Pages

Sunday, June 5, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁၁)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသမှာ တခဏတာ နာမည်ကြီးခဲ့သေးတဲ့၊ ကလေး ၂ ဦးက ဦးဆောင်တယ်ဆိုတဲ့ ဘုရား သခင်တပ်မတော် (God's army) အကြောင်းကို စာရေးသူက တင်ပြထားပါတယ်။ "ပုံပြောကောင်း သူတဦးရဲ့ ထူးခြားဆန်းကျယ်ဇာတ်လမ်း" လို့ ဒီဆောင်းပါးကို နာမည်ပေး ထားပါတယ်။ ဘာကြောင့် ပုံပြော ကောင်းသူလဲဆိုတာ နားဆင်ကြည့် ကြရအောင်ပါ။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်မှာရှိနေတုန်း အဲဒီမှာ အစွန်း ရောက်အယူရှိတဲ့ အဖွဲ့တခုနဲ့တွေ့မလားလို့ မေးလာ ပါတယ်။ အချိန်က ၂၀၀၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ပါ။ တွေ့မယ်ဆိုတော့ မော်တော်ဆိုင်ကယ်နဲ့ မဲဆောက်မြို့ပြင်က အိမ် တလုံးကို ခေါ်သွားပါတယ်။ ဒီအချိန်မှာ ရာသီ ဥတုကအပြောင်းအလဲ လွယ်ပြီး၊ သူတို့သွားတဲ့အချိန်မှာ မိုးက ရွာချတော့ မလို အုံ့ဆိုင်းမှောင်မဲနေပါတယ်။ သူနဲ့အတူ အဖော်တယောက်ပါသွားပါတယ်။ ဒီလိုနဲ့ ပုံပြောပြသူနဲ့ သူတို့တွေ့ကြပါတယ်။ အသက် ၂၇ နှစ် လောက်ပဲရှိဦးမယ့် လူငယ်တဦးပါ။ သူ့မိတ်ဆွေ အမျိုးသမီးက အင်္ဂလိပ်စကားပြန်လုပ်ပေးပြီးတော့၊ ပုံပြောပြတဲ့ သူကလည်း အင်္ဂလိပ်လိုနည်းနည်းတော့ နားလည်ပါတယ်။

ဒီအခန်းမှာ သူက တချိန်ကနာမည်ကျော်ခဲ့တဲ့ ဘုရားသခင်တပ်မတော် (God's army) အကြောင်းရေးပေးမယ့် အတည်ပြု ရခက်ခဲတဲ့ အချက်အလက်တွေကြောင့် သူကပုံပြောပြတဲ့သူကိုပဲ ဇာတ်ကောင်တင် ရေးခဲ့တာလို့ ကျနော်သဘောပေါက်မိ ပါတယ်။ အခုကိစ္စတွေကို ပြန်ပြောပြနေသူက အသက် ၂၉ လို့ ဆိုပါတယ်။ သူပြောနေ တဲ့အကြောင်းက တောင်ရောက်၊ မြောက်ရောက်ပါ။ ယုံရခက်ကြီးလည်း ဖြစ်ပါတယ်။ သူက မွန်ပြည်နယ်မှာ မွေး ပါတယ်။ အဖေက သစ်တောရုံးက စာရေး ၀န်ထမ်းဖြစ်ပြီး မောင်နှမ ၃ ယောက်ရှိပါတယ်။ သူတို့မိဘတွေက ဗုဒ္ဓ ဘာသာတွေပါ။ ဒါပေမယ့် သူကနောက်တော့ ခရစ် ယာန်ဘာသာကို ကူးပြောင်းခဲ့တယ်ပြောပါတယ်။ စကား ပြောနေစဉ်မှာလည်း စိတ်မသက်မသာ ဖြစ်နေသလို တစ်သျှူး စက္ကူကို လုံးချေနေပါသေးတယ်။ သူက အခု လက်ဝါးကပ်တိုင်ကို လည်ပင်းမှာဆွဲထားပြီး၊ စကားပြောရင်းလည်း တခါခါ လက်နဲ့ ပွတ်သပ်စမ်းကြည့်နေပါ သေးတယ်။ သူက ငယ်စဉ်ဘ၀--ဘယ်မှာကျောင်းနေတယ်၊ မွေးချင်းတွေက ဘာလုပ်နေတယ် စသဖြင့်ကို အသေးစိတ်မပြောပါဘူး။ ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီး ဖြစ်လာတဲ့အခြေအနေမှာ သူ့ဇာတ်လမ်းကို ရောထွေး ပေါင်းချလိုက်ပါတယ်။ သူ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကခွာရတယ်ဆိုပါတယ်။ သူ့ဦးလေးတော်သူက NLD ပါတီ အတွက် လက်နက်လုပ်ပေးတယ်ဆိုတဲ့ အမှုနဲ့ ထွက်ပြေးရတော့ သူလည်း တခါတည်း လိုက်ပြီးထွက်ပြေးရတယ် ပြောပါတယ်။ စာ ရေးဆရာ ရစ်ချတ်ကတော့ NLD က တပ်ထောင်မယ်ဆိုတာလည်း မကြားဖူးဘူး၊ စစ်တိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတယ် လည်း ပြောသံမကြားခဲ့ဖူးတော့ ယုံရခက်ကြီးပါ။ သူ့ဦးလေးက ကချင်ပြည်နယ်ဖက် က တဆင့် အိန္ဒိယကို ထွက်ပြေးတယ် ပြောပါတယ်။ သူကလည်း ကချင်ပြည်နယ်ထဲမှာ အမျိုးတွေကူဖို့ ကျန်နေခဲ့ရ ပါသတဲ့။ နောက်တော့ သူ့ဦးလေးက စစ် အစိုးရအကြောင်းတွေ ထောက်လှမ်းပေးဖို့ သူလျှိုလုပ်တယ်လည်း ပြောပါတယ်။ ဘယ်သူ့အတွက် လုပ်ပေးတယ်ဆိုတာ တော့ မပြောပါဘူး။ သူပြောတဲ့ပုံပြင်က အချိန်ဟိုရောက်-ဒီရောက် အစီအစဉ် မကျသလို၊ နေရာတွေလည်း ကျော်ခွနေပါတယ်။

နောက်တော့ သူမွန်ပြည်နယ်ပြန်ရောက်၊ အာဏာပိုင်တွေက မသင်္ကာလို့ ၁၉၉၁ ခုနှစ်မှာ ဖမ်းခံရတယ် ဆိုပါ တယ်။ အင်းစိန်ထောင်ကိုရောက်ပြီး ၇ ရက်အချုပ်ခံရပြန်ပါသတဲ့။ နောက်တော့ ခံဝန်ချုပ်နဲ့ ပြန်လွတ်ပြီး၊ ရန်ကုန်မှာ ၃ ရက်တခါ ရဲစခန်းကို သတင်းပို့နေရသေးတယ်လို့ ပြောပြန်ပါတယ်။ နောက်တော့ ထွက်ပြေး ရခိုင်ပြည်နယ်ရောက်၊ စစ်တပ်ထဲကို လည်း ခဏ၀င် သင်တန်း ၆ လတက်ရသေးတယ် ပြောပါတယ်။ သူ့ကိုယ် ပိုင်နံပါတ်ကိုလည်း ရွတ်ပြပါသေးတယ်။ တခါ ရခိုင်ပြည်နယ် စစ်တပ်ကထွက်ပြေးပြန်ပါတယ်။ ပြီးတော့ ၁၉၉၇ ခုနှစ်ကို ခုန်ကျော်လိုက်ပြီး သူက ဘန်ကောက်လူဝင်မှု ကြီးကြပ်ရေးအချုပ်ထဲ ရောက်ပုံကို ပြောပါတယ်။ အဲဒီမှာ KNU အဖွဲ့က ထောက်လှမ်းရေးအရာရှိဟောင်း အဖိုးကြီးတဦး နဲ့ သိကျွမ်းရပုံကို ပြောပြန်ပါတယ်။ သူကနေ တဆင့် လူသာထူးနဲ့ ဂျော်နီထူး ကလေးနှစ်ယောက်၊ သူတို့ ဘုရားသခင်တပ် မတော်ဆိုတာ သိခဲ့ရတာပါ။ သူတို့ကရင်ဘာသာနဲ့တော့ သူတို့တပ်ကို "ကဆဲဒို" လို့ ခေါ်ပါတယ်။ သူတို့တပ် စတင်လာပုံက ဒီလိုပါ။

၁၉၉၅ ခုနှစ်မှာ မြန်မာစစ်တပ်က KNU ကို အကြီးအကျယ်ထိုးစစ်ဆင်တော့ ကရင်တွေရဲ့ တပ်မဟာ-၄ ဌာန ချုပ်ကျပါတယ်။ ဒါပေမယ့် စစ်တပ်က နယ်စပ်တရိုးလုံး သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။ အဲဒီအချိန်မှာ ကရင်ရွာသား ၂၀၀ လောက်က သူတို့ ဘာသာစုဖွဲ့ပြီး၊ တော်လှန်ကြဖို့ဖြစ်တာပါ။ အသက် ၉ နှစ်၊ ၁၀ နှစ်ပဲရှိသေးတဲ့ ကလေး ၂ ယောက်ကို သူတို့ကခေါင်း ဆောင် တင်ကြပါတယ်။ သူတို့က အကြားအမြင်ရသလိုလို၊ တန်ခိုးပြာဋိဟာပဲ ရှိ သလိုလို ဆိုကြပါသေးတယ်။ တကယ် တော့ လူတွေခြောက်ခြားသွေးပျက်နေချိန်မှာ ဘာမဆို အားကိုးရာ ရှာတတ်တာမျိုးကိုလည်း စာရေးသူက ဆွေးနွေးပါ တယ်။ ပုံပြောသူက အဲဒီဂေါ့အာမီ စခန်းကို သူကိုယ်တိုင် ၄-၅ ခါ ရောက်ဖူးသလို ပြောပါတယ်။ ဒီမှာ ဇာတ်လမ်းတွေက ရှုပ်ထွေးလာပြန်ပါတယ်။ သူ့ဦးလေးက အခုအခါ ဘန်ကောက်ရောက်လာပြီး ကရင်သွေးစည်းညီညွတ်ရေး အဖွဲ့ (KSO) မှာ ပါတယ် ပြောပြန်ပါတယ်။ ဒီအဖွဲ့က ၁၉၉၇ ခုနှစ်မှာ ဖွဲ့ပြီး၊ ကရင်တပ်မှူးဟောင်း ဗိုလ်မှူးရောဘတ်ဇန်က ဦးဆောင်ပါတယ်။ အဲဒီမှာ ဂေါ့အာမီနဲ့ ကျောင်းသားဟောင်းတခုပေါင်းပြီး မြန်မာသံရုံးကို ၀င်စီးတဲ့ကိစ္စ ၁၉၉၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒါကိုသူက KSO အဖွဲ့က အစီအစဉ်စဆုံး ဆွဲပြီး အကောင်အထည်ဖော်ခဲ့တာလို့ ဆိုပြန်ပါတယ်။ နောက်တော့ ဆွေးနွေးညှိနှိုင်းမှု တွေ အပြီးမှာ သံရုံးစီးတဲ့အဖွဲ့တွေကို တောတွင်းနယ်စပ်ကို ပြန်ပို့ခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဂေါ့အာမီကို လူတွေ ပိုလို့အာရုံစိုက် စရာ ဖြစ်လာပြီး၊ မြန်မာစစ်တပ်ဖက်က ပိုပြီး သည်သည်းမည်းမည်း ထိုးစစ်ဆင်လာခဲ့ပါတယ်။ ထိုင်းစစ်တပ်ဖက်ကလည်း အမြောက်နဲ့ သူတို့စခန်းကို ပစ်တယ်လို့ သူက ပြောပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ ကြံရာမရဖြစ်ပြီး၊ ရတ်ခ်ျပူရီ ဆေးရုံကို ၀င်စီးဖို့ သူတို့ကြံကြပြန်တယ် ပြောပါတယ်။ ၂၂-နာရီအကြာ ဆေးရုံစီးနင်းမှုအပြီးမှာ ၀င်စီးနင်းသူအားလုံးကို ထိုင်းအထူးတပ်ဖွဲ့က သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အဲဒီဒေသက ဒုက္ခသည်တွေလည်း ဝေးကွာတဲ့ စံခရပူရီအနီး ဒုက္ခသည်စခန်းမှာ နေရာချ ထားပေးတာ ခံရပါတယ်။ ဂေါ့အာမီခေါင်းဆောင် ကလေးစစ်သား ၂ ဦးဖြစ်တဲ့ လူသာထူးနဲ့ ဂျော်နီထူးတို့လည်း အဲဒီဒုက္ခသည်စခန်းကို ရောက်နေကြပါပြီ။ သူပြောတဲ့ ကရင်အဖိုးကြီးကတော့ ရနောင်းဖက်ကတဆင့် လွတ် ပြေးသလိုလို ပြောပါတယ်။ ဂေါ့အာမီ အဖွဲ့ဝင် ကရင်စစ်သား ၅၅ ဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က သတ်ပစ်လိုက်သလိုလို ပြောပြန်ပါတယ်။ သူက ဂေါ့ အာမီက ပုံတွေဆိုပြီး ပြတော့၊ ဒီကေဘီအေတပ်ထဲမှာ ရိုက်ထားတဲ့ပုံတွေဖြစ်နေတယ်လို့ စာရေးသူက ဆိုပါတယ်။ အခု တော့ မဲဆောက်ဒေသမှာ သူပုန်းလျှိုးကွယ် လျှိုးနေနေရတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲ မေးကြည့်တော့ "နအဖ စစ် အစိုးရက သူတို့ကို ကေအဲန်ယူ စပိုင်လို့ထင်တယ်။ ဒီကေဘီအေကလည်း သူတို့ကို ထိုင်းစပိုင်လို့ထင်တယ်။ ထိုင်းနဲ့ ကေအဲန်ယူကလည်း သူတို့ ကို နအဖစပိုင်ထင်တယ်။ ကြားညှပ်နေရတယ်" လို့ ပြောပါတယ်။ သူ့အပြောက မွန်းကြပ်စရာပါ။ အိမ်ထဲမှာ ကောလဟာလ၊ ရှုပ်ထွေးပွေလီတဲ့ လုပ်ကြံမှု၊ သူလျှိုဒလံဇာတ်လမ်းတွေ၊ သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေ လေထုနဲ့ သိပ်သည်းနေပါတယ်။ ဇတ်လမ်းဆုံးလို့ အိမ်ပြင်ကိုထွက် သူတို့ပြန်လာတော့ မိုးကစဲနေပါပြီ။ နေလည်း ပွင့်လင်းနေပါပြီ။ သူတို့လည်း ဒီနေရာကခွာဖို့ အချိန်တန်ပြီဆိုပြီး ထွက်ခဲ့တဲ့အကြောင်း အနုပညာပါပါနဲ့ မယုံ ကြည်နိုင်ဖွယ် ဇာတ် လမ်းတွေကို စီစဉ်ပြီး စာရေးသူက တင်ပြခဲ့ကြောင်းပါခင်ဗျား။ နောက်တပတ်မှာတော့ နယ်စပ်က အနုပညာသမားတဦး အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments