Pages

Thursday, April 21, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၃)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသဒုက္ခသည်စခန်းထဲက စာသင်ကျောင်း တွေ အကြောင်းရယ်၊ မြန်မာစစ်တပ်က ထွက်ပြေးလာခဲ့တဲ့ စစ်ပြေး လူငယ်တဦးအကြောင်းကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ် ဟမ်ဖရီစ်က သူ့စာအုပ်ရဲ့နောက်တခန်းမှာတော့ နယ်စပ်ဒုက္ခသည်စခန်းက ကလေးတွေရဲ့ကျောင်း အကြောင်း တင်ပြပါ တယ်။ ဒီဆောင်းပါးမှာပဲ ကရင်တော်လှန်ရေးစစ်သားပုံတွေ၊ ကလေး တွေရဲ့ စာသင်ခန်းပုံတွေကိုပါ သူရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေနဲ့ တင်ပြ ပါတယ်။ သူက ဒုက္ခသည်စခန်းတခုကို အကူအညီပေးဖို့သွားတဲ့ ကျန်းမာရေးဆေးခန်း တခုက ဆေးအဖွဲ့နဲ့အတူ အခုဒုက္ခသည်စခန်းကို ရောက်ဖြစ်တာပါ။ ဒုက္ခသည်စခန်းနာမည်က အုန်းဖျံမိုင်စခန်းလို့ခေါ်ပါ တယ်။ ဒီစခန်းက စခန်းအသစ်ဖြစ်ပြီး လူဦးရေ ၁၇,၀၀၀ လောက် ခိုလှုံနေထိုင်တဲ့စခန်းပါ။ ဒုက္ခသည်စခန်းအသစ်သာ ဆိုတယ်။ နေထိုင်သူတချို့ ဒုက္ခသည်လူထုတွေက နယ်စပ်ဒေသကို ရောက်နေတာကြာပြီဖြစ်တဲ့ လူဟောင်းတွေပါ။ သူတို့ တွေက အရင်က အနီးကဒုက္ခသည်စခန်း ၂-ခုဖြစ်တဲ့ မိုးကဲနဲ့ ဟွေးကလုတ်စခန်းတွေမှာ ခိုလှုံနေထိုင်ခဲ့ကြ ပါတယ်။ ဒီစခန်း တွေက လုံခြုံရေးမရှိလှပါဘူး။ မြန်မာစစ်အစိုးရဖက်ကို ရပ်တည်သွားခဲ့တဲ့ ဒီကေဘီအေနဲ့ မြန်မာစစ်တပ်က လာရောက် တိုက်ခိုက်တာတွေ ကြုံခဲ့ရပါတယ်။ တချိန်ုတုန်းက စခန်းတခုကို သူရောက်သွား တော့ မီးလောင်ပြီးသားကျန်တဲ့ အိမ်ပျက် ငုတ်တိုတွေကိုတောင် မြင်ခဲ့ရပါသေးတယ်။ ဒီစခန်းတွေကို ပေါင်းလို့ ပိုပြီးလုံခြုံမှုကောင်းတယ်ဆိုတဲ့ အခု အုန်းဖျံမိုင်စခန်း နေရာကို ရွှေ့ခဲ့ကြတာပါ။

လုံခြုံရေးကောင်းတယ်သာဆိုတယ်။ နယ်စပ်နဲ့ ၁၃ ကီလိုမီတာမျှသာ ဝေးပါတယ်။ အခုအချိန်မှာ တော့ ကုလ သမဂ္ဂ ဒုက္ခသည်မင်းကြီးရုံး UNHCR ကလည်း ဒုက္ခသည်တွေကိစ္စ ထိုင်းအစိုးရနဲ့အတူ ပူးပေါင်းလုပ်ကိုင်လာခဲ့ ပါတယ်။ ဒီစခန်းက မဲဆောက်ကနေတောင်ဖက်၊ ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းကိုဖြတ်ပြီး သွားရတာပါ။ တချိန်က ထိုင်းကွန်မြူနစ်တွေ သူပုန်ထတုန်းက မတ်စောက်တဲ့တောင်ကြားလမ်းတွေရယ်၊ တိုက်ခိုက်မှု အန္တရာယ်တွေကြောင့် သေမင်းတမာန်လမ်းလို့တောင် နာမည်ကြီးခဲ့တဲ့လမ်းပါ။ အုန်းဖျံမိုင်စခန်းက တောင်ကြား မှာရှိပြီး တကယ့်ပန်းချီကား တချပ်လိုလှတယ်လို့ စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် နွေရာသီရောက်လာရင် ရေခက်လှပါတယ်။ သူတို့က တောင်မြင့် ကြီးပေါ်ကကျတဲ့ စမ်းရေကိုပိုက်နဲ့ခံ သုံးနေကြရတာပါ။ လူဦးရေကများ၊ ရေကနည်းတော့ နွေဆိုရင် အတော်ဒုက္ခရောက် ကြပါတယ်။

ဒီစခန်းမှာပဲ သူက အသက် ၂၂ နှစ် အရွယ်လောက်ကျောင်းဆရာမလေး နန်းဌေးနဲ့ တွေ့ပါတယ်။ သူက ပိုးကရင် လူမျိုးပါ။ မူလတန်းကျောင်းဆရာမလေးအဖြစ် စာပြနေသလို၊ ကျောင်းသူ ၁၁ ယောက်ရှိတဲ့ အဆောင်ကလေး ကိုလည်း ကြီးကြပ်ရ ပါတယ်။ သူက ကလေးတွေအကြားဆရာမဖြစ်နေရတဲ့ အရွယ်နဲ့မလိုက်အောင် တည်တည် ကြီးနေထိုင်နေပုံ တွေ့ရတယ် လို့ရေးပါတယ်။ ဒီလို နယ်စပ်ဒေသက ကျောင်းကလေးတွေက မြန်မာပြည်ထဲက သင်ရိုးညွှန်းတန်းရယ်၊ အရင်က ဗြိတိသျှ သာသနာပြုအဖွဲ့တွေ သင်တဲ့သင်ရိုးညွှန်းတန်းတွေကို ပေါင်းစပ်သင် ကြပါတယ်။ ငွေကြေးအထောက်အပံ့ကတော့ ဖော ဖောသီသီ မရှိလှပေမယ့်၊ အဲန်ဂျီအိုက အထောက်အပံ့၊ အခြားအလှူရှင်တွေဆီက ကူညီငွေတွေနဲ့ ရပ်တည်နိုင်ကြပါတယ်။

ဒီဒုက္ခသည်စခန်းကို ရောက်နေကြသူတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကာလက ထွက်ပြေးခဲ့ကြသူတွေပါ ပါဝင်ပြီး တော့ သူတို့ရဲ့ ကလေးတွေဆိုရင် ဒီစခန်းအပြင် တခြားဘ၀အကြောင်းတွေကို ယဉ်ပါးမသိသလောက်ပါပဲ။ ဒီမှာမွေး၊ ဒီမှာကြီးလာ ခဲ့ကြရတာပါ။ နန်းဌေးရဲ့ကျောင်းကလေးက သစ်ဝါးနဲ့ အခြေခံကျကျ ရိုးရိုးလေး ဆောက် ထားတာပါ။ စခန်းတခုလုံးမှာ မူလတန်းကျောင်း ၇ ကျောင်း၊ အလယ်တန်း ၃ ကျောင်းနဲ့ အထက်တန်း ၂ ကျောင်း၊ ကျောင်းသားစုစုပေါင်း ၄,၆၀၀ လောက် ရှိတယ်ဆိုပါတယ်။ နော်ဌေးရဲ့အလုပ်က လခရတယ်ဆို ပေမယ့်၊ အလုပ်ချိန်က နာရီရှည်လျားလှပါတယ်။ ကလေး တွေကို ကြီးကြပ်ဖို့ မနက်အစောကြီးကတည်းက စတင်နေရပါပြီ။ ကလေးတွေ အိပ်တဲ့အချိန်မှ အလုပ်သိမ်းပါတယ်။ နန်းဌေးက နိုင်ငံရေးအယူကြောင့် နယ်စပ်ရောက်လာတာ မဟုတ်ပါဘူး။ သူက သူတို့နယ်ကလေးမှာ ပညာရေးသိပ် မကောင်းလို့ ပညာပိုကောင်း တဲ့အခွင့်အလမ်းရှာရအောင် နယ်စပ်ရောက်လာသူပါ။ အခုတော့ သူတတ်သမျှပညာနဲ့ ကလေးတွေကို ဆက်လက်သင်ကြားပေးနေရပါတယ်။ သူတို့ကျောင်းတွေက ကလေးတွေကို ရိုးရာယဉ်ကျေးမှုဆက်လက် ထိန်းသိမ်းအောင်လည်း သင်ကြားပေးကြပါတယ်။ တကယ်တော့ မြန်မာပြည်ပညာရေးစနစ်မှာ သမိုင်းကို သူတို့ဘာသာ သူတို့အဓိပ္ပါယ်ဖွင့် သင်ကြားနေကြတာပါ။ အခုနယ်စပ်စခန်းတွေမှာလည်း လူမျိုးရေးစိတ်ကဲပြီး ဖြစ်ပေါ်နေတာတွေရှိပါ သေးတယ်။ အမုန်းတရားတွေကို မျိုးဆက်တခုကနေ တခု လက်ဆင့်ကမ်း မသယ် ဆောင်ဘဲ၊ ဒီလို ဆိုးကျိုးသံသရာက ရုန်းထွက်ဖို့ဆိုတာ ပညာရေးအခွင့်အလမ်းတခုသာ ရှိတယ်လို့ စာရေးသူက မြင်ပါတယ်။ အခုလို တည်ငြိမ်တဲ့နယ်စပ်က ဒုက္ခသည်စခန်းက ကျောင်းတွေသာမဟုတ်၊ မြန်မာပြည်ထဲမှာ ကရင်ဒုက္ခသည်တွေ လှည့်ပြောင်းပြေးလွှားရင်း သင်ကြား နေကြရတဲ့ ကျောင်းပုန်းတွေ ရှိသေးတဲ့အကြောင်း၊ ဒီကျောင်းတွေကို နယ်လှည့်ကျောပိုးအိတ်နဲ့ ကူညီသူ ဆရာတွေရှိနေ သေးတဲ့အကြောင်းလည်း စာရေးသူက ဖော်ပြခဲ့ပါသေးတယ်။

နောက်တခန်းမှာ နှိုင်းယှဉ်ဖော်ပြတာက မြန်မာစစ်တပ်က တပ်ပြေးတယောက်အကြောင်းပါ။ သူက စစ်ကား တွေကြိုက်တဲ့၊ စစ်ကားထဲမှာ အမေရိကန်တပ်က ရဲဘော်တွေကို အားကျပြီး မြန်မာ့တပ်မတော်ထဲဝင်မိတဲ့ လူငယ်တယောက်အကြောင်း ပါ။ စစ်ထဲရောက်ပြီးမှ သူက မပျော်ပိုက်ဖြစ်လာပါတယ်။ သူထင်တဲ့ဘ၀နဲ့ ကွာခြားနေပါတယ်။ ကိုအောင်တပ်ထဲရောက် တော့ စစ်သင်တန်းခဏလောက်တက်၊ ပြီးတော့ တပ်တခုမှာ တာဝန်ကျပါတယ်။ တပ်ထဲကခြစားမှုတွေ၊ ခက်ခဲပင်ပန်းတာ တွေအကြောင်းလည်း သူက ပြောပြပါတယ်။ လစာကလည်း မလောက်ငှပါဘူး။ ဒီလိုနဲ့ သူက အပြင်မှာအလုပ်လုပ်၊ ရတဲ့ ငွေကို သူ့အထက်အရာရှိကို လာဘ်ထိုးပြီး နေရပါတယ်။ တပ်ထဲကထွက်လို့လည်း မရပါဘူး။ ရှေ့တန်းကိုလည်း သူမသွား ချင်ပါဘူး။ ဒီအခါလည်း အရာရှိတွေကို လာဘ်ထိုးရပါသေးတယ်။ လာဘ်ထိုးတယ် ဆိုတာတောင် အမှုသိပ်ကြီးလာရင် အရာရှိတွေက ကာကွယ်မပေးချင်ကြပါဘူး။ ဒါနဲ့ နောက်ဆုံး ပိုက်ဆံ ဒေါ်လာ ၄၀၀ လောက်ပေးပြီး ပတ်စ်ပို့လုပ်၊ လေဆိပ် ကနေ ဘန်ကောက်ကိုရောက်အောင် ထွက်ပြေးလာခဲ့သူပါ။ စစ်သားဘ၀ကနေ ခွင့်ပြုချက်မရဘဲ ပြေးရတဲ့သူဖြစ်လို့ စိတ် လှုပ်ရှားပုံအကြောင်းတွေကိုလည်း သူက ပြောပါတယ်။ ထိုင်းရောက်တော့လည်း သူ့ဘ၀လုံခြုံရေးက မအေးသေးပါဘူး။ ဗီဇာသက်တန်းကိစ္စ၊ ဖမ်းပြီး ပြန်ပို့ခံရမှာကို စိုးရိမ်နေရပါသေးတယ်။ တချိန်တုန်းကတော့ နယ်စပ်က တိုင်းရင်းသားတော် လှန်ရေးအကြောင်းတွေ၊ ဒုက္ခသည်အကြောင်းတွေ သူအပ်ကျမတ်ချ မသိခဲ့ပါဘူး။ အခုမှ ကိုယ်တိုင်မြင်တွေ့သိရတာပါ။ တချိန်တုန်းက သူ့အထက်က စစ်ဗိုလ်ချုပ် တွေ ရိုက်သွင်းထားတာက ဒီလူတွေက နိုင်ငံကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နေ၊ ဖျက်ဆီးနေကြတယ်။ တိုင်းပြည်က ဆင်းရဲနေလို့သာ၊ ချမ်းသာရင် အပြုတ်တိုက်ပစ်ပလိုက်မယ် ဆိုတာမျိုး သူ ကြားခဲ့ရတာပါ။ အခုမှ သူကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့ရပါတော့တယ်။ ဒါပေမယ့် ရုန်းမထွက်နိုင်ဘဲ တနေ့လုပ် တနေ့စား ရုန်း ကန်နေရသေးတဲ့ ကျန်ဘ၀တူ စစ်သားတွေအကြောင်းလည်း သူပြောပြပါသေးတယ်။ စစ်တပ်ထဲချမ်းသာနေ တဲ့ အရာရှိတွေက လူနည်းစုပါ။ ထိပ်ပိုင်းဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေ၊ သူတို့သား-သမီးတွေ လောက်ပဲ ဖြစ်ပါတယ်။ သူ့လိုတပ်ပြေးတွေ များလွန်းလို့ စစ်သားကို တရားတဲ့နည်းနဲ့ရော၊ မတရားတဲ့နည်းနဲ့ပါ စုဆောင်းကြပုံတွေ ကို သူက ပြောပြခဲ့ပါသေးတယ်။

မှန်ကူကွက်သဖွယ်ပုံရိပ်မျိုးစုံ တင်ပြနေတဲ့ နယ်စပ်ဒေသက ဇာတ်လမ်းတွေအကြောင်း နောက်အပတ်မှာ ဆက်လက်တင်ပြ ပါမယ်။ ပြည်တွင်းစစ်အကြား ကျိုးကြေခဲ့ရတဲ့ လူငယ်တွေရဲ့အနာဂတ်နဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ပါတယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark


No comments:

Recent Comments