Pages

Thursday, July 7, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၅)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ "ပြေးစရာမြေမရှိ" ဆိုပြီး ဖော်ပြထားတဲ့ နယ်စပ်အနီး မြန်မာ ပြည်တွင်းက စစ်ပြေးဒုက္ခသည်တွေအကြောင်းကို တင်ပြပါမယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က နယ်စပ်အနီး မြန်မာပြည်ထဲက ဒုက္ခ သည်တွေ ခိုလှုံရာ ရွာကလေးတခုကိုလည်း ရောက်ပါ တယ်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းဖက်အခြမ်းမှာ တရားဝင် ဒုက္ခသည်စခန်းအများ အပြား ရှိပါတယ်။ ဒုက္ခသည်တွေလည်း သိန်းကျော် နေထိုင်နေကြပါ တယ်။ ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု၊ စီးပွားရေးအရ အမြတ်ထုတ် ခေါင်းပုံ ဖြတ်မှုတွေ ရှိနေတဲ့နေရာ မျိုးမှာ အလိုအပ်ဆုံးက လုံခြုံတဲ့ခိုလှုံနေထိုင်ရာမျိုးပါပဲလို့ စာရေးသူ ရစ်ချတ်က ပြောပါတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်ဒုက္ခ သည်စခန်းတွေက တဖြည်းဖြည်း တင်းကျပ်လာပါတယ်။ နောက်ထပ် လူသစ်လက်ခံတာမျိုးတွေလည်း မရှိသလောက် နည်းလာပါတယ်။ အချို့ ဘုန်းကြီးကျောင်းတွေ၊ ချပ်ကျောင်း တွေ၊ အရပ်ဖက် လူမှုအဖွဲ့တွေက ကူညီလက်ခံထားတယ်ဆို ပေမယ့် မပြောပလောက်ပါဘူး။ အနည်းအကျဉ်းမျှ ကိုပဲ ကူညီနိုင်ပါတယ်။ အဲဒီတော့ စစ်ကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခ သည် အများစုက ပြည်တွင်းမှာပဲ လှည့် လည်ပြေးလွှားပုန်းအောင်း နေထိုင်နေကြရပါတယ်။

စာရေးသူ ရစ်ချတ်က နော်ထူးလီမိုးနဲ့ နော်ပဂေးမူဆိုတဲ့ အမျိုးသမီးကြီး နှစ်ယောက်က ကူညီကယ်တင်ထားတဲ့ လူအုပ် အကြောင်း ဖော်ပြပါတယ်။ သူတို့က အိမ်ထောင်ရက်သားကျပြီးသား ကရင်အမျိုးသမီးကြီးတွေပါ။ တယောက်က ဗုဒ္ဓ ဘာသာ၊ တယောက်ကတော့ ခရစ်ယန်ဘာသာ ကိုးကွယ်ယုံကြည်ကြပါတယ်။ သူတို့ ကိုးကွယ်ယုံကြည်မှုသာ မတူညီ တယ်။ စေတနာ သဒ္ဒါတရားကတော့ တူကြပါတယ်။ သူတို့က ကိုယ့်ဘာသာ ရပ်တည်နိုင်ရုံ လယ်ကလေးစိုက်လို့ သက် မွေးဝမ်းကျောင်းကြပါတယ်။ အခုတော့ သူတို့ လယ်ကွက်အနားမှာ စစ်ပြေးဒုက္ခသည်တအုပ်ကို လက်ခံခိုလှုံခွင့်ပေးထား ရပါတယ်။ နော်ပဂေးမူကတော့ တိရိစ္ဆာန်တချို့မွေးထား တာလည်း ရှိပါသေးတယ်။ သူတို့မြေကွက်ကလေးက ခပ်မတ်မတ် တောင်ကုန်းကလေးတခုပေါ်မှာ ရှိပြီး၊ လှမ်းမျှော်ကြည့်ရင် မြစ်တဖက်ကမ်းမှာ ထိုင်းနိုင်ငံကို မြင်နေရပါသေးတယ်။ အိမ်ထဲ မှာတော့ ကရင်လူမျိုးတွေရဲ့ ရိုးရာ တောင်း၊ ပလုံးတွေ၊ ခပ်ဝေးဝေးက ခူးဆွတ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို မြင်ရပါတယ်။

သူတို့အိမ်စုကလေးရဲ့ အစွန်းမှာ ကျောင်းကလေးတခု ရှိပါတယ်။ အိမ်အောက်မှာ ကလေးတွေ အများကြီးမြင်ရ သလို၊ ပွဲလမ်းတခုက ပြန်လာသလိုမျိုး ကရင်ပျိုဖြူတွေကို ပန်းတွေနဲ့လည်း မြင်ရပါတယ်။ ဘုရားကျောင်းလေးနဲ့ ရပ်ရွာ လူထုတွေဆုံရာ ဇရပ်ကလေးတခုလည်း ရှိပါသေးတယ်။ မြစ်ကမ်းမှာ ပဲ၊ ဟင်းသီးဟင်းရွက်တွေ စိုက် ထားပေမယ့်လည်း အခု သူတို့ရွာကလေးမှာ ခိုလှုံနေသူ ၅၀၀ လောက်ရှိတော့ လောက်တယ် မဆိုနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရွာကလေးက ကျဉ်းကျဉ်းကျပ်ကျပ် နေရပါတယ်။ ရွာကို မိုင်းတွေပတ်လည် ကာရံထားပါတယ်။ မိုင်းတွေ ကာရံထားတယ်ဆိုပေမယ့်၊ သူတို့ကို ဖိနှိပ်ထိန်းချုပ်ဖို့ မဟုတ်ဘဲ၊ မြန်မာစစ်တပ်တွေလာရင် ကြိုတင် အတားအဆီး ဖြစ်နိုင်အောင်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ နော်ထူးလီမိုးနဲ့ နော်ပဂေးမူတို့လို ရွာပုန်းရွာရှောင်တွေ အများကြီး ရှိနေပါတယ်။ သူတို့ရွာ ကလေးက သောင်ရင်းမြစ်ဘေးမှာ ရှိနေပြီး၊ သံလွင်မြစ်တလျှောက်နဲ့ မွန်ပြည်နယ်ထဲမှာလည်း ရှိကြ ပါတယ်။ မြန်မာအစိုးရ က ရေအားလျှပ်စစ်လို၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်လာရင် တွဲလျှက် ထိုးစစ် စစ်ဆင်ရေး တွေ လုပ်ဆောင်လာတတ်ပါ တယ်။ သောင်းကျန်းသူ ဆန့်ကျင်ချေမှုန်းရေး စီမံကိန်းတွေအရလည်း ရွာလူထုနဲ့ သူပုန်တွေကို အဆက်သွယ်ဖြတ်ချင်လို့ ရွာသားတွေကို မြေလှန်မောင်းထုတ်တာတွေလည်း ရှိတတ်ပါတယ်။ ခန့်မှန်းချက်တခုအရ မြန်မာနိုင်ငံမှာ အိုင်ဒီပီလို့ခေါ်တဲ့ ရွာရှောင်ရွာပုန်းတွေမှာ ထွက်ပြေးနေရသူတွေ ၆ သိန်း လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကရင်ပြည်နယ်တခုထဲမှာ ပါ။ တချို့ရွာသားတွေကိုတော့ အစိုးရ ထိန်းချုပ်ရာ စုစည်းလို့ ခေါ်တဲ့ ရွာတွေထဲ စုပြုံပြောင်းခိုင်းပါတယ်။ ဒီလို စုစည်းကျေး ရွာတွေမှာ နေထိုင်နေကြ ရသူ ၃၆၀,၀၀၀ လောက် ရှိတယ်လို့လည်း ခန့်မှန်း ဖော်ပြကြပါတယ်။

အခုလို ရွာပုန်းရွာရှောင်တွေမှာ နေထိုင်ကြသူတွေက အကြောင်းရှိပါတယ်။ ဇာတိမြေကို ခင်တွယ်တာရယ်၊ ဘာမှ လုပ် ကိုင်စားစရာ မရှိတဲ့ အစိုးရရဲ့ စုစည်းရွာတွေထဲ မနေချင်ကြလို့ပါ။ အခုလို လှည့်ပတ်ပြေးလွှား နေထိုင်ရင်း သူတို့ရပ်တည် နိုင်ဖို့ အရည်အသွေးတွေလည်း ထက်မြက်လာကြပါတယ်။ ရုန်းကန်ကြရတာကိုး ခင်ဗျ။ သူတို့ဆီကို နိုင်ငံတကာအကူ အညီတွေလည်း မရောက်နိုင်ကြပါဘူး။ ကိုယ်တိုင် တောင်ယာခုတ် စားဖို့၊ စပါးစိုက်ကြရပါတယ်။ နော်ထူးလီမိုးဆိုရင် သူ့ကလေးတွေနဲ့ တောင်ယာစိုက်ကြရပါတယ်။ ကလေး ၈-ယောက် မွေးခဲ့ပေမယ့်၊ အကုန်လုံးတော့ အဖတ်တင်မကျန်ခဲ့ ပါဘူး။ နင်းမိုင်းနင်းမိလို့ သေရတဲ့ကလေးရှိသလို၊ ပြေးလွှား ရင်း မီးလောင်သေဆုံးရတဲ့ ကလေး၊ ဖျားနာလွင့်စင်ရတဲ့ ကလေးလည်း ရှိခဲ့ပါတယ်။ သူတို့က ပုံမှန် ဇန်န၀ါရီ လမှာ သစ်တောခုတ်ပါတယ်။ တောင်ယာအတွက်ပါ။ ယောက်ျားတွေ က အပင်ကြီးတွေခုတ်ပြီး၊ ကလေးတွေ မိန်းမတွေက တတ်နိုင်သလောက် ၀ိုင်းဝန်းခုတ်ကြရပါတယ်။ နောက်တော့ တလ လောက်ကြာလို့ တောခြောက် တဲ့အခါ မီးတင်ရှို့ကြရပါတယ်။ သူတို့ဘ၀က အခုလိုမှ မစိုက်ရင် စားစရာ မရှိပါဘူး။ မြက် ရှင်း ပေါင်းသင်လည်း အမြဲလုပ်ပေးရပါတယ်။ အခုစပါးတွေကို အောက်တိုဘာ/နိုဝင်ဘာလောက်မှာ ပြန်သိမ်းပါတယ်။ သူတို့ တောင် ယာက တနှစ်နဲ့တနှစ်မတူ ရွှေ့ပြောင်းလုပ်ကိုင်နေကြရပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာပဲ စစ်ကြောင်းရန်က ပြေးလွှား ပုန်းရှောင်နေရရင်း သူတို့စပါးတွေ ဆုံးရှုံးခဲ့ရတာလည်း ရှိပါသေးတယ်။ အခုလို ပြေးလွှားရရင် ပိုင်ဆိုင်တဲ့ပစ္စည်း လည်း များများ မသယ်ဆောင်နိုင်ကြပါဘူး။ သူတို့စောင်တွေ၊ အ၀တ်အထည်တွေ၊ အိုးခွက် တွေပါ ဆုံးရှုံးကြရပါသေး တယ်။ ဒီကြားထဲမှာ အသက် ၄၀ အရွယ် နော်ပဂေးမူ ကိုယ်တိုင်က စစ်တပ် အတွက် စစ်ပစ္စည်း၊ ရိက္ခာတွေကို ပေါ်တာ ထမ်းပေးရတာမျိုး ကြုံခဲ့ရဖူး ပါသေးတယ်။ နှိပ်စက်ညှဉ်းပမ်းတာလည်း ကိုယ်ရော၊ စိတ်ပါ ခံခဲ့ရဖူးပါတယ်။ ဒီလိုနဲ့ပဲ မိသား စုတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

အခုသူတို့နေတဲ့ နေရာနဲ့ မူလက အခြေချရာ ရွာတွေက သိပ်ဝေးလှတာတော့ မဟုတ်ပါဘူး။ သွားရင်တရက်ခရီးအကြာမှာ ရောက်တတ်ပါတယ်။ တချိန်ကျရင် သူတို့ရွာတွေမှာ ပြန်လည်အခြေချ နေထိုင် နိုင်ဖို့လည်း စိတ်ကူးမျှော်လင့်ချက်တွေ ရှိကြ ပါသေးတယ်။ အခုလို စစ်ပြေးရွာပုန်း ရွာရှောင်တွေအကြောင်းကို စာရေးသူက ဓာတ်ပုံအမြောက်အများနဲ့ ဖော်ပြခဲ့ကြောင်း ပါ ခင်ဗျား။ နောက်တပတ်မှာတော့ သစ်တောကို ကာကွယ်ခြင်းဆိုပြီး၊ ကရင်တော်လှန်ရေးရဲဘော် တယောက်ရဲ့ဘ၀ကို တင်ပြထားတာ ဆက်လက်ဖော်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments