုတော့ သူက ၀ါရင့်စစ်သားကြီး ဖြစ်နေပါပြီ။ အခုရဲဘော် သစ်တွေ ကြောက်နေရင်၊ သူက မတ်တပ်ရပ်ပြီး ထပစ်ပြတာမျိုးတွေတောင် လုပ်တတ်ပါတယ်။ တိုက်ပွဲတွေမှာ သေနတ် အပြင် လေနဲ့ စစ်ဆင်တာလည်း လုပ်ကြပါတယ်။ မြန်မာစစ်တပ်က သူတို့ကို "ငပွေးတွေ" လို့ခေါ်ပြီး၊ သူတို့က "နေ၀င်းခွေးတွေ" လို့ ပြန်အော်ကြပါတယ်။ ဒီတိုက်ပွဲတွေမှာ သူ ဒဏ်ရာရတာလည်း ၃-ခါ လောက် ရှိပါပြီ။ အခုတော့ သူက တပ်ကြပ် ကြီး အဆင့်တာဝန်ယူနေရပါတယ်။ တဖက်မှာလည်း ကရင်အမျိုးသမီးတဦးနဲ့ အိမ်ထောင်ကျလို့ ၆-နှစ်သား ကလေး တယောက်တောင် ရနေပါပြီ။ သူတို့က အခုတပ်ရင်းမှာ မဟုတ်ဘဲ ဒုက္ခသည် စခန်းတခုမှာ ရှိနေကြပါတယ်။ သူ့သားကို တော့ စစ်သားဖြစ်လာရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးလည်း ရှိနေပါသေးတယ်။ စစ်ပွဲထဲမှာတော့ မြေမြုပ်မိုင်းကို သူ အကြောက်ဆုံးပဲလို့ ပြောပါတယ်။ "ဘယ်မှာရှိနေတာ မမြင်ရဘူးလေ" လို့ သူကရှင်းပြ ပါသေးတယ်။ တသက်မှာ စစ်သား က လွဲရင် သူဘာမှ မလုပ်တတ်သလို၊ တခြားလည်း သူလုပ်ကိုင်စားလိုစိတ် မရှိပါဘူး။ ဒါပေမယ့် ရာထူးနည်းနည်းတက်တာ မျိုးတော့ သူလိုချင် သေးတယ်ဆိုတာ သိရပါတယ်။ သူကတော့ သူတို့ကရင်လူမျိုးတွေ အနာဂတ် တနေ့နေ့ ကောင်း လာလိမ့်မယ်လို့ စိတ်ကူးမျှော်လင့်ချက်တွေ ရှိနေတုန်းပါ။

ဂေးလ်ဘတ်လိုပဲ တောထဲက ဆေးကုခန်းကလေးမှာ ဘ၀ကို မြှုပ်နှံလုပ်ကိုင်နေတဲ့ ကရင်သူနာပြုဆရာမလေး နော်ပေါရဲ့ အကြောင်းကိုလည်း စာရေးသူက အသေးစိတ်ဖော်ပြခဲ့ပါသေးတယ်။ သူက ဒေါက်တာစင်သီယာ မောင် ပေးတဲ့ ကျန်းမာ ရေးသင်တန်းက ဆင်းလို့ သူနာပြုတာဝန်ယူနေတာပါ။ အခုတော့ တောထဲက ထွက်ပြေး နေရတဲ့ ဒုက္ခသည်စခန်းတခုမှာ ဆေးရုံလေးတခုဖွင့်ပြီး ကုသ ကူညီပေးနေပါတယ်။ စစ်ပွဲတွေကြားက လူတွေရဲ့ ကျန်းမာရေးအတွက် တတ်စွမ်းသမျှ သူ ဆောင်ရွက်ပေးနေတာပါ။ နော်ပေါရဲ့ မျက်နှာက တည်ငြိမ် အေးချမ်း တယ်။ လူနာတွေကို အားရှိစေတယ်လို့ စာရေးသူက ရေးပါတယ်။ ဆေးခန်းကလေးကို ၀ါးနဲ့ဆောက်ထားပြီး၊ လူနာကုတင် ၁၂-ခုကိုတော့ ၀ါးနဲ့ပဲ လုပ်ထားပါတယ်။ ဆေးရုံ ကလေးမှာ ၀န်ထမ်း ၂၅ ယောက်အထိရှိပြီး၊ နော်ပေါတို့လို ၀ါရင့်သူနာပြုတွေက အုပ်ချုပ်နေရတာပါ။ အပြင်လူနာ၊ အတွင်းလူနာ၊ အမျိုးသမီး၊ အိမ်ထောင် သည်၊ မီးဖိုဆောင် စသဖြင့် သူတို့ ခွဲခြားပြီး စနစ်တကျ လုပ်ထားတာ ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုတာမျိုးအထိ သူတို့ မစွမ်းသာပါဘူး။ ရောဂါသိပ်ပြင်းထန်ရင် ထိုင်းနိုင်ငံကို ပို့ကုစေရတယ်လို့ ပြောပါ တယ်။ သူတို့အများစု ကုပေးရတာက ငှက်ဖျားနဲ့ သားဖွားပေးရတာမျိုးပါ။ သူတို့မှာ ငှက်ဖျားပိုးကြည့်ဖို့ မိုက္ကရိုစကုပ် အဟောင်းလေး တလုံးတောင် ရှိပါတယ်။ ဆေးဝါးနဲ့ ပစ္စည်း အကူအညီတွေကိုတော့ နိုင်ငံတကာ အလှူရှင်တွေနဲ့ နယ်လှည့် ကျောပိုးအိပ် ဆေးကုပေးရေး အစီအစဉ်က ကူညီပေးပါတယ်။ ကူးစက်ရောဂါအပြင် ကြုံကြရတာက ဒုက္ခတွေ ကြုံလွန်းလို့ စိတ်ထိခိုက် ဝေဒနာဖြစ်နေရသူတွေပါ။ ဒီရောဂါရှင်တွေလိုပဲ သူတို့ ဒီဆေးရုံလေးမှာလည်း စစ် ဘေးဒဏ်လာမှာ စိုးရိမ်နေကြရပါသေးတယ်။ တခါတလေ ရွှေ့ပြောင်းပြေးကြရတာလည်း ရှိခဲ့ပါတယ်။ သူတို့ သူနာပြုတွေမှာလည်း ကိုယ်စီ ဒုက္ခတွေနဲ့ပါ။ နော်ပေါမှာ အိမ်ထောင်ကျလို့ သမီးလေး ၂ ယောက်ရှိနေပါပြီ။ တတိယ ကလေးက ဗိုက်ထဲမှာ စောင့်နေဆဲ ပါ။ သူ့အိမ်ထောင်က အရင်က လယ်သမားဖြစ်ပေမယ့်၊ အခုလို အချိန်မှာ တခါတလေ လယ်မစိုက်နိုင်ပါဘူး။ ဒီလို အချိန်မျိုးမှာ နော်ပေါ ကိုယ်တိုင် ပြင်အလှူရှင်တွေက ထောက်ပံ့တဲ့ လစာငွေ ဘတ် ၁၅၀၀ လောက်နဲ့ ရပ်တည်နေရပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးကို တတ်စွမ်းသ၍ စောင့်ရှောက်ပေးနေကြပုံ သူတို့ဇာတ်လမ်းတွေ ကို စာရေးသူက ချယ်မှုန်း တင်ပြခဲ့ကြောင်းပါ ခင်ဗျား။ နောက်တပတ်မှာတော့ နယ်စပ်တဖက် ရှမ်းပြည်နယ်ဖက်က အကြောင်းတွေကို တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments