ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မဲဆောက်က ကျောက်ပွဲတန်းအကြောင်းကို စာရေး သူက တင်ပြထားပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်မှာရှိနေတုန်း နယ်စပ်က ကျောက်ပွဲတန်းကို စိတ်ဝင်စားပါတယ်။ မြန်မာပြည် ဖက်ကထွက်တဲ့ အဖိုးတန်ကျောက်မျိုးစုံကို နယ်စပ်ကူးပြီး လာရောင်းချနေကြတာပါ။ သူက ရောင်ခြည်ဦးအဖွဲ့က အလုပ် သမားအဖွဲ့က တဦးရဲ့ အဆက် အသွယ်နဲ့ တကယ်ကျောက်လုပ်ငန်း လုပ်ကိုင်နေသူတဦးနဲ့ ဆွေးနွေး မေးမြန်းခွင့်ရခဲ့ပါတယ်။ မဲဆောက်မြို့မှာ ကျောက်ပွဲတန်းက ပရာဆတ်ဝီသီလမ်းမပေါ်မှာ ရှိပါတယ်။ အမြဲတမ်း လူတွေ ရှုပ်ထွေးစည်ကားနေတတ်ပါ တယ်။ ကြားက မိတ်ဆက်ပေးလို့ ကျောက်လုပ်ငန်း လုပ်နေတဲ့ သူတဦးနဲ့ တွေ့တော့ သူတို့က အနီးက ဂျပန်လူမျိုးတဦးပိုင် တဲ့ ကော်ဖီဆိုင်ကလေးမှာ ထိုင်လို့ပြောဖြစ်ကြပါတယ်။ ဒီဂျပန် လူမျိုးကလည်း ဒေသခံအမျိုးသမီးတဦးနဲ့ အကြောင်းပါပြီး မဲဆောက်မှာ အခုလို ကော်ဖီဆိုင်ဖွင့်ထားတာပါ။
သူနဲ့တွေ့တဲ့သူက အသက် ၂၅ နှစ်လောက်၊ လူငယ်တဦးပါ။ ဆံပင်က ဂျပန်လူငယ်တွေလို အနီရောင်ဆိုးထား ပါသေး တယ်။ ထိုင်းဘာသာစကားနဲ့ သူ့နာမည်ကို ညရဲ့ကြယ်ပွင့်လေးတွေ လို့ ခေါ်ရင် ရနိုင်ပါတယ်။ စာရေးသူ ကတော့ Night star လို့ခေါ်ပါတယ်။ သူကအရင်က မဲဆောက်မြို့နားက ၀မ်းခစခန်း အနီးမှာ အခြေချခဲ့တယ်လို့ ဆိုပါတယ်။ ကျောက် ရောင်းဝယ်သလို၊ အားကစားအဖြစ် ဘောလုံးကန်တာလည်း ၀ါသနာပါပါတယ်။ မဲဆောက်မီးသတ်အသင်းမှာ အပျော် တန်းဘောကန်တယ် ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်ကိုလည်း အသည်းစွဲကြိုက်တဲ့သူပါ။
သူ့မိဘတွေမှာ အဖေကတရုတ်၊ အမေက ပိုးကရင်လူမျိုးဖြစ်ပြီး သူတို့က ၀မ်းခါ ဂိတ်စခန်းအနီး ကုန်သည် လုပ် ကိုင်စားကြ ပါတယ်။ အဲဒီအချိန်က ၀မ်းခါစခန်းဆိုတာက မြန်မာစစ်တပ်ဖက်က မကြာမကြာ ဆိုသလို ထိုးစစ် လာဆင်လေ့ရှိတဲ့ ကရင် သူပုန်တွေရဲ့ အခိုင်အမာစခန်းတခု ဖြစ်ပြီး၊ ၁၉၉၅ ရောက်တော့ ကျသွားပါတယ်။ သောင်ရင်းမြစ်ကွေ့ပေါ်မှာ တဖက်ပိတ် ၀င်ပေါက်ကျဉ်းသာ ရှိတဲ့အတွက်ကြောင့်လည်း ဒီစခန်းက သဘာဝအရ ခံတပ် ကောင်းတခုလို ဖြစ်နေခဲ့ပါတယ်။ နိုက် စတား ပြောပြတာက သူငယ်ငယ်က အကြောင်းတွေမှာ မှတ်မိနေ တာက မကြာခဏ ဆိုသလို စစ်ပြေးရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီမှာ သူအတန်းတချို့ကရင်ကျောင်းမှာ နေခဲ့ဘူးပါတယ်။ နောက်တော့ ပညာရေးဆက်မလုပ်ဖြစ်ပါဘူး။ အခု နိုက်စတားက ကျောက်လုပ်ငန်းမှာ ရောင်း ၀ယ်နေပေမယ့်ကျောက်မြက်တွေအပေါ်မှာ သိပ်ပြီးသံယောဇဉ် မထားဘူး၊ အယူအစွဲ မထားဘူးလို့ ပြောပါ တယ်။ ကျောက်တွေက တန်ဖိုးထားရင်ထားသလို ဈေးရှိတော့ ဆုံးရှုံးရတတ်တာလည်း ဖြစ်နိုင်ပါတယ်။ သူကတော့ ဒါက စီးပွားရေးလုပ်ငန်းတခုပဲ၊ ကျောက်တွေအပေါ် သိပ်ပြီး သမုဒယမကပ်ဘူးလို့ စာရေးသူ ကို ပြောပြပါတယ်။ သူတို့မိသားစုက အခုကျောက်စိမ်းရောင်းဝယ်တဲ့လုပ်ငန်းကို လုပ်ကြ ပါတယ်။ အိမ်ကတော့ မဲဆောက် ဖက်မှာတလုံး၊ မြ၀တီဖက်ကမ်းမှာ တလုံးရှိပါတယ်။ သူတို့က နိုင်ငံရေးနဲ့မပတ်သက်တဲ့သူတွေဆို တော့လည်း ဟိုဖက်၊ သည်ဖက်လွယ်လွယ် ကူးသန်းနိုင်ကြပါတယ်။ သူ့အမေက မြ၀တီဖက်ကမ်းမှာနေပြီး ရုပ်မြင်သံကြားစက်တွေ၊ အလှကုန် ပစ္စည်းတွေ မြန်မာပြည်ဖက် တင်ပို့ရောင်းချပါတယ်။ အဖေကတော့ ကျောက်လုပ်ငန်း ကို ဦးစီးနေပြီး၊ တချိန်တော့ သူ့ တာဝန်ကို နိုက်စတားက လွှဲပြောင်းယူရမှာပါ။
တကယ်တော့ ကျောက်စိမ်းကို ရောင်းဝယ်ကြတာ ရှေးခေတ်တရုပ်ဘုရင်တွေ လက်ထက်ကတည်းကလို့ ဆိုပါတယ်။ ခရစ် တော်မပေါ်ခင် ဘီစီ ၂၉၅၀ လောက်ကတည်းက တန်ဖိုးထားရောင်းဝယ်ခဲ့ကြပါတယ်။ တရုတ်ပညာရှင် ကွန်ဖြူးရှပ်က လည်း ကျောက်စိမ်းရဲ့ ဂုဏ်အာဏိသင်တွေကို စာဖွဲ့ခဲ့ဖူးပါတယ်။ ကျောက်စိမ်းမှာ Nephrite နဲ့ Jadeite ဆိုပြီး ၂ မျိုးရှိပါ တယ်။ နက်ဖရိုက်က ကယ်လ်ဆီယံနဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပါပြီး အရောင် ဖြူပါတယ်။ ဂျေဒိုက်ကတော့ ဆိုဒီယမ်နဲ့ အလူ မီနီယံဓာတ်တွေပါပြီး အရောင်ပိုစိမ်းပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြဘုရားက မြမဟုတ်ပါဘူး။ တန်ဖိုးကြီးတဲ့ မြစိမ်းရောင် ဂျေဒိုက်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ဖားကန့်ဒေသက တန်ဖိုးကြီးတဲ့ ဂျေဒိုက်ကျောက်စိမ်း အများအပြားထွက်ပါတယ်။ ကမ္ဘာမှာ အများဆုံး တန်ဖိုးကြီးဂျေဒိုက်ကျောက်စိမ်းထွက်ရာ ဒေသလို့လည်း ပြောနိုင်ပါတယ်။ အဲဒီဒေသကျောက်မိုင်းတွေ မှာ လူတသန်းလောက်အထိ လုပ်ကိုင်သက်မွေးနေကြပါတယ်။ အဲဒီကမှ ကျောက်တွေနယ်စပ်ကို အရိုင်းတုံး အလိုက် ရောက်တာ ရှိသလို၊ မန္တလေးမှာ ဖြတ်တောက်သွေးပြီးတော့ ရောက်လာတာတွေလည်း ရှိပါတယ်။ နိုက်စတားက ငယ်ငယ် ကတည်းက အခုလိုကျောက်လုပ်ငန်းမှာ ပတ်သက်လာခဲ့တာပါ။ သူ့အဖေက ပထမ တော့ အိမ်ကိုကျောက်သယ်လာသူတွေ စရင်းကို မှတ်ခိုင်းပါတယ်။ ဘယ်ကလာသလဲ။ ဘာကျောက်တွေပါသလဲ စသဖြင့်ပါ။ နောက်တော့မှ ကျောက်ကိုတန်ဖိုး ဘယ်လိုဖြတ်ရတယ်ဆိုတာ သင်ပေးပါတယ်။ နောက်ပိုင်းတော့ ဖောက်သည်တွေကို ဆက်ဆံနည်းနဲ့ ကျောက်ဈေးတွေ အကြောင်း သူသိလာရပါတယ်။ နယ်စပ်မှာရှိတဲ့ သူတို့ အိမ်မှာလည်း ကျောက်ကုန်သည်တွေကို ပေးတည်းပါတယ်။ သူတို့ ဈေးဆိုင်ပေးလို့ တည့်ရင်လည်း ပွဲခရတာ တွေ ရှိပါတယ်။
ကျောက်လုပ်ငန်းတွေက မနက်စောစောမှာ အရောင်းအ၀ယ်ဖြစ်တတ်ကြပါတယ်။ မနက် ၁၀ နာရီလောက် ကနေ ညနေ ၄ နာရီအတွင်းလောက်မှာ ရောင်းဝယ်ကြတာပါ။ သူတို့က ရောင်းမယ့်ကျောက်စိမ်းကို ညပိုင်း ကတည်းက အမွှေးဆီနဲ့လိမ်း သုတ်ထားပြီး ညသိပ်ထားရပါတယ်။ ဒီလိုလုပ်မှ အရောင်ပိုလွင်တယ်လို့ အယူရှိ ကြပါတယ်။ ရောင်းမယ့်နွားကို ၀ဖီးအောင် ကျွေးမွေးထားသလိုမျိုးလို့ စာရေးသူက ယူဆပါတယ်။ နောက်တနေ့ မနက်ရောက်တော့ ကျောက်ကိုထုတ်ပြီး ဆီသုတ်သန့် စင်ကြရပါတယ်။ ဒါကို ဆိုင်ပြင်ဆင်တယ်လို့ ခေါ်ပါတယ်။ တချို့ကျောက်စိမ်းတွေက ဒေါ်လာ ၉၅၀၀ (ဘတ် ၄ သိန်း) လောက်အထိ ရောင်းဝယ်ကြပါတယ်။ ဒီထက်ဈေးကြီး တာတွေလည်း ရှိပါတယ်။ မဲဆောက်မှာ ကျောက်စိမ်းသာမက၊ တခြားပတ္တမြား၊ နီလာ၊ မြ ဈေးကွက်တွေလည်း ရှိတယ်လို့ နိုက်စတားက ပြောပါတယ်။ တချို့နယ်စပ်မှာ ဘာမှမသိဘဲ ကျောက်လာဝယ်သူတွေဆီကလည်း မြိုးမြိုးမြက်မြက် တောင်းလိုက်တတ်တာတွေလည်း ရှိပါသေးတယ်။ တကယ်လို့ ကိုယ်က ဘာမှနားမလည်ဘူး ဆိုရင် မ၀ယ်လေနဲ့။ နားလည်သူတယောက်ခေါ်လာလို့လည်း နိုက်စတားက အကြံပေးပါသေးတယ်။ကျောက်မှာ ဆင်သက်တစ်ကျောက်အတုတွေလည်း ရှိတတ်ပါသေးတယ်။ စာရေးသူ ရစ်ချတ်ရဲ့အသိ အမေရိကန် တယောက်က မဲဆောက်ကျောက်ဈေးကွက်မှာ ၅၀% လောက်က ကျောက်အတုတွေလို့ ပြောဖူးပါတယ်။ ဒါပေမယ့် ကျောက်ကို အရောင်တက်လာအောင် မီးတင်တာဟာ အတုလုပ်တာ မဟုတ်ဘူးလို့လည်း နိုက်စတား က ရှင်းပြပါတယ်။ ပတ္တမြားနဲ့ တချို့ကျောက်တွေကို မီးတင်ပေးလိုက်ရင် အရည်ပိုသန့်လာတာမျိုးလည်း ရှိပါတယ်။
ပရာဆတ်ဝီသီ လမ်းမအပြင်မှာတော့ ကျောက်ဈေးတန်းက ပိုလို့သက်ဝင်နေပါတယ်။ ကျောက်တွေပြထားတဲ့ မှန်ဘီဒိုတွေ၊ မီးရောင်တွေ၊ ရောင်စုံကျောက်တွေ ကျောက်ကြည့်သူ ဈေးသွားဈေးလာတွေ၊ ပွဲစားတွေနဲ့ပါ။ "ဒီဆိုင်မှာ အတုမရှိပါဘူး၊ ကျောက်အစစ်တွေချည်းပဲ" လို့ သူဖြတ်သွားတော့ ဆိုင်ငယ်တခုက ရစ်ချတ်ကို ဈေးခေါ်လိုက်ပါသေးတယ်။ ဒါကတော့ နယ်စပ်ကျောက်ဈေးတန်းလေး အခြေအနေပါ။ နောက်တပတ်မှာတော့ နယ်စပ်မှာတချိန်က နာမည်ကြီးလိုက်သေးတဲ့ ဘုရားသခင် တပ်မတော် God army အကြောင်းဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment