ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသက လူကုန်ကူးမှုအကြောင်းတွေနဲ့ အလွမ်းအမော လိင်ဈေးကွက်တောထဲက ကောင်မလေးတွေ အကြောင်း ကို စာရေးသူက တင်ပြထားပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
နယ်စပ်ဒေသတွေဆိုတာ တနည်းပြောရင် တရားမ၀င်လုပ်ငန်းတွေ လည်း အများအပြားထွန်းကားရာ အရပ်ပါ။ စာရေးသူ ရစ်ချတ် ဟမ်ဖရီးစ်က နယ်စပ်ဒေသမြို့ကလေးတမြို့က ကိုယ်ခန္ဓာရောင်းချ အသက်မွေးနေတဲ့ ကောင်မလေးတချို့နဲ့လည်း တွေ့ဆုံစကားပြောပြီး သူတို့အကြောင်းကို "နာရီပိုင်းအချစ်" ဆိုပြီး တင်ပြပါတယ်။
သူက ဟိုတယ်ခန်းထဲကစောင့်နေချိန်မှာ မြန်မာအမျိုးသမီး ၂ ယောက်စက်ဘီးတစီးနဲ့ ရောက်လာပါတယ်။ ရှေ့က စက်ဘီး နင်းလာတဲ့အမျိုးသမီးက လူလတ်ပိုင်း ပါ။ ထိုင်းနယ်စပ်ကို ရောက်လာလည်း ကြာပါပြီ။ သူက အရင်ကစားသောက်ဆိုင်တခုမှာ အလုပ်လုပ်ပါတယ်။ နောက် တော့ ပြည့်တန်ဆာခန်းတခုမှာ ချက်ပြုတ်၊ အောက်ခြေသိမ်းကူရတဲ့ အလုပ်တွေ လုပ်ပါတယ်။ အထဲကအမျိုးသမီး တွေက တနေ့တနေ့ ဒီအစားအစာတွေ ချည်း စားရလို့ ငြီးငွေ့လာရင် သူက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ရောင်းချပါသေးတယ်။ အခုလိုအဆက်အသွယ် ရှာပေးတဲ့ လုပ်ငန်းကိုပါ လုပ်ပါတယ်။ တဖက်မှာလည်း အခုလို လိင်ရောင်းချ အသက်မွေးနေကြတဲ့ ကောင် မလေးတွေကြားထဲလည်း ပြဿနာတွေ၊ မနာလိုတာတွေ၊ ရန်ဖြစ်တာတွေ ရှိလာရင် သူက အမကြီးအနေနဲ့ လည်း ၀င်ရောက်ဖြေရှင်းရတတ်ပါသေးတယ်။
သူနဲ့လိုက်လာတဲ့ကောင်မလေးက ပိုလို့ ကြည့်ပျော်ရှုပျော် ဆွဲဆောင်မှုရှိပါတယ်။ သူ့နာမည်ကို ထိုင်းဘာသာ စကားနဲ့ မှန် လို့အဓိပ္ပါယ်ရတဲ့ "ခရွတ်" လို့ ခေါ်ပါတယ်။ နာမည်အရင်းတော့ မဟုတ်ပါဘူး။ စာရေးသူ ရစ်ချတ်က သူ့တို့ဘ၀အကြောင်း သိချင်တော့ စကားပြန်ကတဆင့် မေးပြောရပါတယ်။ သူက အသက် ၂၀ လောက်၊ အသားအရေ ပြေပြေပြစ်ပြစ်နဲ့ မျက်နှာ က လေးထောင့်စပ်ကျကျပုံ ရှိပါတယ်။ ဂျင်းဘောင်းဘီကျပ်နဲ့အနီရောင် ဘလောက်စ်အင်္ကျီကို ၀တ်ဆင်ထားပါတယ်။ ဂျင်း ဘောင်းဘီအိတ်ထဲမှာလည်း အဖြူရောင်ဆဲလ်ဖုန်းတခု ထည့်ထားပါသေးတယ်။
သူက ပုံမှန်ဆက်ဆံတဲ့အခါ တနာရီ ဘတ် ၇၀၀ လောက်ပေးရပါတယ်။ အခုလို စကားခေါ်ပြောတဲ့အတွက်လည်း အချိန် အရ ကုန်ကျစရိတ်ကို ပေးရပါတယ်။ ဒီအထဲက တ၀က်ကို ခရွတ်က ရပါတယ်။ ကျန်တ၀က်ကို အခြားသူ တွေက ခွဲဝေယူ ကြပါတယ်။ သူက မွန်ပြည်နယ်၊ မော်လမြိုင်ကပါ။ မွန်လူမျိုးဖြစ်ပေမယ့် ဗမာစကားပဲ ပြော တတ်ပါတော့တယ်။ မွန်လို မပြောတတ်ပါဘူး။ မော်လမြိုင်ကနေ မြစ်တဖက်ကိုဖြတ်ကူးတဲ့ ကူးတို့လုပ်ငန်းမှာ သူ့အဖေက လုပ်ပါတယ်။ မောင်နှမ ၆ ယောက်ရှိပြီး အချို့အစ်ကိုအမတွေလည်း ထိုင်းနိုင်ငံထဲ ရောက်နေကြ ပါပြီ။ သူက ၅ တန်းလောက်အထိ ပညာသင်ခဲ့ဖူးပါ တယ်။ အဖွားဆီသွားပြီး ကျောင်းနေရတာပါ။ နောက်တော့ မိဘတွေက ကျောင်းမထားနိုင်လို့ ၅-တန်းအပြီး ကျောင်းထွက် လိုက်ရပါတယ်။ ကျောင်းထွက်တော့ ကုန်စုံ ဆိုင်တခုမှာ အကူဈေးရောင်းရပါတယ်။ နောက်တော့ အစ်ကိုတွေနောက်လိုက် လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လာလုပ်ဖို့ စဉ်းစားပါတယ်။ ထိုင်းနယ်စပ်ရောက်တော့ အထည်ချုပ်စက်ရုံတခုမှာ အလုပ်ရပါတယ်။ ဒါပေမယ့်လည်း ၀င်ငွေက သိပ်နည်းပါတယ်။ အဲဒီအချိန်မှာ သူ့အဖေက သစ်ပင်ပေါ်က ပြုတ်ကျလို့ ဆေးကုဖို့ ငွေ လိုနေတဲ့အချိန်၊ သူကလည်း ငွေရှာနေတဲ့အချိန်မှာ အမျိုးသမီးကြီးတဦးက ကူညီပေးမယ်ပြောလာပါတယ်။ သူတို့က ဖောက်သည်တဦးနဲ့ အိပ်ဖို့ဆွယ်လာပါတယ်။ ဒီအချိန်မှာ သူက အသက် ၁၈-နှစ်လောက်ပဲ ရှိပါလိမ့် ဦးမယ်။ အခုလို အပျို စင်နဲ့ အိပ်ရတာမျိုးကို လိင်လုပ်ငန်းမှာ ဖောက်သည်တွေက ဈေးကောင်းပေးတတ် ကြပါတယ်။ ဒါကို အရပ်စကားနဲ့ "ပါကင် ဖောက်တယ်"လို့ ခေါ်ကြပြီး တယောက်ကို ဘတ် ၁၅,၀၀၀ (ဒေါ်လာ ၄၂၅) လောက်အထိ ပေးကြတာပါ။ သူက အကျပ် အတည်းကြားထဲ ခေါင်းညှိမ့်ခဲ့ရပါတယ်။ ဒီငွေထဲက သူ တ၀က်ရပါတယ်။ မိဘကိုလည်းပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီလောကထဲ သူရောက်လာခဲ့ပါတယ်။ အခုအချိန် အထိဆိုရင် ဖောက်သည်ဘယ်ရွေ့ ဘယ်မျှ သူအိပ်ခဲ့တယ်ဆိုတာ သူမသိ နိုင်တော့ပါဘူး။ ဒါပေမယ့် သူက အစွပ်ကွန်ဒုံးသုံးဖို့တော့ အမြဲတိုက်တွန်းတောင်းဆိုလေ့ ရှိပါတယ်။ သူ့ဖောက်သည်အများ စုက ထိုင်းလူမျိုး တွေပါ၊ မြန်မာတချို့တလေလည်း ပါပါတယ်။ စစ်တပ်အာဏာပိုင်တွေ၊ ရဲတွေနဲ့လည်း သူတို့ကြုံရလေ့ရှိပါတယ်။ သူ ရငွေထဲက အစားအသောက်၊ နေစရိတ် ဟိုသည်နှုတ်ရင် တလတလ- ဘတ် ၆၀၀၀ လောက် ကျန်သေးတယ် လို့ ဆိုပါတယ်။
နယ်စပ်မှာ သူတို့လို ပြည့်တန်ဆာရုံတွေ အများအပြားပါ။ နာမည်အမျိုးမျိုးနဲ့ တရားမ၀င်တမျိုး၊ ပြောင်တဖုံ လုပ်စားနေကြ တာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းနဲ့ အသက်မွေးနေသူ ၃ သိန်းကနေ ၈ သိန်းအထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီအထဲမှာ မြန်မာလူမျိုးတွေက ၃၀,၀၀၀ ကနေ ၈၀,၀၀၀ ကြား အရေအတွက် ရှိနိုင်တယ်လို့ လူ့အခွင့်အရေး အစီရင်ခံ စာတခုမှာ ဖော်ပြပါတယ်။ တရားဝင်သူတွေရော၊ တရားမ၀င်သူတွေပါ အများအပြားပါ။ ဒီလုပ်ငန်းက ငွေရလွယ်တော့ မာဖီးယားလို အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေလည်း ပတ်သက်နေ ကြပါတယ်။ တဖက်မှာလည်း အာဏာပိုင်တွေက မျက်စေ့ မှိတ်မနေရင် လိုက်လျောမှု မရှိရင် မဖြစ်နိုင်ပါဘူး။ ဒီတော့ မြန်မာ-ထိုင်းအာဏာပိုင်တွေဖက်ကလည်း ပတ်သက်မှုတွေ ရှိ နေကြပါတယ်။ တဖက်က မြန်မာ-မွန်-ရှမ်း ကုန်သည်တွေကလည်း လူကုန်ကူးမှု ကွင်းဆက်မှာ တနည်းတဖုံ ပတ်သက်နေ ပြန်ပါတယ်။ စာရေးသူ နောက်ထပ်ကြားခဲ့ရတဲ့ ဇာတ်လမ်းတခုကတော့ အရွယ်မရောက်သေးတဲ့ ၁၄ နှစ်အရွယ် ကောင်မလေး ၃ ယောက် အကြောင်းပါ။ ၂ ယောက်က မူစလင်၊ တယောက်က ကရင်ပါ။ သူတို့မိဘတွေကို အလုပ်ကောင်း ကောင်း ရမယ်ဆိုလို့ မိဘတွေကိုယ်တိုင်က သဘောတူညီထည့်လိုက်တာပါ။ သူတို့ကို လူမှောင်ခိုဂိုဏ်းတွေက ဘန်ကောက်အထိ ခိုးတင်လာကြပါတယ်။ တနေရာကနေ တနေရာ လက်လွှဲရောင်းချကြတာလည်း ရှိပါတယ်။ မူစလင် ကောင်မလေး တယောက်ကတော့ ပိန်လည်းပိန်၊ မဲလည်းမဲဆိုတော့ ကံကောင်းလို့ လွတ်လာတယ် ဆိုနိုင်ပါတယ်။ ပထမတော့သူ့ကို အိမ် ဖော်အလုပ်ပဲ ခိုင်းပါတယ်။ သူ့မိတ်ဆွေတွေကတော့ တခြားတနေရာ ကွဲပြားရောက်ကုန်ကြလို့ ဘယ်အခြေအနေဆိုက် တယ် မသိနိုင်တော့ပါဘူး။ သူလည်း မြို့ရောက်လို့ တသွေး တမွေးဖြစ်လာတော့ ဒီလုပ်ငန်းထဲ ပြန်သွင်းမယ်စဉ်းစားနေကြပါ ပြီ။ ဒီအချိန်မှာ သူက တခြားစိတ်ကောင်း ရှိသူတယောက်အကူအညီနဲ့ ပြန်လွတ်မြောက်လာတာပါ။ ဒါတောင် စိတ်ပိုင်းဆိုင် ရာ ထိခိုက်ခဲ့ရမှုတွေကြောင့် တော်တော်နဲ့ နလံမထူနိုင်ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေ၊ အမှုတွေကလည်း နယ်စပ်မှာ ဆက်လက်ရှိနေဆဲပါ။ မပျောက်ကွယ်နိုင်သေးပါဘူး။
စာရေးတဲ့ ရစ်ချတ်တွေ့ခဲ့ရတဲ့ "ခရွတ်"ကတော့ ဒီအလုပ်ကို စွဲစွဲမြဲမြဲမဟုတ်ပေမယ့် တနည်းတဖုံ သာယာနေပုံ ရပါတယ်။ သူ့အနာဂတ်အကြောင်း မေးတာတွေ မဖြေပါဘူး။ အနာဂတ်ကိုလည်း မေ့ထားချင်ပုံရပါတယ်။ သူ့မှာ အနာဂတ်ရှိသလား- မရှိဘူးလားဆိုတာလည်း သူသိချင်ပုံ မရပါဘူး။ အခုအချိန်အထိတော့ ရည်စားဘာညာ မရှိသေးပါဘူး။ တချိန်တော့ သူက အိမ်ထောင်ပြုမယ်- ပြုတဲ့အခါမှာလည်း သူ့ရဲ့ကြင်ဖော်က သူ့ဖောက်သည် ထဲကတော့ မဖြစ်စေရဘူးလို့ ခရွတ်က ပြောခဲ့ကြောင်း ကြေကွဲဖွယ်ဇာတ်လမ်းတွေကို စာရေးသူက တင်ပြခဲ့ ပါတယ်။ နောက်တပတ်မှာတော့ လူတိုင်းမရွေးအတွက် အန္တရယ်ဖြစ်စေတဲ့ နယ်စပ်ဒေက ငှက်ဖျားနဲ့ အနာ ရောဂါတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment