Pages

Thursday, July 7, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၂)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသမှာ သူတွေ့ခဲ့ရတဲ့ ပန်းချီဆရာ တဦး အကြောင်း တင်ပြထားပါတယ်။ "အနုပညာရှင်ရဲ့ လွတ်လပ်စွာ ဖန်တီး ခွင့်လိုင်စင်" လို့ အခုဆောင်းပါးကို နာမည်ပေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်မှာရှိနေတုန်း ဟိုရောက် သည်ရောက် ပုံပြင်ပြောပြသူလည်း တွေ့ရသလို၊ ပန်းချီ ဆရာတဦး၊ အနုပညာသမားတဦးနဲ့လည်း ကြုံခဲ့ရပါတယ်။ ပုံပြောကောင်းတဲ့သူရဲ့ ပုံပြင်တွေက တီထွင်ထုတ်လုပ်နေတာ မယုံကြည်နိုင်စရာ ဖြစ်လာပေ မယ့်၊ အနုပညာသမားဆိုတာက ဒီအတိုင်း ပြောင်တင်ပြရင် လူတွေ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ ဖြည့်စွက် ထုံမွမ်းမှု၊ ဖန်ဆင်းမှုတွေနဲ့ တင်ပြမှသာ အနုပညာမြောက်တာပါ။ သူတွေ့ခဲ့ရတဲ့ နယ်စပ်က ပန်းချီ ဆရာက မောင်မောင်တင်လို့ ခေါ်ပါတယ်။ သူက ဒေါက်တာစင်သီယာမောင် ဆေးခန်းကိုသွားစဉ်မှာ ဆုံခဲ့ရတာပါ။ သူက ဆေးခန်းရဲ့ နောက်ဖက်နားမှာ နေပါတယ်။ ကိုမောင်မောင်တင်က ကရင်ပြည်နယ်၊ ကော့ကရိတ်နယ်သားလို့ ပြောပါတယ်။ သူ့အသက်ကို မေးတော့ မပြောလိုတဲ့ပုံပါ။ ၃၅-၄၀ ကြားလို့ မှန်းရပါတယ်။ လူမျိုးကတော့ အစုံပါ။ အဖေက စကောကရင် လို့ဆိုပြီး၊ သူ့အမေဖက်ကတော့ ရှမ်း၊ ဗမာ၊ မွန်သွေးနှောတယ်လို့ ပြောပါတယ်။ သူ့မိဘတွေက ငယ်ငယ်ကတည်းကပဲ ကျောက်ကပ်ရောဂါနဲ့ ဆုံးကြပါတယ်။ ၁၀-တန်းအထိတော့ သူ ကျောင်း တက်ခဲ့ရပါတယ်။ အဲဒီအချိန်က သူကြီးလာရင် ဆရာဝန်ကြီးဖြစ်ချင်တဲ့စိတ်လည်း ရှိခဲ့ဖူးတယ် ဆိုပါတယ်။ နောက်တော့ သူက လျှပ်စစ်ရုံးမှာ စာရေးကလေးဝင်လုပ်၊ အသက်မွေးနေခဲ့ပါတယ်။ အစိုးရ၀န်ထမ်းဖြစ်တော့ ပေါ်တာဆွဲခံရတာမျိုး ကင်းလွတ်ရတာပေါ့လို့ သူက ပြောပြပါသေးတယ်။ တရက်မှာတော့ သူက တောထဲကို ထွက်လာခဲ့ပါတယ်။ ထူးခြားတဲ့ခံစားမှု ရှိလို့ရယ်တော့ မဟုတ်ပါဘူး။ သူက အစိုးရ၊ သူ့လုပ်ငန်း အကုန်ငြီးငွေ့ နေပြီ။ နောက်တော့ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ တရက်မှာ တောထဲကို ဘယ်သူငယ်ချင်း တယောက်ကိုမျှ မပြောဘဲနဲ့ ထွက်ချ လာခဲ့တယ်လို့ ဆိုပါတယ်။ သူတောထဲရောက်တော့ KNLA က ကရင်တော်လှန်ရေး စစ်သားတွေနဲ့ တွေ့ပါတယ်။ သူတို့က ဒီလူတယောက် ဘာလို့တောထဲလာသလဲဆိုပြီး တွေဝေ ရှုပ်ထွေးနေကြ ပါသေးတယ်။ သူ့အသိတယောက်ကြောင့်သာ သူ့ကံကောင်းရတာပါ။ နောက်တော့ သူ့ကိုကျိုက်ဒုံဆိုတဲ့ ကရင်တပ်မဟာ-၆ အခြေစိုက်ရာရွာကို ပို့လိုက်ပါတယ်။ နောက်တော့ မဲဆောက်နယ်စပ်ဖက်ကို ထွက်လာ ပါတယ်။ ဒီမှာ သူဒေါက်တာစင်သီ ယာမောင် ဆေးခန်းကို ရောက်လာတာပါ။

အဲဒီမှာ သူက ပဏာမကျန်းမာရေးစောင့်ရှောက်ပေးမှု သင်တန်းကို တက်ပါတယ်။ ဆေးခန်းမှာလည်း အချိန်ပိုင်း ဆေးမှူး အဖြစ် ကူညီပေးပါတယ်။ သူငယ်ငယ်က ပန်းချီမဆွဲဖူးပါဘူး။ မိဘတွေက ချို့တဲ့တော့ ပန်းချီဆွဲဖို့ ဆေး၊ စုတ်တံလည်း မ၀ယ်နိုင်ခဲ့ပါဘူး။ အခုမှပဲ သူ့ဝါသနာက ပြန်ပေါ်လာပါတယ်။ ဒီလိုနဲ့ ၁၉၉၉ ခုမှာ ပန်းချီစဆွဲ ဖြစ်ပါတယ်။ စာရေးသူ ရစ်ချတ်နဲ့ တွေ့တော့ သူ့ပန်းချီလက်ရာကနေ ပြန်ပွားထားတဲ့ ပုံ ပို့စ်ကဒ်လေး ပေးပါ တယ်။ အဲဒီပုံက ရေဆေးနဲ့ ဆွဲထား တာပါ။ ကလေး ၃ ယောက်- ယောက်ျားလေး ၂ ယောက်၊ နောက်ကနေ မိန်းကလေးက သစ်သားတံတားအို ယိုင်နဲ့နဲ့ကို ဖြတ်လာပြီး တခုခုကို တွေ့လိုက်တဲ့မျက်လုံးတွေနဲ့ ရပ်လိုက်တဲ့ ပုံပါ။ ပုံကားတခုလုံးရဲ့ အရောင်က မှောင်ပါတယ်။ ညနေ အကျကို ရောက်တော့မှာလား၊ ဒါမှမဟုတ် အလင်း ရောင်မလာသေးတာလား မသိရတဲ့ကာလပါ။ သူတို့ကြည့်နေပုံက မသေချာတဲ့ပုံ၊ သူတို့ မျှော်လင့်ထားတာ တခုခု ဖြစ်လာတဲ့ပုံမျိုးပါ။ ဒီပုံက နယ်လှည့်ဆေးကုပေးနေတဲ့ ဒေါက်တာစင်သီ ယာမောင်ရဲ့ ကျောပိုးအိပ် ဆေးမှူးတွေ ရိုက်လာတဲ့ ဓာတ်ပုံက ပြန်ဆွဲတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဓာတ်ပုံအတိုင်း ပြန်ဆွဲတာ မဟုတ် ဘဲ၊ သူက ဉာဏ်ကွန့်မြူး ခံစားချက်ထည့်ထားပါတယ်။ တခါတလေ ဆေးခန်းက လူတွေက ဓာတ်ပုံပေးပြီး သူ့ကို ပန်းချီလာဆွဲခိုင်းတတ်တယ် ပြောပါတယ်။ သူက ဓာတ်ပုံတစ်ရာ လောက်ကနေ၊ ပန်းချီတပုံ ထွက်ချင်ထွက် ပါလိမ့်မယ်။ သူ့ခံစားချက်ကပဲ အရေးကြီးပါတယ်။ သူတို့ပေးတဲ့ပုံထက် သူ့ဘာသာရွေးရတာ ပိုသဘောကျ ပါတယ်။ သူဆွဲထား တဲ့ကားတွေက နယ်စပ်က လူမှုဘ၀တွေကို ထင်ဟပ်နေတဲ့ မြင်ကွင်းမျိုးတွေပါ။ အနီရောင်ကို သူမကြိုက်ဘူး၊ အကြမ်းဖက် တဲ့သဘောဆောင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တပုံမှာတော့ အိပ်နေတဲ့ကလေး ၂ ယောက်အကြား ကိုကာကိုလာ ခွက်အနီတောက်တောက်ကို ထည့်ဆွဲဖူးပါတယ်။ ဒီကလေးတွေက အမှိုက်ပုံက ကောက်ရလာတဲ့ ဒီခွက်နဲ့ တောင်းရမ်းစား သောက်ကြတယ်လို့ သူကပြောပါတယ်။ မူလက ဓာတ်ပုံမှာ အနားသတ်မျဉ်းတွေက တိတိကျကျရှိနေတတ်ပေမယ့်၊ သူ့ ပန်းချီမှာ ခပ်ဝါးဝါးဖြစ်နေအောင် ဆွဲထားတာလည်း သတိပြုမိပါသေးတယ်။ သူက အမှန်အတိုင်းဝန်ခံပါတယ်။ အချို့ပုံတွေ က ကမ္ဘာကျော်ဆရာ ကြီးတွေရဲ့ နည်းနာတွေ အတုယူတယ်လို့ ဆိုပါတယ်။ တပုံဆိုရင် ဂိုယာ (Goya) ဆိုတဲ့ ပန်းချီဆရာရဲ့ ၁၈၀၈ ခု၊ မေလ ၃ ရက် သူပုန်များကို သတ်ဖြတ်သုတ်သင်မှု (The execution of the 3rd May 1808) ဆိုတဲ့ ကားချပ် ကနေ အာရုံယူပါတယ်။ ပြင်သစ်စစ်သားတွေ က စပိန်လူမျိုးအရပ်သားတွေကို တန်းစီပစ်သတ်တော့မယ့်ပုံပါ။ စစ်သား တွေက ခံစားချက်မဲ့ စက်ရုပ်ဆန်ဆန်၊ အရပ်သားပြည်သူတွေက ခံစားချက်မျိုးစုံနဲ့ ဘာဖြစ်လို့ ကျနော် တို့ကိုမှ ပစ်သတ်ရ တာလဲ ဆိုတဲ့ မေးဟန် မျက်နှာတွေနဲ့ပါ။

တကယ်တော့ အခုလို လူမှု-နိုင်ငံရေးပန်းချီကားတွေက သူကမှ စဆွဲတာမဟုတ်ပါဘူး။ ကမ္ဘာတလွှား ရှိခဲ့ဖူး ပါတယ်။ တချိန်က ဆိုဗီယက်ကာလ၊ ရုရှားမှာ အလုပ်သမားတွေ၊ လူထုတွေက အားမာန်တွေနဲ့ ချီတက်နေပုံ၊ ခေါင်းဆောင်ကြီးကို လှမ်းမျှော်ကြည့်နေပုံ စသဖြင့် လှုံ့ဆော် တက်ကြွစေတဲ့ ပုံမျိုးလည်း ဖန်တီးခဲ့ဖူးပါတယ်။ သူကတော့ သူ့ဘ၀ သူ့မြင်ကွင်း တွေကို ထင်ဟပ် တင်ပြနေတာပါ။ ဒုက္ခသည်၊ ပြည်တွင်းမှာ စစ်ဘေးက ထွက်ပြေးနေရသူတွေ၊ နယ်စပ်က ဖမ်းခံထား ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကားချပ်မျိုးပါ။ သူက နာမည်ကြီး မဟုတ်ရင်တောင် အောင်မြင်နေပြီလို့ ဆိုနိုင်ပါတယ်။ ပန်းချီကား ၁၀၀ ကျော် ရောင်းခဲ့ရပြီး၊ အဲန်ဂျီအိုတွေ၊ နိုင်ငံခြားသား မိတ်ဆွေတွေက သူ့ကားတွေပြသဖို့ ပြပွဲတွေကို ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီတွေမှာ ကျင်းပ ခဲ့ဖူးပါတယ်။ ငွေကြေးလည်း ရသလောက်ရပါတယ်။ သူ့ကို ပြပွဲကိုလာဖို့ နိုင်ငံခြားဖိတ်ပေမယ့် သူက ပိုက်ဆံ အကုန်အကျ မခံချင်ပါဘူး။ "ကျနော်က လူပဲဗျာ။ အောင်မြင်တော့လည်း နည်းနည်း တော့ အင်မတန်ဂုဏ်ယူ တာပေါ့။ ငွေတွေလည်း သုံးချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ပိုဒုက္ခရောက်နေသူတွေရှိတော့ သူတို့ကို ကူညီတာ ကောင်းတယ်"လို့ စဉ်းစားမိတယ် ဆိုပါတယ်။ ဒီလိုနဲ့ ငွေတွေကို အထူးသဖြင့် ကလေးတွေအတွက် ကူညီပေးပါတယ်။ ဒါပေမယ့် သူက လူထူးဆန်းပါ။ သူ့ပြည်သူတွေ အနာဂတ်ကိုတော့ အကောင်းမမြင်လှပါဘူး။ "ကျနော် က ကျနော်တို့လူတွေရဲ့ အနာဂတ်ကို မေ့ထားချင်တယ်ဗျာ။ တွေးမိရင် ၀မ်းနည်းတယ်" လို့ ပြောပါ တယ်။ သူ့ဘ၀အတွက် ရည်မှန်းချက်လည်း ကြီးကြီးမားမား မရှိပါဘူးတဲ့။ ဒါကြောင့်ပဲ ထင်ပါတယ်။

အိမ်ထောင်ထူထောင်ဖို့တောင် သူက မစဉ်းစား ပါဘူး။ "ကျနော်က မိသားစုနဲ့ ပတ်သက်ရင် ရူးနှမ်းနှမ်းအမြင် ဖြစ်နေတယ်။ တကယ်လို့ အိမ်ထောင်ပြုရင် ခင်ဗျားသိထား တဲ့အတိုင်း ကလေးတွေရလာမယ်။ ကလေးက သူ့မိဘ၀န်းကျင်ကိုကြည့်ရင် တရားမ၀င်နေရတဲ့ဘ၀၊ ဆိုးရွားဒုက္ခရောက် နေတဲ့ ဘ၀တွေပဲ တွေ့မယ်ဗျာ" လို့ သူက ပြောပါတယ်။ ဒီလိုပူပန်စိတ်နဲ့ အိမ်ထောင်ပြုဖို့ သူမစဉ်းစားသေးပါဘူး။ ဒါပေ မယ့် သူက လူကောင်းပါ။ တတ်နိုင်သမျှ သေးသေးကြီးကြီး သူ့လူတွေကောင်းကျိုး သယ်ပိုးပေးနေတာ တွေ့ခဲ့ရတဲ့ အကြောင်း နယ်စပ်က ပန်းချီဆရာတယောက်ရဲ့ ဘ၀ကို တင်ပြခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ နယ်စပ်ဒေသက မိုင်းတွေရယ်၊ ဖောက်ခွဲရေးပစ္စည်းတွေရယ်၊ ထိခိုက် ခြေလက်ပြတ် ဒုက္ခရောက်ကြ ရသူတွေ ဘ၀ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments