Pages

Thursday, July 7, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၃)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသက ပေါက်ကွဲစေတတ်တဲ့ ယမ်းပစ္စည်း များ၊ မိုင်း များအန္တရာယ်နဲ့ မိုင်းဒဏ်ရာရ လူထုတွေအတွက် ကယ်ဆယ် ကုသရေးကူညီပေးနေကြသူ အကြောင်းတွေကို တင်ဆက် ထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က ဒေါက်တာစင်သီယာမောင် ဆေးရုံ တက်နေတဲ့ လူနာတယောက်နဲ့ ရင်းနှီးခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်ကာလ လောက်မှာ သူက မဲဆောက်မှာ ၆ လလောက် ရှိနေစဉ် မကြာခဏ ဆိုသလို ဆရာမဆေးရုံကို ရောက်ခဲ့ ပါတယ်။ သူက ဆေးရုံက၀န်ထမ်း၊ လူနာအချို့ကို အင်္ဂလိပ်စကားပြော၊ ဆေးပညာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာသင်ကြားဖို့ ရောက်ခဲ့တာပါ။ အဲဒီမှာပဲ နယ်စပ်ဒေသက တော်လှန်ရေးရဲဘော်ဟောင်းတဦးနဲ့ တွေ့ပါတယ်။ အခုတော့ နယ်စပ်ဒေသ တွေမှာ တိုက်ပွဲ တွေ လျော့နည်းလာခဲ့ပြီဆိုတော့ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာရတာလည်း မရှိသလောက်နည်းလာပါတယ်။ စစ်ပွဲတွေ မရှိပေမယ့်လည်း ဆက်ပြီးအသုံးတည့်နေဆဲ သုံးနေကြဆဲ လူတွေ ထိခိုက်ဒဏ်ရာ ရနေကြဆဲ လက်နက်တခုလည်း ရှိပါတယ်။ အဲဒါကတော့ မြေမြုပ်မိုင်းတွေ၊ ပေါက်ကွဲစေတဲ့ ယမ်းပစ္စည်းတွေပါ။ မြေ မြုပ်မိုင်းတွေ လက်ဖြစ်လုပ်ခဲ့ရဖူးတဲ့ ရဲဘော်က ရှင်းပြတာကိုလည်း သူကြားခဲ့ရဖူး ပါတယ်။

ဝါးတဆစ်ကိုဖြတ်၊ နေရောင်ထဲမှာ နည်းနည်းအခြောက်ခံ၊ ပြီးရင် စီ-၃၊ စီ-၄ ယမ်းနည်းနည်းကိုထည့် ဒါပဲလို့ ပြောပါတယ်။ စီ-၃၊ စီ-၄ အမျိုးအစား စစ်သုံးယမ်းတွေက ဆားအရောင်လို ရှိပါတယ်။ အချို့က အချောင်းသဖွယ် ရှိတတ်ပါတယ်။ အများ ကြီးလည်း ထည့်စရာမလိုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားကတောကြီးတခုလုံးကို ဖြိုချမှာမှ မဟုတ်တာ။ နောက် တခုက ကျနော်တို့က နအဖစစ်သားတွေကို သေစေချင်တာမဟုတ်ဘူး။ ဒဏ်ရာရရုံပဲ ရစေချင်တာပါ။ သူတို့ဒဏ်ရာများ များရရင် ရှေ့ဆက်ချီတက်ဖို့ မဖြစ်နိုင်တော့ဘူးလေ.. လို့ အဲဒီရဲဘော်ဟောင်းက ရှင်းပြပါတယ်။ ၀ါးထဲကို စီ-၃/၄ ယမ်းတွေ ထည့်ပြီးရင် ၀ါယာကြိုးငယ် ၂ ချောင်း လိုပါတယ်။ နောက်တော့ ဒီ-ဆိုက်မျိုးဓာတ်ခဲ တလုံးနဲ့ ချိတ်ဆက်ပြီး၊ အဖိုအမကို တဖက်က ယမ်းထဲမြုပ်ထားတဲ့ စနက်တံ Cap ကိုဆက်၊ တဖက်ကတော့ နင်းလိုက်ရင် လျှပ်စီးပတ်လမ်း ပြည့်သွားစေမယ့် အံဟထောင်ချောက် လေးနဲ့ ချိတ်ဆက်ကြပါတယ်။ အဲဒီအံဟကလေးကို နင်းမိလိုက်ရင် ဖိုမ လျှပ်စီးပတ်လမ်းပြည့်ပြီး ပေါက်ကွဲမှု ဖြစ်ပါတယ်။ ဒါကိုမြေကြီးထဲမှာ လက်၅ လုံးလောက် ကျင်းကလေးတူးပြီး မြှုပ်နှံကြပါတယ်။ ဒီအလုပ်က သိပ် အန္တရာယ်များတဲ့အလုပ်ပါ။ လတိုင်းလိုလို မိုင်းထောင်တဲ့သူတွေ မိုင်းကွဲလို့ ထိခိုက်ဒဏ်ရာရှိကြောင်းလည်း သူကပြောပြပါ တယ်။ ဒီမိုင်းကို လူမမြင်ရလေအောင် သစ်ရွက်၊ သစ်ကိုင်း၊ မြေနဲ့ ပြန်အုပ်ထားကြပါတယ်။ "သတိ.. မိုင်းရှိသည်" ဆိုတဲ့ မှတ်တိုင်မျိုးထားတာလည်း မရှိပါဘူး။ ပြောရမယ်ဆိုရင် နင်းမိုင်းတွေက လူတွေ လုပ်တဲ့ အန္တရာယ်၊ လူတွေမှာ ပိုတာဝန်ရှိ တယ်လို့ စာရေးသူက ဆိုပါတယ်။

စာရေးသူက မိုက်ခရိုး (Mike Croll) ရေးသားတဲ့ "မြေမြုပ်မိုင်းသမိုင်း" ဆိုတဲ့စာအုပ်ကို ကိုးကားပြီး ဖော်ပြပါ သေးတယ်။ စစ်ပွဲတွေမှာ ဘီစီ ၅၂ ဂျူးလီးယက်ဆီဇာလက်ထက်က ယမ်းတွေမပေါ်သေးပေမယ့် မြေမှာ ထောင်ထားတဲ့ ဆူးချွန်တွေကို ထောင်ချောက်သဘော သုံးခဲ့တယ် ဆိုပါတယ်။ တခါ အလယ်ခေတ်လောက်မှာ Fougasse လို့ခေါ်တဲ့ မြေမြုပ်ထားတဲ့ အမြောက်တမျိုးကို ကျောက်တုံး၊ ကျောက်ခဲတွေဖုံးလို့ သုံးခဲ့ပါသေးတယ်။ ခလုတ်ဖြုတ်လိုက်တဲ့အခါမှာ အနီးအနားက လူတွေ သေကြေဒဏ်ရာရပါတယ်။

အမေရိကန်ပြည်တွင်းစစ်ကာလမှာတော့ မိုင်းတွေက နည်းပညာပိုတိုးတက်နေပါပြီ။ သင်္ဘောဖျက်မိုင်း၊ လျှပ်စစ်နဲ့ ခွဲတဲ့မိုင်း၊ ဖိရင်ကွဲတဲ့မိုင်း စသဖြင့်ပါ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မှာတော့ ပိုလို့နည်း ပညာ အများကြီးတိုးတက်နေခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်စလို့ သိပ်မကြာခင်မှာပဲ မြေမြုပ်မိုင်းကို သုံးလာခဲ့ကြပါ တယ်။

အကြမ်းမဖက်ရေး နိုင်ငံတကာအဖွဲ့ (NVI) နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့က မြန်မာနိုင်ငံက မြေမြုပ်မိုင်းအခြေ အနေကို စောင့်ကြည့်လေ့လာနေခဲ့ကြပါတယ်။ မိုင်းတွေကို အစိုးရစစ်တပ်ဖက်ကရော၊ သူပုန်တွေဖက်ကပါ သုံးနေကြတာ ပါ။ သူတို့လေ့လာချက်တွေအရ သူပုန်တွေဖက်ကတော့ ခုနကပြောသလို ၀ါးဆစ်မိုင်းတွေသုံးကြသလို၊ အစိုးရစစ်တပ်က တော့ MM1 နဲ့ MM2 ဆိုတဲ့ မိုင်းတွေကိုယ်တိုင် ထုတ်လုပ်သုံးကြ ပါတယ်။ ၂၀၀၂ သူတို့လေ့လာချက်အရ မိုင်းကြောင့်ထိ ခိုက်ဒဏ်ရာရသူ ၁,၅၀၀ လောက်ရှိတယ် ဆိုပါတယ်။ အဲဒီထဲက ၇၉% လောက်ဟာ လူနေရွာနဲ့ ၂ ကီလိုမီတာမဝေးတဲ့ နေရာမှာ ထိခိုက်ဒဏ်ရာရတာပါ။ ဒဏ်ရာရသူ ၉၀% လောက်က ခြေလက်အင်္ဂါဆုံးခဲ့ရပြီး ကျန် ၄၀% လောက်က မျက်စေ့ ဆုံးရတာ၊ အကြားအာရုံဆုံးခဲ့ရတာ ရှိတယ်ဆိုပါတယ်။ ဒီမိုင်းဒဏ်ရာ ရပြီးတဲ့နောက် လူမှုရေး၊ ပုဂ္ဂိုလ်ရေး၊ စီးပွားရေး နောက်ဆက်တွဲပြဿနာ တွေ လည်း ကြုံကြရပါတယ်။ ဒီအချက်တွေကြောင့် မြေမြုပ်မိုင်း ပိတ်ပင်ရေးလှုပ်ရှားနေကြသူတွေ အများအပြား ရှိပါတယ်။ ဒါပေမယ့် စာရေးသူကတော့ မဲဆောက် ဒေါက်တာစင်သီယာမောင်ဆေးခန်းက အသက် ၅၁-နှစ် အရွယ် ခြေတုလက်တုလုပ်ပေးနေတဲ့ မောကဲဆိုတဲ့ အဖိုးအိုကြီးနဲ့ တွေ့ခဲ့ရတဲ့အကြောင်းလည်း သေချာဖော်ပြ ခဲ့ပါသေးတယ်။

သူက ပလပ်စတာပုံစံခွက်တွေ၊ ရာဘာ၊ သစ်သားတွေနဲ့ ခြေတုလုပ်ပေးပြီး မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရလာသူ တွေကို ကူညီပေး နေတာပါ။ အောက်ခံခြေထောက်ပုံစံကိုတော့ သူတို့မထုတ်လုပ်ဖူး။ ကမ္ဘောဒီးယားမှာ ရှိတဲ့ စက်ရုံက မှာယူတယ် ပြောပါတယ်။ ခြေထောက်ဖ၀ါးအတု တစုံမှ မှာယူရင် ၄ ဒေါ်လာလောက်ပဲ ကျပါတယ်။ ဒီခြေတုတွေက ဒုက္ခသည်စခန်း ထဲ၊ မြို့ရွာတွေမှာ သုံးရင် အချိန်အတော်ခံတယ် ပြောပါတယ်။ တောတောင်ထဲ လျှောက်သွားတယ်ဆိုရင်တော့ သိပ်ပြီး ရေရှည် မခံနိုင်ဘူးလို့ ဆိုပါတယ်။ ၂၀၀၁ ခုနှစ်က စလို့ မောကဲဆိုတဲ့ အဖိုးအိုက ခြေတုလက်တု အလုပ်ရုံသင်တန်းကို လည်း ဖွင့်ထားခဲ့ပါတယ်။ ပထမနှစ်မှာ ခြေတု ၃၀ ထုတ်နိုင် တယ်။ နောက်တော့ တနှစ်ခြေတု ၁၀၀ ထုတ်နိုင်တယ် ဆိုပါ တယ်။ အခြား အဲန်ဂျီအိုတွေကလည်း ကူညီပံ့ပိုးမှု တွေ ရှိပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လုပ်ဆောင်နေကြ တာပါ။ သင်တန်းတွေလည်း ပျံ့ပွား ပေးနေပါတယ်။ သူကလည်း မြေမြုပ်မိုင်းဒဏ်သင့်ပြီး မသေလို့ကျန်ရစ်ရသူ တဦးပါ။ ၁၉၈၆ ခုနှစ်ကတည်းက မတော်တဲ့ ခြေတလှမ်းကြောင့် အခုလို ဖြစ်လာခဲ့ရတာပါ။ ဒါပေမယ့် အခုလိုသူရဲ့ခြေတု လက်တု စက်ရုံငယ်က နေပြီး သူတို့ ကောင်းကျိုးဆောင်နိုင်မှုကို ဆက်လက်ပျံ့ပွားစေဖို့ လုပ်ဆောင်နေကြပါတယ်။ အဲသည်လိုပဲ သူတို့ အခြေစိုက်တဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးရုံကလေးအကြောင်း၊ ဆေးရုံပေါ်က လူနာတွေရဲ့ တဦးချင်းဘ၀ ပုံရိပ်တွေ၊ သာမာန်ဆေးခန်းကလေး- အိမ်အိုကြီးတခုက ဆေးပေးခန်းကလေးကနေ အခုအခါ တနှစ်ကို လူနာ ၈၀,၀၀၀ လောက်အထိ လက်ခံကုသပေးနေရတဲ့ ဆရာမရဲ့ဆေးခန်းအကြောင်းတွေကို ဓာတ်ပုံတွေ အမြောက် အများနဲ့ တင်ပြခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ မဲဆောက်ဒေသက ဧည့် ခရီးသွားလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေအကြောင်း ဆက် လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments