Pages

Thursday, July 7, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၄)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ ထိုင်း-မြန်မာ နယ်စပ်ဒေသ မြ၀တီက ဧည့်ခရီးသွား လုပ်ငန်း၊ နယ်စပ်စည်းဘေး နေထိုင်နေတဲ့ ပျံကျမိသားစုတွေရဲ့ဘ၀တွေ၊ နယ်စပ်က ဘာသာရေး၊ အထူးသဖြင့် မြန်မာပြည်က သံဃာတွေရဲ့ အခြေအနေကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်တဖက်ကမ်း မြန်မာပြည် ဖက်က မြ၀တီကိုလည်း အလည်တခေါက်ရောက်ခဲ့ပါ တယ်။ ဒီ့မတိုင်မီ သူက ထိုင်းနိုင်ငံရနောင်းကနေတဆင့် မြန်မာပြည် ကော့သောင်းဖက် ကိုလည်း ဖြတ်ကူးလည်ပတ်ခဲ့ဖူး ပါတယ်။ သူပြောတာက ရနောင်း-ကော့သောင်းဖက် ၀င်ကြတဲ့ခရီးသည်တွေက အများအားဖြင့် ထိုင်းမှာဗီဇာသက်တမ်း တိုးကြမလို့ဖြစ်ပြီး၊ လည်ပတ်စရာ ပင်လယ်ကမ်းခြေနီးနီးနားနားလည်း ရှိပါတယ်။ ရှောရှောရှုရှု အချိန်လည်း သိပ်မယူဘဲ ပြီးတယ်လို့ဆိုပါတယ်။ မဲဆောက်-မြ၀တီကူးကြတဲ့သူတွေက တော့ ဧည့်ခရီးသွားတွေပါသလို၊ မဲဆောက်မှာ ကိစ္စပေါင်းစုံနဲ့ လာရောက်နေထိုင်ကြသူတွေ အထူးသဖြင့် စေတနာ့ဝန်ထမ်း တွေ၊ အဲန်ဂျီအိုလုပ်သားတွေလည်း ပါဝင်တယ်ဆိုပါတယ်။ ဒီလိုနဲ့ သူမြ၀တီမြို့ကို အလည် တခေါက်ရောက်ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဂိတ်တံခါးတွေက မနက် ၆ နာရီကနေ ညနေ ၆ နာရီ ဖွင့်ပါတယ်။ မြန်မာဖက်က ဗီဇာသက်တမ်းတိုးဖို့ ကူးလာသူတွေကို ဘတ် ၅၀၀ ကောက်ပါတယ်။ အများစုကတော့ သိပ် လည်ပတ်နေတာ မဟုတ်ဘူး၊ ဗီဇာတုံးထု၊ လှည့်ပြန်ကြတယ်ဆိုပါတယ်။ ထိုင်းနိုင်ငံက တနေ့ကူး ဧည့်သည် တွေလည်း ရှိပါတယ်။ သူတို့ကလည်း ညအိပ်ညနေ မနေဘဲ သူတို့မြေပေါ်ပြန်အိပ်ရတာပဲ စိတ်ချတယ်လို့ ဆိုပါတယ်။ သူက ဧည့် လမ်းညွှန်ဆိုတဲ့ ပုဂ္ဂိုလ်တဦးနဲ့တွေ့ပါ တယ်။ အသက်က ၄၀ လောက်ရှိပြီး၊ အရပ် ခပ်ပြတ်ပြတ် လူတယောက်ပါ။ မူလက မွန်ပြည်နယ်ထဲက ပြောင်းလာတယ်ဆိုပါတယ်။ သူနေတာက နယ်စပ်ကူး တံတားအနီးက ပျံကျရပ်ကွက်မှာနေပါတယ်။ အဲဒီမှာ ကလေးတွေအတွက်လည်း ၆ တန်းအထိ အင်္ဂလိပ်စာကျူရှင်ဖွင့်ထားပြီး၊ တယောက်ကို တလ ၂,၀၀၀ ယူတယ် ပြောပါတယ်။

သူ့အင်္ဂလိပ်စကားပြောကတော့ မဆိုးပါဘူး။ သူနဲ့အတူ မြို့ထဲခဏလှည့်မယ်ဆိုရင် ၀န်ဆောင်ခအနည်းငယ် တော့ ပေးရပါလိမ့်မယ်။ သူက မြို့ထဲလည်မယ်ဆိုတော့ မြို့ထဲက ရွှေမြင့်ဝန်ဘုရားကို ခေါ်သွားပါတယ်။ သူက နယ်စပ်ဈေး မြို့တွေမှာ တွေ့ရတတ်တဲ့ မြင်ကွင်းတွေကိုလည်း သေချာဖော်ပြပါတယ်။

ကားကြီးကားငယ်အသွယ်သွယ်၊ ထော်လာဂျီလို တရုတ်လုပ်ကားတွေ၊ မြန်မာပြည်မှာ သုံးနေဆဲ ကားဟောင်း တွေ.. ဈေးဆိုင်တန်းတွေ၊ ဖြတ်သန်းဖြတ်လာ ဈေးသည်တွေ လူထုတွေကိုလည်း ပုံဖော်ပြပါတယ်။ နယ်စပ်မှာ အင်္ဂလိပ်လို စာလုံးအမှားတွေနဲ့ ဆိုင်နာမည်ရေးထားတဲ့ ကော်ဖီဆိုင်၊ "မူးယစ်ဆေး ကုန်ကူးရင် ကြီးလေးတဲ့ ပြစ်ဒဏ် ခံရမယ်"ဆိုတာ ရေးထားတဲ့ အစိုးရဆိုင်းပုတ်မှာတောင် အင်္ဂလိပ်စာသတ်ပုံ မှားနေတာ သူက မြင်ဖြစ်အောင်မြင်ပါတယ်။ နောက်တော့ နယ်စပ်မှာ စီးပွားရေးသြဇာကြီးတဲ့ တရုတ်နဲ့ ၀ကုန်သည်တွေ၊ သောင်ရင်းမြစ်အနီးမှာ အရင် ဘိန်းဘုရင်ခွန်ဆာလက်ထောက်ဟောင်း တောင်းလို ဆိုသူကဖွင့်ထားတဲ့ Riverside ကာစီနို ကစားရုံအကြောင်း စသဖြင့် မကျန်အောင် ဖော်ပြပါတယ်။ မြန်မာဖက်မှာရောင်းတဲ့ သွားရေစာ ဟာလ၀ါမုန့်၊ ငပိငါးခြောက် ဈေးကွက်အကြောင်း ဖော်ပြခဲ့သလို၊ လမ်းညွှန်က သူ့ကို ရှေးဟောင်း ပစ္စည်းဈေးကွက်ကို မရအရ တိုက်တွန်းခေါ်နေတဲ့ပုံ ကိုလည်း ထည့်ရေးခဲ့ပါသေးတယ်။ ဧည့်လမ်းညွှန်အတွက်က ကော်မရှင်ရလို့ အခုလိုအတင်းဆွဲခေါ်နေတာ ဖြစ်မယ်လို့ လည်း သူက ဖော်ပြပါသေးတယ်။

အဲဒါအပြင် ထိုင်းဖက်ကမ်း၊ တံတားကြီးတဲ့မဝေးတဲ့နေရာမှာ ရှိနေတဲ့ မြန်မာပျံကျရပ်ကွက်လေးနဲ့ မိသားစုတွေ အကြောင်း ကိုလည်း အသေးစိတ် ချယ်မှုန်းဖော်ပြခဲ့ပါသေးတယ်။ အထူးသဖြင့်တော့ ဒေါ်ဆေးဆိုတဲ့ အိမ် ထောင်ရှင်မကြီးအကြောင်း ပါ၊ သူတို့မိသားစု ရုန်းကန်နေရပုံက အဲဒီအရပ်က လူတွေရဲ့ဘ၀တွေကို ထင်ဟပ် နေပါတယ်။ အဲဒီရွာကလေးမှာ ပိုးကရင် လူမျိုးတွေ များပါတယ်။ ဒေါ်ဆေးက အသက် ၄၁ နှစ်ရှိပါပြီ။ သူကိုယ်တိုင်ငယ်ငယ်ကတည်းက မိဘတွေနဲ့ မကြီးပြင်းခဲ့ရ ပါဘူး။ သူ့အဖေအမေတွေက ရန်ကုန်မှာ အလုပ်သွားလုပ်ကြတော့ အဖိုးအဖွားတွေနဲ့ ကျန်ခဲ့ရပါတယ်။ နောက်တော့ မောင်နှမတွေသာ များလာတယ်။ သူက အဖေအမေနဲ့ ပြန်နေရတာ မရှိခဲ့ပါဘူး။ နောက်တော့ သူက အလုပ်လက်မဲ့လို့ ပြောတဲ့ အခုယောက်ျားနဲ့ အိမ်ထောင်ကျပါတယ်။ ယောက်ျားက အခုတော့ ၅၀ ပတ်ဝန်းကျင်ပါ။ လူအေးဆိုပေမယ့် အရက်ကလေး ၀င် လာမှ စကားများတတ်သူပါ။ သူတို့အခု မိသားစုကလေး ဖြစ်လာပြီး၊ တဲကလေးတလုံးလည်း ပိုင်လာ ပါတယ်။ သားသမီးတွေကတော့ အသက် ၂၁ သမီးကြီးက အသက် ၁၆ နှစ်ကတည်းက ဘန်ကောက်အလုပ်သွားလုပ်နေ ပါပြီ။ သားအကြီးက မဲဆောက်က ကားပြင်ရုံတခုမှာ လုပ်နေပါတယ်။ ကျန်တဲ့ကလေးတွေက ၁၇၊ ၁၅၊ ၁၃၊ ၁၁ ဖြစ်ပြီး သူတို့နဲ့အတူ နေနေဆဲပါ။ ဒေါ်ဆေးက ကိုယ်တိုင်စာမတတ်ခဲ့ပါဘူး။ အခုတော့ သူက မုန့်တီ ကိုယ်တိုင် လုပ်ရောင်းသလို အိမ်ဆိုင်ကလေးဖွင့်ပြီး အသက်မွေးနေတာပါ။ သူတို့လိုပဲ ဒီရွာကလေးမှာ မြန်မာပြည်ဖက်က ကရင် ၅၀၀ လောက် အခြေ ချနေကြပါတယ်။ ကလေးတွေအတွက်တော့ လာရောက်ကူညီပေးတဲ့သူတွေကပဲ စာသင်ကျောင်းကလေးတခု လာဖွင့်ပေး ထားပါတယ်။ ဆရာ/ဆရာမတွေကလည်း အခုလို ဒုက္ခသည်တွေ ထဲကပဲ ၆ ယောက် လာပြီး လုပ်ကိုင်ပေးနေကြပါတယ်။ သူတို့ ရွာကလေးမှာ အပန်းဖြေစရာဆိုလို့ အိမ်တလုံးမှာ ဗွီစီဒီနဲ့ ရုပ်မြင်သံကြားသေးသေးကလေး တလုံးရှိပါတယ်။ အိမ်က ကျဉ်းတော့ လူအများကို လက်ခံမဖျော်ဖြေ နိုင်ပါဘူး။ ဒေါ်ဆေးကတော့ မှန်ပြောင်းတခုလောက်ရှိချင်တယ်။ ဒါမှပဲ သူ့ခြံ ပေါက်ကနေ တီဗွီလှမ်းကြည့်ရင် အဆင်ပြေမယ်လို့ ပြောခဲ့တာကိုလည်း စာရေးဆရာက ထည့်ရေးခဲ့ပါသေးတယ်။

မြ၀တီရောက်တော့ သူက လူအများရိုသေကြည်ညိုတဲ့ ဆရာတော် ဦးဝိနိယကျောင်းကို ရောက်ပါတယ်။ သာမည ဆရာတော်လို့ လူသိများသူပါ။ နယ်စပ်မှာ သာသနာရေးလုပ်ကြတဲ့ သံဃာတွေထဲမှာ ၂-မျိုး ၂ စား ရှိတယ်လို့သံဃာတပါးက သူ့ကို ရှင်းပြတာကိုလည်း ဖော်ပြပါတယ်။ မဲပမှာ သူတွေ့ရတဲ့သံဃာတပါးက အရင် နိုင်ငံရေးအကျဉ်းသားဟောင်း နိုင်ငံ ရေးနဲ့ဆိုင်တဲ့ သံဃာပါ။ တရားကျင့်ကြံအားထုတ်မှုကို သန်တဲ့သံဃာတွေ ရှိသလို၊ ပရိယတ္တိစာပေလိုက်စားတာကို သန် တဲ့သံဃာတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။ နယ်စပ်က သံဃာ တွေက နယ်စပ်မှာနေထိုင်ကြတဲ့ လူထုတွေရဲ့ သာရေး၊ နာရေး ကျင့်ဝတ်ရေးရာ၊ ဘာသာရေးရာကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေကြပါတယ်။ စာရေးသူက နယ်စပ်ကသံဃာ တွေအကြောင်း ဖော်ပြရင်းနဲ့ မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ သံဃာတွေက အာဏာပိုင်တွေအပေါ် ပတ္တနိကုဇနကံဆောင် သပိတ် မှောက်ပုံတွေ၊ စစ်တပ်အာဏာ ပိုင်တွေက အယူအစွဲကြီး ဗေဒင်ယတြာ ယုံကြည်မှုကဲလွန်းကြပုံ အကြောင်းတွေကို နှိုင်း ယှဉ်ဖော်ပြခဲ့ကြောင်း ပါခင်ဗျား။

နောက်တပတ်မှာတော့ ပြေးစရာမြေမရှိဆိုတဲ့ ဒုက္ခသည်စခန်းတွေအကြောင်း၊ ပြည်တွင်းမှာပဲ လှည့်ပြေးနေကြ ရတဲ့ အိုင်ဒီပီ လို့ခေါ်တဲ့ စစ်ပြေးရွာပုန်း ရွာရှောင်တွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments