Pages

Tuesday, May 24, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၉)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အလုပ်ချိန်ကများ-လုပ်ခကနည်းဆိုတဲ့ မဲဆောက်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘ၀ကို စာရေးသူက တင်ပြ ထားပါ တယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်မှာ နိုင်ငံရေးအကျဉ်းသား တွေနဲ့ အတူနေ သွားလာစဉ် သူက အခြားမြင်ကွင်း တရပ်ကိုလည်း မြင်ခဲ့ရပါတယ်။ တချို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေက AAPP ခေါ်တဲ့ အကျဉ်းသားကူညီစောင့်ရှောက် ရေးအဖွဲ့မှာ လုပ်ပေမယ့်၊ အချို့ကတော့ ရောင်ခြည်ဦးဆိုတဲ့ အဖွဲ့ကလေးဖွဲ့ပြီး အလုပ်အသမားတွေ အခွင့်အရေးကာကွယ် ကူညီပေးနေ ကြပါတယ်။ သူက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်မှူးနဲ့တွေ့ပါတယ်။ နောက်တော့ ဂျပန်တက္ကသိုလ် တခုမှာ စာသွားပို့ချဖြစ်တဲ့ မြန်မာပါမောက္ခတဦးနဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေဘ၀ထဲ သူထိတွေ့ခဲ့ရပါတယ်။

တရက်မှာ စာရေးသူရစ်ချတ်ကို အိမ်တွေကြား နောက်ဖေးလမ်းကျဉ်းကလေးထဲရှိတဲ့ အိမ်ဟောင်းတလုံးကို ခေါ်သွားပါ တယ်။ ယိုင်နဲ့နဲ့ ခြံစည်းရိုးကားထားတဲ့ ပျဉ်ထောင်အိမ်ဟောင်းတလုံးပါ။ အဲဒီမှာ စက်ရုံက အလုပ် ပြုတ်လာတဲ့ မြန်မာလူမျိုး အလုပ်သမား ၂၉ ဦး နေထိုင်နေကြပါတယ်။ ဒီအိမ်လေးက ရောင်ခြည်ဦးအဖွဲ့ရဲ့ safe house လို့ခေါ်တဲ့ အလုပ်သမားတွေ ယာယီခိုလှုံရာ အိမ်ကလေးမှာ။ မဲဆောက်လို နယ်စပ်မြို့မျိုးမှာ မြန်မာ ဖက်က ပြောင်းရွှေ့လာတဲ့ အလုပ်သမားသိန်းနဲ့ချီရှိ ပါ တယ်။ သူတို့တွေက နယ်စပ်က လုပ်အားအဓိက စိုက် ထုတ်ရတဲ့ စက်ရုံတော်တော်များများမှာ လုပ်နေကြရတာပါ။ အဲဒီမှာ လည်း စက်ရုံပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ဥပဒေဖြစ်နေကြတယ်လို့ စာရေးသူက ရေးပါတယ်။ အလုပ်သမားတွေကို ထင်သလိုပြုမူနေပြီး၊ လုပ်ခလစာ မပေးတာ၊ လျှော့ပေးတာ၊ နှိပ်စက်ရိုက်နှက်တာ၊ သူတို့နေဖို့ သင့်တင့်တဲ့လူနေဆောင် တွေ မထားပေးတာ၊ အချိန်အကြာကြီးခိုင်းတာတွေရှိပါတယ်။ ဒါပေမယ့် ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံဥပဒေအရ သင့် တင့်တဲ့ လျော်ကြေး၊ အခွင့်အရေး၊ ခံစားခွင့်တွေတော့ ဥပဒေအရ ခံစားနိုင်ကြပါတယ်။ ရောင်ခြည်ဦးအဖွဲ့က ပြုတ်လာတဲ့ အလုပ်သမားတွေကို ယာယီခိုလှုံခွင့်ပေးပြီး၊ သူတို့နစ်နာကြေး၊ မရသေးတဲ့ လုပ်ခတွေ တောင်းဆိုနိုင်အောင် ၀ိုင်းဝန်းကူညီ ပေးနေကြတာပါ။ တကယ်က အလုပ်ပြုတ်ရင် နေစရာလည်း မရှိတော့ရင် ရဲကချက်ချင်းဖမ်းပြီး မြန်မာပြည် ပြန်ပို့နိုင်ပါ တယ်။ သူတို့ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းကလည်း ကုန်နေ၊ သို့မဟုတ် အလုပ်ရှင်က ပါမစ်စာရွက်တွေသိမ်းထားရင် ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်ပိုရှိပါတယ်။ တကယ်တော့ ဒီအလုပ်သမားတွေကို ဖမ်းပြီး မြန်မာပြည်ပြန်ပို့လိုက်ရင်၊ သူတို့ကို နစ်နာကြေးလည်း ပေးစရာမလို၊ အလုပ်ရှင်တွေက ပြဿနာလည်း ရှင်းပြီးသားဖြစ်သွားတယ်မြင်လို့ ထိုင်းအာဏာပိုင်တွေ အကူအညီနဲ့ ဖမ်းဆီးပြန်ပို့တာတွေ လုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း အခုလို ၂-ထပ်အိမ်ကျဉ်းကျဉ်းကလေးမှာ ပြွတ် သိပ်နေထိုင်နေကြရတာပါ။ တရားဆိုင်ပြီး သူတို့ နစ်နာကြေးကိုရအောင် တောင်းဖို့ ပြင်ဆင်ထားကြပါတယ်။

အဲဒီ ခိုလှုံနေထိုင်ရာအိမ်ကလေးမှာ အငယ်လေးလို့ခေါ်တဲ့ ကောင်မလေးနဲ့ သူတွေ့ပါတယ်။ သူက မူလတုန်းက ဖားအံဖက် က ဇာတိပါ။ ၄-တန်းအထိ ကျောင်းနေခဲ့ရပြီး နောက်တော့ မိဘတွေမတတ်နိုင်လို့ ကျောင်းထွက်ခဲ့ရ ပါတယ်။ နောက်ဆုံး ဆင်းရဲတွင်းနက်မှုကြောင့်ပဲ ရေကြည်ရာ မြက်နုရာပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ရတာပါ။ သူတို့ မိသားစု ဖားအံကနေ နယ်စပ် မြ၀တီမြို့ထိ ၁၂၀ ကီလိုမီတာ ခရီးကို သူတို့ ၃-၄ ရက် လမ်းလျှောက်လာခဲ့ကြရ ပါတယ်။ အဲဒီအချိန်က လမ်းကြောင်းလည်း ကောင်းကောင်းမပေါက်သေးတဲ့ အချိန်ပါ။ ဘတ်စ်ကားခ မတတ် နိုင်ကြတာလည်း ပါပါတယ်။ သူ့အမေက မြ၀တီရောက် တော့ သစ်ချပ်ပြားတွေသယ်တဲ့ အလုပ်သမားလုပ်ရ ပါတယ်။ တခါ အမေကျန်းမာရေးမကောင်းတော့ သူ့အမက အဲဒီ အလုပ်ဆက်လုပ်ပါတယ်။ အဲဒီအချိန်က တဖက်နယ်စပ် ထိုင်းနိုင်ငံကို ကူးဖို့ စဉ်းစားချက်မရှိသလို၊ တဖက်နိုင်ငံရောက်ရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သူတို့စိတ်ကူးအိပ်မက်တောင် မရှိခဲ့ကြပါဘူး။ နောက်တော့ လူပြောများတာရယ်၊ တဖက် နိုင်ငံကူးပြီးလုပ်ရင် ကြွယ်ဝမယ်ဆိုတာကြောင့် ထိုင်းနိုင်ငံတဖက်ကမ်း မဲဆောက်ကို ကူးလာကြတာပါ။

မဲဆောက်ရောက်တော့ သူတို့မိသားစုတွေ လူခွဲကြရပါတယ်။ အမေက ထိုင်းတယောက်အိမ်မှာ အိမ်ဖော်လုပ်ရ ပါတယ်။ အသက် ၁၃-နှစ်အရွယ် သူ့အမက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ရပါတယ်။ သူက ၁၀-နှစ် အဒေါ်အိမ်မှာနေပြီး ချန်ပီယံအမည်ရတဲ့ သိုးမွေးထိုးစက်ရုံမှာ လုပ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား ၂၀၀ လောက်ရှိပြီး တနေ့ကို ၁၁-နာရီ လောက်လုပ်ရတယ်။ လုပ်ခက တလကို ဘတ် ၂,၀၀၀ (ဒေါ်လာ ၅၀ ကျော်) လောက်ပဲ ပေးပါတယ်။ စက်ရုံတွေက တလ မှ ပိတ်ရက် ၁ ရက်လောက်သာပေးတတ်ပါတယ်။ စက်ရုံအများစုက နံရံအမြင့်တွေကာထားတတ်သလို၊ ပြင်ပလူတွေ ၀င် လာတာမျိုးလည်း ခွင့်မပြုတတ်ပါဘူး။ တချို့စက်ရုံတွေ ဆိုရင် လူ ၂ ထောင်လောက်ရှိနေတတ်တာတောင် မထင်ရလောက် အောင် တိတ်ဆိတ်နေတတ်ပါတယ်။ သူတို့ကလည်း မြို့ပြင်ကျရာနေရာကို စက်ရုံရွေးဆောက်တတ်ပါတယ်။ အထည်ချုပ် ရုံ၊ ကျောက်သွေးရုံ စသဖြင့် အမျိုးမျိုးစက်ရုံတွေ ရှိနေပါတယ်။

မြန်မာအလုပ်သမားတွေ အများစုလုပ်တဲ့ စက်ရုံတွေက ကျန်းမာရေးနဲ့မညီသလို၊ ညစ်ပတ်လှပါတယ်။ လူတွေ ပြွတ်သိပ် ထည့်ထားပြီး နာရီပေါင်းများစွာ ခိုင်းစေတတ်ပါတယ်။ ပေးတဲ့လုပ်ခကလည်း ဒေသဈေးနှုန်းထက် နည်းပါသေးတယ်။ မြန်မာအလုပ်သမားတွေဘ၀ကို သုတေသနပြုထားတဲ့ Pim Koetsawang ရဲ့ နေရောင် ခြည်ကိုရှာဖွေခြင်းဆိုတဲ့စာအုပ်မှာ ဖော်ပြထားတာက "မြန်မာအလုပ်သမားတွေအဖို့ ရွေးချယ်ချေးများနေစရာ အကြောင်းမရှိသလို၊ အခွင့်အရေးတောင်းရဖို့ လည်း မရှိပါဘူး။ သူတို့ကို အလုပ်လုပ်ဖို့ လာစည်းရုံးသူ တွေ ကလည်း လာရမယ့်လမ်းခရီး၊ လုပ်ငန်းခွင့် အခြေအနေတွေ ကို သေချာရှင်းပြတာ မရှိကြပါဘူး။ လိမ်ညာ ကတိတွေပေးပြီး ခေါ်လာကြတာပါ။ နောက်ဆုံးလူတွေက သူတို့ကိုခေါ်လာ ပေးတဲ့ ပွဲစားခလည်း မပေးနိုင်တော့ အတိုး ၁၀၀% လောက်နဲ့ သူတို့လုပ်ခထဲက ဖြတ်ခံရတာတွေတောင် ရှိတယ်"လို့ ဖော်ပြပါတယ်။

မဲဆောက်အပါအ၀င် တက်ခ်ခရိုင်မှာ ပုံမှန်ဆိုရင် လုပ်ခက တလ ဘတ် (၉၀၀၀) လောက်ရပေမယ့် မြန်မာ အလုပ်သမားတွေက လေးပုံတစ်ပုံလောက်ပဲ ရကြပါတယ်။ တခါတလေ စက်ရုံတွေကို ထိုင်းရဲတွေက ၀င်စီးပြီး၊ တရားမ၀င် လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ ပြန်ပို့တာမျိုးလည်း အစဉ် စိုးရိမ်နေရ ပါသေးတယ်။

အငယ်လေးတို့ စက်ရုံပိုင်ရှင်က တကယ်လို့ရဲဖမ်းခံရရင် သူတာဝန်ယူတယ်ဆိုပြီး၊ နောက်တော့ ဘာမှတာဝန် မယူလို့ ပြဿနာတက်ရတာပါ။ သူတို့က အဲသည်တော့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အေးအေးချမ်းချမ်း ဆန္ဒ ပြကြပါတယ်။ အလုပ်မဆင်းဘဲ နေကြပါတယ်။ ဒါကို လူမိုက်တွေခေါ်လာပြီး အတင်းနှင်ထုတ်၊ တွန်းထိုး မောင်းထုတ်တာကြောင့် ပြဿနာဖြစ်ရတာပါ။ ဒီအချိန်မှာ အငယ်လေးတို့ မိသားစုမှာလည်း ပြဿနာတွေနဲ့ပါ။ သူ့အမက ဒီရောက်တော့ အိမ် ထောင်ကျ၊ ကလေးရ၊ ပြီးတော့မှ ယောက်ျားက နှိပ်စက်ညှဉ်းပမ်းလို့ အိမ်ထောင်ကွဲကြပါတယ်။ အခုတော့ ကလေးက သူ့အမေဆီမှာ၊ အမက ဘယ်ပျောက်လို့ ပျောက်နေမှန်း မသိရပါဘူး။ အငယ်လေးက သူ့ဘ၀အတွက် မျှော်လင့်ချက်တွေ ရှိနေတုန်းပါ။ စက်ရုံက နစ်နာကြေးရစရာ ငွေ ဘတ် ၇၀,၀၀၀ လောက် သူရဖို့ ရှိနေပါသေးတယ်။ သူ့အမကိုလည်း ရှာချင် ပါသေးတယ်။ သူကိုယ်တိုင်လည်း အိမ်ထောင်သားမွေး အေးအေးဆေးဆေး အခြေချချင်ပါသေးတယ်။ ဇာတ်လမ်းဆုံးရင် ပျော်စရာ နိဂုံးချုပ် ကြသလို နယ်စပ်က အလုပ်သမားတွေလည်း ဒုက္ခသုက္ခတွေကြားမှာ မျှော်လင့်ချက်တွေနဲ့ ရုန်းကန်နေကြ ကြောင်း ပုံဖော်တင်ပြခဲ့ပါတယ် ခင်ဗျား။ နောက်တပတ်မှာတော့ မဲဆောက်ကျောက်ဈေးကွက်နဲ့ မှောင်ခို ဈေးတွေ အကြောင်းကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments