Pages

Saturday, May 7, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၇)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မဲဆောက်ဆိုတဲ့ နယ်စပ်မြို့ကလေးအကြောင်း တင်ပြ ထားပါတယ်။ ဒွိဟပဟေဠိတွေနဲ့ မြို့ကလေးလို့ စာရေးသူက တင်စား ဖော်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ်-ဟမ်ဖရီစ် ဆက်လက်ဖော်ပြတာကတော့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကလေးအကြောင်းပါ။ သူက ဒွိဟ ပဟေဠိတွေနဲ့ မြို့ကလေးလို့ တင်စားဖော်ပြပါတယ်။ သူက မဲဆောက်မြို့ကလေးကို ၁၉၉၂ ခုနှစ်ကတည်းက စပြီးအကြိမ်ကြိမ် ရောက်ဖူးပါတယ်။ ဒီမြို့အကြောင်း ဖော်ပြကြတာတွေက မပြည့်စုံလှပုံကို သူက ပြောပါတယ်။ Lonely Planet လို့ခေါ်တဲ့ ကျောပိုးအိတ်ခရီးသည်တွေရဲ့ ဧည့်လမ်းညွှန်စာအုပ်မှာ မဲဆောက်နဲ့ပတ်သက်လို့ ဥပဒေစိုးမိုးမှုကင်းတဲ့ ပုံစံမျိုး ဖော်ပြထားပါတယ်။ ဒီလိုလည်း မဟုတ်သေးဘူး။ မဲဆောက်မှာ ဗဟိုအာဏာပိုင်တွေရှိနေတာကို ပစ်ပယ် ဖော်ပြထားသလို သူက မြင်ပါတယ်။ တခါ ထိုင်းနိုင်ငံအစိုးရ ဧည့်ခရီးသွားလမ်းညွှန်မှာ ဖော်ပြတာကလည်း မဲဆောက်ဆိုတာ ရှေးမြို့ဟောင်းတခုဖြစ်ပြီး၊ အခုအချိန်တိုင် ထင်ထင်ရှားရှားရှိနေတဲ့ ရှေးခေတ်က ကြီးကျယ် ခမ်းနားမှုတွေကို မြင်နိုင်သေး တယ်လို့ ဆိုပါတယ်။ မဲဆောက်က ဗုဒ္ဓဘာသာစေတီ ပုထိုးတွေက ၁၈ ရာစု လောက်က တည်ထားကြပြီး၊ မွန်-ရှမ်းလက်ရာ တွေနဲ့ ခမ်းနားသပ္ပါယ် ပါတယ်။ လွန်ခဲ့တဲ့ ၁၃-ရာစုက မောင်ချုတ် ဆိုတဲ့ မဲဆောက်မြို့က ဆိုခိုထိုင်းဘုရင့် နိုင်ငံကိုတောင် ခြိမ်းခြောက်နိုင်ခဲ့ပါသေးတယ်။ တခါ မဲဆောက်က တည်းခိုခန်းတခုက ဖော်ပြတဲ့မဲဆောက်အကြောင်းမှာတော့ တော တောင်တွေ ပတ်လည်ဝိုင်းပြီး၊ သဘာဝ ဂေဟစနစ်နဲ့ လျော်ညီတဲ့ ခရီးသွားတွေ အားလပ်ရက် လာသင့်တဲ့နေရာ၊ ထိုင်းနိုင်ငံ အနောက်ပိုင်း ဒေသရဲ့ ရတနာတပါးဆိုပြီး ဖော်ပြထားပါတယ်။

ရစ်ချတ်ဖော်ပြတာကတော့ မဲဆောက်မြို့ကို အလည်ပတ် တခဏရောက်လာရင် သိပ်မထူးခြားတဲ့မြို့ကလေးလိုပဲ တွေ့ရပါ လိမ့်မယ်။ ကလေးတွေက အပြာ၊ အဖြူဝတ်စုံတွေနဲ့ အစိုးရကျောင်းကို သွားနေတာ မြင်ရမယ်။ တချို့ ထူးခြားတဲ့နေရက် တွေမှာ ကျိုင်းကိုင်တဲ့ မိန်းကလေးနောက်မှာ ၊ ဘင်ခရာတီးဝိုင်းနဲ့ မြို့ထဲလှည့်လည်တာမျိုး လည်း မြင်ရမယ်။ မင်္ဂလာပွဲ၊ သာရေးနာရေး အခမ်းအနားကို ထုံးစံအတိုင်း ကျင်းပနေတာ၊ ဘုန်းကြီးရဟန်း တွေနဲ့ ဘာသာရေးပွဲတွေကိုလည်း သာမန်ပဲ မြင်ရပါလိမ့်မယ်။ တခါတလေ အကြမ်းဖက်မှုအနည်းငယ်ကလွဲလို့ ပုံမှန်မဟုတ်တဲ့ကိစ္စ၊ ထူးခြားမှုမျိုး ဘာမှမရှိသလို မြင်ရ ပါလိမ့်မယ်။ ဒါပေမယ့် မဲဆောက်မှာ နည်းနည်းအနေ ကြာလာရင် ဒီထက်နက်နက် ပိုတူးဆွရင် မဲဆောက်ဆိုတာ တခြား ထူးခြားမှုတွေလည်း ရှိနေသေးတဲ့ မြို့ဆိုတာ မြင်ရပါလိမ့်မယ်လို့ ရစ်ချတ် ဟမ်ဖရီစ်က ရေးပါတယ်။

သူတည်းနေတဲ့ Green Guesthouse တည်းခိုခန်းကနေ မြင်ရတာ တောင်ပေါ်တန်း ရှုခင်းတွေသာမက၊ နံရံမြင့်မြင့်ကာ ထားတဲ့ နှစ်ထပ်အဆောက်အဦကိုလည်း မြင်ရပါတယ်။ ရဲအချုပ်ထောင်ပါ။ အဲဒီမှာ မြန်မာ နိုင်ငံသားတွေ ခိုးဝင်လာတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ချုပ်နှောင်ထားတာပါ။ ယောက်ျား၊ မိန်းမ၊ ကလေး အကုန်ရှိပါတယ်။ အချုပ်ခန်းရှေ့မှာ ရဲ ၂ ယောက်က စားပွဲပေါ်ခြေထောက်တင်ထိုင်လို့ တီဗွီကြည့်နေကြပါတယ်။ သူတို့ကို အချုပ်ခန်းခ ဘတ် ၂၀၀ မပေးဘူးဆိုရင် ရဲတွေက ရိုက်နှက်ညှဉ်းပမ်းတာလည်း ခံကြရပါတယ်။ မြန်မာအမျိုးသမီးတွေ ထိုင်းရဲရှေ့ဒူးတုတ်နေရတဲ့ မြင်ကွင်းကိုလည်း သူ စိတ်မချမ်းသာစရာ မြင်ခဲ့ဖူးပါတယ်။ တကယ်တော့ မဲဆောက်မှာ မြန်မာပြည်က လာရောက်အခြေချ အလုပ်လုပ်နေကြ သူတွေ အများအပြား ရှိပါတယ်။ တရားဝင်ရော-တရားမ၀င်ပါ အများအပြားပါ။ ဒီမှာ စက်ရုံအများအပြားရှိပြီး အဲဒီစက်ရုံ တွေမှာ တ၀မ်းတခါး လာရောက်လုပ်ကိုင်နေကြတာပါ။ အခန့်မသင့်ရင် ဖမ်းဆီးခံရ၊ ပြန်ပို့နှင်ထုတ်ခံရတာတွေလည်း ရှိပါ တယ်။ တရားဝင်အရ မဲဆောက်နေ လူဦးရေကို ၄၂,၀၀၀ လို့ ဖော်ပြပါတယ်။ ဒါပေမယ့် ဒီစာရင်းတွေမှာ မြန်မာဖက်က လာရောက် အခြေချသူ သိန်းဂဏန်းကျော်ကို ထည့်သွင်းတွက်ချက်တာ မရှိပါဘူး။ အဲဒါအပြင် မဲဆောက်မှာ နေလာတာ ကြာရင် မြန်မာဖက်က သူလျှိုဒလံတွေ၊ ကုန်သည်တွေ၊ ရာဇ၀တ်မကင်းသူတွေ၊ နိုင်ငံခြား အဲန်ဂျီအိုလုပ်သားတွေ ရှိနေ တာကို လည်း သတိပြုလာပါလိမ့်မယ်။ မဲဆောက်နဲ့ သိပ်မဝေးတဲ့ နေရာမှာ လူစုလူဝေး သောင်းချီနေတဲ့ မြန်မာစစ်ပြေးဒုက္ခ သည် စခန်းတွေ ရှိနေတာကိုလည်း သတိပြုလာပါ လိမ့်မယ်။

တခါ မဲဆောက်က စီးပွားရေးအရ အချက်အခြာဖြစ်လာဖို့ အိပ်မက်တွေနဲ့ ရုန်းကန်နေကြပါတယ်။ အရှေ့-အနောက်စင်္ကြန် လမ်းမကြီးဆိုပြီး ဗီယက်နမ်ကနေ- မြန်မာနိုင်ငံ မော်လမြိုင်အထိ တိုးရိုပေါက် ကုန်သည် လမ်းမကြီးပေါက်လာဖို့ ရည်ရွယ် ထားကြပါတယ်။ မဲဆောက်နဲ့ သိပ်မဝေးတဲ့နေရာမှာ မြန်မာနယ်စပ် မြ၀တီမြို့ ရှိပြီး နှစ်နိုင်ငံကို ချစ်ကြည်ရေးတံတားကြီးနဲ့ ဆက်သွယ်ထားပါတယ်။ တခါက မြန်မာနဲ့ချစ်ကြည်ရေး- စက်ဘီး စီးပွဲ မဲဆောက်မှာလုပ်ပါတယ်။ ဒါပေမယ့်စက်ဘီးသမား တွေက မြန်မာပြည်ထဲ အဝေးကြီးဝင်ခွင့်မရကြပါဘူး။ စီစဉ်ပေးထားတဲ့ ခွင့်ပြုထားတဲ့ နယ်စပ်တနေရာလောက်မှာဘဲ ပြန် လှည့်လာကြရတာပါ။ တကယ့် ချစ်ကြည် ရေး-မိတ်ဆွေဖြစ်ဆိုတာလည်း အကန့်အသတ်နဲ့ စီစဉ်ပေးထားသလောက် ချစ် ကြည်ရတာပါလို့ သူက သုံးသပ်ပါတယ်။

တချို့က မဲဆောက်ကို Wild West လို့ဆိုပြီး တချိန်က အမေရိကန်ကောင်းဘွိုင်တွေရဲ့ အနောက်ဖက်နယ်မြေမျိုး တင်စား ဖော်ပြကြတာ ရှိပြန်ပါတယ်။ တကယ်တော့ အဲဒီအချိန်က အမေရိကန် အနောက်ဖက်ဒေသတွေမှာ သေနတ်ကိုင်၊ မြင်းစီး ပြီး ဗိုလ်ကျနေတဲ့ ကောင်းဘွိုင်လူဆိုးတွေနဲ့ သာမန်လယ်သမားတွေ တိုက်ခိုက်ကြပုံကို ညွှန်းတာ၊ ဥပဒေမစိုးမိုးပုံကို ညွှန်း တာဖြစ်ပါလိမ့်မယ်။ တကယ်တော့ မဲဆောက်မှာက ထိုင်းအာဏာပိုင်တွေ ချုပ်ကိုင်မှုက အပြည့်ရှိပါတယ်။ မြင်းစီးသေနတ် ကိုင် ဗိုလ်ကျနေသူတွေလည်း မရှိပါဘူး။ ထိုင်းလူမျိုးတွေက ကားစီးသွားလာနေကြတယ်ဆိုတာတောင် အချို့က ပစ်ကပ် ကား အစုတ်နဲ့ သွားလာနေကြရတာပါ။ အနှိမ်ခံဆိုလို့ မြန်မာပြည်က တရားမ၀င်လာနေကြတဲ့ လူထုတွေပဲ ရှိပါတယ်။ ဒီဥပမာက မဟုတ်သေးဘူးလို့ စာရေးသူက မြင်ပါတယ်။ တခါ မဲဆောက်က အနောက်ဘာလင်လို မြန်မာဖက်က ပြည်ပြေး၊ အတိုက်အခံတွေ ခိုလှုံရာဒေသလို့ စာရေးသူက ဖော်ပြပါသေးတယ်။ ဒါပေမယ့် မတူခြားနားတာက ဒီမှာက နယ်စပ်ကို နံရံကြီးကာထားနိုင်တာ မဟုတ်ဘဲ မြစ်တဖက်ကူးရင် ပေါက်နေတဲ့နယ်စပ်နေရာလို့ ဆိုပါတယ်။

မဲဆောက်မှာ အနောက်နိုင်ငံက အဲန်ဂျီအိုလုပ်သားတွေလည်း အများအပြားရှိသလို၊ မြန်မာအစိုးရဖက်က ထောက်လှမ်းဖို့ လွှတ်ထားသူတွေလည်း ရှိပါတယ်။ အဲဒါအပြင် ပြင်သစ်က Soldier of fortune ကြေးစား စစ်သားတဦးဖွင့်ထားတဲ့ Chez John ဆိုတဲ့ စားသောက်ဆိုင်မျိုးလည်း ရှိပါတယ်။ သူလည်း သူ့မိတ်နဲ့သူပါ။ ဒါပေမယ့် မနိတ်လှတာက သူ့ဆိုင်မှာတခါ တလေ ပထမကမ္ဘာစစ်ကာလ ဂျာမန်စစ်ချီသီချင်းမျိုး ဖွင့်ထား တတ်တာလို့ သူက ဆိုပါတယ်။ အဲဒါအပြင် မြန်မာပြည်ဖက် က ကုန်သည်တွေလာရောင်းတဲ့ မဲဆောက်က ကျောက်ဈေးတန်း၊ မြန်မာသူပုန်တွေ ဈေးဝယ်တတ်တဲ့ စစ်ယူနီဖောင်း ချပ် ၀တ်တန်ဆာဆိုင်တွေ၊ မူစလင် အများစု ကြီးစိုးတဲ့ မဲဆောက်ဈေးတန်း၊ နိုင်ငံခြားသားတွေများလာတာနဲ့အမျှ တဖြည်းဖြည်း မြို့ကြီးအသွင် တသွေးတမွေးဖြစ်လာတဲ့ မဲဆောက်အကြောင်း၊ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပြခန်းကလေး အကြောင်း စသဖြင့်ကိုလည်း စာရေးသူက စေ့စုံအောင် ဖော်ပြပါတယ်။

အဲဒါအပြင် လူမသိသူမသိ လက်နက်မှောင်ခိုဈေးကွက်၊ အဲဒါအပြင် အစီရင်ခံစာတခုအရ မဲဆောက်အနား ဒီကေဘီအေပိုင် ယာဘား မူးယစ်ဆေးစက်ရုံ ၅၇ ခုရှိတယ်ဆိုတဲ့ အကြောင်း စသဖြင့် ဆန့်ကျင်ဖက်ဒွိဟ ရုပ်ပုံတွေနဲ့ လှုပ်ရှားရှင်သန်နေ တဲ့ မြို့ကလေးအကြောင်း စိတ်ဝင်စားဖွယ် ဖော်ပြခဲ့ကြောင်းပါခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments