Thursday, May 19, 2011
နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၈)
ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ RFA က ကျနော်တို့ ဇာတ်လိုက်ကြီး ကိုနေရိန်ကျော်ရဲ့ ဘ၀ ဇာတ်ကြောင်းကို ရစ်ချတ်က တင်ပြထားပါတယ်။ စဉ်းစားဆင်ခြင်မှု ကြောင့် ဖြစ်ရတဲ့ ပြစ်မှု (Thought crimes) ဆိုပြီး ဒီအခန်းကို နာမည် ပေးထားပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ်က မဲဆောက်မှာ ကိုနေရိန်ကျော်နဲ့ တွေ့ပါ တယ်။ အဲဒီကိုနေရိန်ကျော်က အခု RFA မြန်မာပိုင်း အစီအစဉ်မှာ တာဝန်ယူနေတဲ့သူပဲ ဖြစ်ပါတယ်။ သူနဲ့တွေ့တဲ့အချိန်မှာ ကိုနေရိန်ကျော်က တချိန်ကျရင် သူက စာရေးဆရာ ဖြစ်ချင်တယ်။ သတင်းထောက်တယောက်လည်း ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ရစ်ချတ်ကတော့ ကိုနေရိန်ကျော်က အတော်နှိမ့်ချတွေးတတ်တဲ့သူလို့ မြင်ပါတယ်။ သူနဲ့ တွေ့တဲ့အချိန်မှာတောင် RFA မှာ စာလေး၊ ဆောင်းပါးလေး ရေးနေ ပြောနေပါပြီ။ ကဗျာလေး ဘာလေးလည်း ရေးပါတယ်။ သူက မြန်မာပြည်က အကျဉ်းထောင်ထဲ ၈ နှစ်လောက် ဖြတ်သန်း ခဲ့ရတဲ့အချိန်မှာလည်း အုတ်နံရံ တွေမှာ ကဗျာတွေ ရေးခြစ်ခဲ့ဖူးပါတယ်။ ကျနော်ရေးတဲ့အဓိကအကြောင်းတွေက အိမ်လွမ်း တာတွေ၊ အလွမ်း တွေ၊ ဘ၀အဓိပ္ပါယ် မဲ့နေရတာတွေ၊ ရှင်သန်ခြင်းအကြောင်းတွေ ရေးတာများတယ်လို့ သူက ပြောပါတယ်။ သူ့စာတွေက ခံစားမှုတွေနဲ့ ထိရှလွယ်၊ သိပ်ပြီး ပြင်းပြနေပါတယ်။ ထောင်ထဲတုန်းက ကဗျာရေးခဲ့တာ အပုဒ် ၃၀ လောက်ရှိတယ်။ ထောင်နံရံတွေက မှတ်တမ်းတင် သိမ်းဆည်းဖို့ နေရာကောင်းတော့ မဟုတ်ပါဘူး။ တချို့ကဗျာ တွေ သူ မေ့ကုန်ပါပြီ။ တချို့တော့ အမှတ်ရသေးတယ် ပြောပါတယ်။
ကိုနေရိန်ကျော်က ထိုင်းနိုင်ငံ နယ်စပ်ကို ကဗျာရေးဖို့ ရောက်လာသူ မဟုတ်ပါဘူး။ သူက နယ်စပ်က AAPP ဆိုတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးတဲ့အဖွဲ့ကလေးမှာ အလုပ်လုပ်ရအောင် ရောက် လာသူပါ။ အခုအချိန်တိုင် အကျဉ်းကျ ကျန်နေသေးသူတွေကို သူတို့က နယ်စပ်ကနေ တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ကြသလို၊ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တိုက်တွန်းစည်းရုံးတာ၊ လှုပ်ရှားတာတွေ လည်း လုပ်နေကြပါတယ်။ သူ့အကြောင်းကိုလည်းစာ ရေးဆရာ ရစ်ချတ်က အသေးစိတ်မေးမြန်း ဖော်ပြပါတယ်။ သူက ရန်ကုန်တာမွေသားပါ။ သူ့ညီက သူ့ထက် ၄-နှစ်ငယ်ပြီး အခုအချိန်မှာတော့ နိုင်ငံခြားသင်္ဘော ကုမ္ပဏီ တခုမှာ အလုပ်လုပ်ရင်း ဆိုက်ပရပ်နိုင်ငံ ရောက်နေပါတယ်။ သူ့ညီမ ၂ ဦးက တော့ ရန်ကုန်မှာ တက္ကသိုလ် တက်နေကြတုန်းပါ။ သူ့အဖေက ရခိုင်လူမျိုး၊ အမေကတော့ မြန်မာလို့ ပြောပါတယ်။အိမ်မှာ သူတို့မောင်နှမတွေ ရခိုင်လို ပြောဆိုဆက်ဆံကြတုန်းလို့ သူက ပြောပါတယ်။ သူ့အဖေက တချိန်က ကြေးမုံသတင်းစာမှာ သတင်း ထောက်တဦးအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ၁၉၆၆ ခုနှစ်ရောက်တော့ နိုင်ငံရေးအကြောင်းပြချက်တခုနဲ့ ဖမ်းခံရပြီး နောက်ပိုင်း ပြန်လွတ်လာတော့လည်း အလုပ်ပြန်မရတော့ပါဘူး။ သည်တော့ သူ့အဖေက ဘာသာပြန်တာ၊ အင်္ဂလိပ်စာ သင်တာ လုပ်စားရတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုက မြန်မာနိုင်ငံအဆင့်အတန်းနဲ့ဆိုရင် လူလတ်တန်းဝင်ပါတယ်။ ဒါတောင် ကလေးကျောင်းစရိတ်ကိစ္စ တခါတလေကျပ်တည်းလာရင် အဖွား၊ အဖိုး တွေဆီက ငွေလှည့်ကြရတာမျိုး ရှိသေးတယ်လို့ သူက ဆိုပါတယ်။
သူကျောင်းသားဘ၀မှာပဲ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ဖြစ်လာပါတယ်။ ငွေစက္ကူတွေဖျက်သိမ်းလိုက်တဲ့အပေါ် လူတွေ တော်တော်များများက မကျေနပ်ဖြစ်နေကြတာပါ။ သူတို့မိသားစုတောင် ချစ်ချုတ်စုထားတဲ့ ငွေလေး သောင်းဂဏန်းဆုံးရှုံး ခဲ့ရတယ်လို့ ပြောပါတယ်။ ကျောင်းသားလှုပ်ရှားမှုထဲကို သူက သူငယ်ချင်းတွေဖိအား ပေးတာရော၊ သူ့ကိုယ်ပိုင်ဆန္ဒအရ အစိုးရကို ဆန့်ကျင်လိုတာရောကြောင့် ရောက်လာပါတယ်။ သူ့မိသားစု တွေကို အခုလို ပါဝင်နေတာ မပြောပြပါဘူး။
၈၈ ပြီးလို့ နောက်နှစ်တွေမှာ သူက မြေအောက်လှုပ်ရှားမှုအဖွဲ့တွေမှာ ပါဝင်လိုက်၊ ပြန်ထွက်လိုက်၊ နောက်အဖွဲ့ တခုမှာ ပါ လိုက် လုပ်နေခဲ့ပါတယ်။ ထောက်လှမ်းရေးတွေနဲ့လည်း ပြေးတမ်းလိုက်တမ်း ကစားသလို သူတို့ လှုပ်ရှားနေခဲ့ကြပါတယ်။ အစိုးရဆန့်ကျင်ရေး စာရွက်တွေဝေတယ်။ စည်းရုံတယ် စသဖြင့် လုပ်နေခဲ့ကြပါတယ်။ တခါတလေ ဖမ်းမိတော့လည်း ကံ ကောင်းထောက်မလို့ တခဏ အချုပ်ခံရပြီး၊ ပြန်လွတ်တာလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ထောင် ဒဏ် ၈ နှစ်အပြစ်ပေးခံရပါတယ်။ သူတို့ဝေတဲ့ စာတမ်းတွေ လက်နှိပ်စက်ရိုက်ပေးသူကိုတောင် ထောင် ၆-နှစ်ချပါတယ်။ သူတို့ကို ထောက်လှမ်းရေးမှာ ဖမ်းထားတုန်း ညှဉ်းပမ်းနှိပ်စက်တဲ့ အရာရှိကို သူကောင်းကောင်း မှတ်မိနေပါသေးတယ်။ ဗိုလ်ကြီးစည်သူလို့ သူက ပြောပါ တယ်။ ထောက်လှမ်းရေးစခန်းတွေမှာ ဖမ်းခံရတဲ့အခါ ရိုက်နှက်ကန်ကျောက်ခံရတာ၊ မမှန်တဲ့ကိစ္စတွေ ဖြောင့်ချက်ပေးထွက်ဆိုရတာ၊ သတင်းရအောင် နည်းမျိုးစုံ လူမဆန်စွာ နှိပ်စက်တာတွေ ကြုံရပါတယ်။ နောက်ဆုံး စစ်ခုံရုံးကနေ အကျဉ်းရုံးပြီး ပြစ်ဒဏ်စီရင်ပြီးတဲ့အခါ သူတို့ အင်းစိန်ထောင်ကို ရောက်လာပါတယ်။ ထောင်ထဲ မှာ သူက ၆-နှစ်လောက် တကိုယ်တည်းတိုက်ပိတ်တာလည်း ခံခဲ့ရပါတယ်။ မြင်းခြံထောင်ကိုလည်း ပြောင်းခဲ့ရပါသေး တယ်။ ထောင်ထဲကဘ၀က အစားအသောက်ကအစ ပင်ပန်းကြမ်းတမ်းလှပါတယ်။
ဆန်ထဲကျောက်ခဲ-သဲတွေ ရောထွေး နေသလို၊ ဟင်းမဟုတ်တဲ့ ဟင်းရွက်ပြုတ်နဲ့ စားသောက်ရှင်သန်ခဲ့ကြရ တာပါ။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသား ၅၀၀ လောက် အင်းစိန်ထောင်ထဲ ကျခံနေရတယ်လို့ ကိုနေရိန် က ဆိုပါတယ်။ ထောင်ထဲမှာ အနိုင်ကျင့်ဗိုလ်ကျတာတွေ၊ ခွေး တိုက်လို့ခေါ်တဲ့ အကျဉ်းသားတွေကို ထပ်မံနှိပ်စက်ရာ နေရာအကြောင်းတွေကိုလည်း သူက ပြောပြပါတယ်။ သူတို့မှာ ကြံ့ကြံ့ခံစရာ စိတ်ဓာတ်တခုနဲ့ ရှင်သန်ခဲ့ကြရတာပါ။ သူကတော့ ပန်းချီဆွဲတယ်၊ နံရံမှာ ခဲနဲ့ခြစ် ကဗျာရေးပြီး ဖြတ်သန်း ခဲ့ရတယ် ဆိုပါတယ်။ ထောင်ကလွတ်လာတော့လည်း တက္ကသိုလ်စာပေးစာယူနဲ့ ပြန်တက်၊ ကွန်ပြူတာသင်၊ ပန်းချီသင် လုပ်နေ တော့လည်း ထောက်လှမ်းရေး နောက်ယောင်ခံလိုက်နေတာက မလွတ်လပ်ပြန်ဘူးလို့ ဆိုပါတယ်။ နောက်ဆုံး တော့ ၂၀၀၂ ခုနှစ်မှာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နယ်စပ်ကို ထွက်လာခဲ့သူပါ။
အခုမဲဆောက် AAPP ရုံးရောက်တော့ သူတို့ရုံးမှာ ယောက်ျားသားတွေချည်း သစ်သား ၂-ထပ်အိမ်ကလေးမှာ နေရတာပါ။ အထီးကျန်ဆန်လွန်းပြီး၊ သင်္ဘောသားတွေလို ပင်လယ်ထဲကလူတွေနဲ့ တူနေတယ်လို့ စာရေးသူက ရေးပါတယ်။ သူတို့ ရုံး အောက်ထပ်မှာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေအကြောင်း ပြခန်းလေးလုပ်ပြီး ဧည့်သည်လာရင် ရှင်းပြစည်းရုံးကြ ပါသေးတယ်။ တခါတလေတော့ သူတို့ဧည့်သည်လေး ဘာလေး၊ ငွေစလေး ရှိရင် ဘီယာသောက် အပန်းဖြေကြပါတယ်။ ဒါပေမယ့် မလွတ်မြောက်သေးတဲ့ သူတို့ရဲဘော်တွေမျက်နှာမြင်မိလို့ အပြစ်ရှိသလို ခံစားရသေးတယ်ဆိုပါတယ်။ မြန်မာ နိုင်ငံနဲ့ ဝေးရာ ပြည်ပရောက်နေပေမယ့် သူတို့အပေါ် ဖိအား တွေက မကုန်နိုင်သေးပါဘူး။ တရားမ၀င်နေထိုင်နေသူတွေ ကို ထိုင်းအာဏာပိုင်တွေက ဖိအားပေးသလို၊ ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ ဒီလိုနဲ့ ရေရှည်လုံခြုံရေးကို ကြည့်လို့ ကုလသမဂ္ဂဒုက္ခသည် ရုံးမှာ သူတို့တခြားနေရာမှာ အခြေချနေထိုင်ဖို့ စာရင်းသွင်းကြရတာ ဖြစ်လာပါတယ်။ AAPP အဖွဲ့ဝင် အင်အား လည်း အတော်ကျဆင်းသွားရတယ်လို့ သူတို့က ပြောပါတယ်။ သူတို့ရဲဘော်တွေကို စာနာပေမယ့် သူတို့ဘ၀ လုံခြုံရေးအတွက်လည်း စဉ်းစားခဲ့ကြရပါတယ်။ ဒီလိုနဲ့ ကိုနေရိန်ကျော်က အမေရိကန်၊ နယူးယောက်မှာ အခြေ ချနေထိုင်ဖို့ ရွေးချယ်ခဲ့ရတယ်ဆိုတာ စာရေးသူက ဖော်ပြထားခဲ့ပါတယ်။ ဒီဆောင်းပါးနဲ့အတူ အကျဉ်းသားအဖွဲ့ AAPP ရဲ့ ဓာတ်ပုံ အများအပြားကိုလည်း အခုစာအုပ်မှာ ဖော်ပြထားကြောင်းပါခင်ဗျား။ နောက်တပတ်မှာတော့ အလုပ်လုပ်ရတာ များ၊ လုပ်ခရတာနည်းတဲ့ ရွှေ့ပြောင်းလုပ်သားတွေဘ၀ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment