Pages

Wednesday, April 20, 2011

နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၄)



ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နယ်စပ်ဒေသက အစိုးရစစ်တပ်ထဲက အရွယ်မရောက်သေးတဲ့ စစ်ပြေး ကလေးစစ်သား တဦးအကြောင်းရယ်၊ ကရင်နဲ့ ကျောင်းသားတော်လှန်ရေးတပ်တွေထဲက ရုပ်ပုံလွှာတချို့ကို တင်ပြ ထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အရင်တပတ်တုန်းက အုန်းဖျံမိုင်ဒုက္ခသည်စခန်းထဲက ကလေးတွေ ပညာရေးကိစ္စအကြောင်း တင်ပြခဲ့ပါတယ်။ စာရေးသူ ရစ်ချတ် ဟမ်ဖရီစ်က သူ့စာအုပ်နောက်တခန်းမှာ အဲသည်ဒုက္ခသည်စခန်းနဲ့ သိပ်မဝေးတဲ့ စခန်းတခုက စစ်ပြေးကလေး စစ်သားတယောက် အကြောင်းကို တင်ပြပြန်ပါတယ်။ အုန်းဖျံဆိုတဲ့ ထိုင်းမြို့ကလေးနဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့နေရာ မှာ "ဝေါ်လေ"ဆိုတဲ့ နယ်စပ်စစ်စခန်းတခု ရှိပါတယ်။ သောင်ရင်းမြစ်ကမ်းပါးမှာရှိပြီး မြန်မာစစ်တပ်က သိမ်းပိုက်ထားပါ တယ်။ အရင်တချိန်ကတော့ ကရင်သူပုန်တွေ အကောက်စခန်းရှိခဲ့ပေမယ့် အခုတော့ ဒီကေဘီအေနဲ့ မြန်မာစစ်အစိုးရရဲ့ စစ်ဗျူဟာ ၈၈၂ က တပ်ရင်းတွေ အခြေချနေပါတယ်။ ဒါပေမယ့် အဲဒီစခန်းနဲ့ မနီးမဝေးမှာပဲ ကေအဲန်ယူစခန်းတခုလည်း ကပ်လျက် ရှိနေပြန်ပါတယ်။ အခု စာရေး သူပြောပြတဲ့ "မောင်"ဆိုတဲ့ ကလေးစစ်သားက ဒီစခန်းက ထွက်ပြေးလာခဲ့တာပါ။ မောင်ဆိုတဲ့ ကလေးက ရန်ကုန်မြို့ စွန် တောင် ဒဂုံမှာနေပါတယ်။ သူ ၂-နှစ်သားမှာ မိဘတွေက အိမ်ထောင်ကွဲပြီး၊ သူက အမေနဲ့ ပထွေးနဲ့ နေရပါတယ်။ သူ့အစ်ကို၊ အမတွေက ကြီးလို့ အိမ်ထောင်ကျပါပြီ။ သူက ၇-တန်းမှာ အိမ်စီးပွားရေး အခက်အခဲကြောင့် ကျောင်းထွက်ရပါတယ်။ ကျောင်းထွက်တော့ တောင်ဒဂုံက စက်ရုံတခုမှာ သူ့ဝမ်းကျောင်းဖို့၊ မိသားစု ကူဖို့ အလုပ်လုပ်ရပါတယ်။ တရက် အလုပ်ကအပြန်မှာ စစ်သားစုဆောင်းရေးတပ်က ရဲဘော်တွေက သူ့ကိုဖမ်းခေါ်သွားခဲ့ ပါတယ်။ သူက အဲဒီအချိန်က ၁၆ နှစ်ပဲရှိပါသေးတယ်။ မြန်မာပြည်မှာက တရားဝင် အသက် ၁၈ ပြည့်မှသာ စစ်မှုထမ်းရ တာပါ။ သူတို့ကို ဒညင်းကုန်းစစ်သားစုဆောင်းရေးစခန်းကို ခေါ်သွားပါတယ်။ သူ့ကို စာရွက်စာတမ်းတွေဖြည့် လက်မှတ် ထိုးခိုင်းပါတယ်။ နောက်တော့ သထုံ၊ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း အမှတ် ၉ ကို ပို့ခဲ့ပါတယ်။ အဲဒီမှာ ၄ လခွဲသင်တန်း တက်ပြီးတော့ အခုလို နယ်စပ်ရှေ့တန်း စခန်း ရောက်လာတာပါ။

မြန်မာပြည်မှာ အခုလိုကလေးစစ်သားတွေ အတင်းအကျပ်စုဆောင်းသိမ်းသွင်းတတ်တဲ့ အကြောင်းကို Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အစီရင်ခံစာတစောင် တင်ပြဖူးပါတယ်။ "ကျနော့်သေနတ်က ကျနော့်အရပ်ထက် ရှည်တယ်" ဆိုတဲ့ နာမည်နဲ့ပါ။ အလားတူ မြန်မာနိုင်ငံက ကလေးများအခွင့်အရေးနိုင်ငံတကာသဘော တူညီချက်ကို လက်မှတ်ရေး ထိုးထားတော့ ကုလသမဂ္ဂကလည်း ကလေးစစ်သားမစုဆောင်းဖို့ တိုက်တွန်းနေပါတယ်။

ဒါပေမယ့် မောင်ရဲ့အဖြစ်မျိုးက နေရာအနှံ့အပြားမှာ ဖြစ်နေတာပါ။ စစ်သားစုဆောင်းရေးမှာ နေရတုန်းက သူတလ ၄၀၀ ကျပ်ပဲရပါ တယ်။ ခြေမြန်တပ်ရင်းရောက်လာတော့ လစာပိုရတယ်ဆိုပေမယ့်လည်း ကြေးအမျိုးမျိုးဖြတ်တာကြောင့် ဘာမှ မကျန်သလောက် ပါပဲ။ မောင်က စစ်သားဖြစ်ရတာ အတော်ဝမ်းနည်းပါတယ်။ အကြောင်းက မိဘတွေနဲ့ခွဲနေရတာရယ်၊ နေ့စဉ်နဲ့အမျှ ရိုက်နှက်ခံနေရတာ ရယ်ကြောင့်ပါ။ မောင်က တိုက်ပွဲတော့ ကိုယ်တိုင်ကိုယ်ကျမကြုံဖူးပါဘူး။ ရှေ့တန်းရောက် တော့ သူတို့တောင်ကုန်းတခုပေါ်နေရာ ကျ ပါတယ်။ နေ့စဉ်ရေခပ်ဆင်းရတဲ့အချိန်မှာ ပြေးဖို့စဉ်းစားကြပါတယ်။ သူနဲ့ သူ့ အဖော်က ထွက်ပြေးပြီး ထိုင်းနယ်စပ်မှာ အလုပ်လုပ်မယ် လို့ စဉ်းစားကြပါတယ်။ သူတို့ထွက်ပြေးကြပြီး ဘုန်းတော်ကြီး ကျောင်းတခုမှာ ပုန်းကြပါတယ်။ ပြေးပြီး ၁ နာရီလောက်မကြာခင်မှာပဲ သူတို့ကို ကရင်စစ်သားတွေက မိသွားပါတယ်။ သူတို့က ကောင်းကောင်းဆက်ဆံကြပါတယ်။ မင်းတို့ရုတ်ရုတ် မလုပ်ရင် ဘာမှမဖြစ်ဖူး ဆိုတာမျိုး ပြောပါတယ်။ တကယ် လို့ ထိုင်းနိုင်ငံကို ရောက်သွားရင်လည်း သူတို့ပြန်ပို့ခံရနိုင်ပါတယ်။ အကြောင်းက ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရက တပ်ပြေး တွေ ပြန်ပို့ဖို့သဘောတူညီချက် ရှိထားလို့ပါ။ ဒီလိုနဲ့စာရေးတဲ့သူက သူတို့ကို ဝေါ်လေနယ်စပ်ကရင်စခန်း တခု မှာ တွေ့ခဲ့တာ ပါ။ စစ်ပွဲတွေထဲမှာ ဒီကလေးတွေရဲ့ လူငယ်ဘ၀ တဆစ်ချိုးကွေ့ ပုံပြောင်းခဲ့ရတယ်လို့ သူက ဖော်ပြပါတယ်။ စာရေး သူပြော တာကတော့ အခုလို ကလေးစစ်သားတွေသုံးနေတာ မြန်မာ့တပ်မတော်တခုထဲမှ မဟုတ်ပါဘူး။

တိုင်းရင်းသားတော်လှန် ရေးအဖွဲ့တွေမှာလည်း ကလေးစစ်သားတွေရှိတယ်ဆိုတာ ပြောပါတယ်။ ရန်သူစစ်သားတွေက သူ့မိဘတွေကို သတ်သွားလို့ လက်စားချေချင်စိတ်နဲ့ စစ်ထဲဝင်ခဲ့တဲ့ ၁၁-နှစ်အရွယ် ကရင်ရဲဘော်လေးကို သူမြင်ခဲ့ဖူးကြောင်းလည်း ရေးပါတယ်။ မြန်မာ့ တပ်မတော်မှာ ကလေးစစ်သား ၆၀,၀၀၀ အထိ ရှိနေတယ်လို့ ခန့်မှန်းကြတယ်။ ဒီလိုစုဆောင်းဖို့ရော လိုအပ်သလားဆိုတာ သူက မေးခွန်းထုတ်ပါတယ်။ မောင်ကတော့ သူကြီးလာရင် စီးပွားရေးသမားဖြစ်ချင်တယ်၊ ကုန်စုံဆိုင်တခုထောင်ချင် တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဖြစ်ချင်တဲ့ အိပ်မက်အတွက်ဆိုရင် နယ်စပ်မှာက လုံခြုံမှုလည်းလိုတယ်။ ကံကောင်းဖို့ လည်းလိုတယ်လို့ စာရေးသူက သုံးသပ်ဖော်ပြပါတယ်။

နောက်တပုဒ် "လက်နက်နဲ့လူသား"ဆိုတဲ့ အခန်းမှာတော့ စာရေးသူက နယ်စပ်ဒေသတလျှောက် လက်နက်ရောင်းဝယ် ရရှိ နေကြပုံတွေ၊ ပြည်တွင်းစစ်ပွဲ မီးဆက်လောင်စေလောက်အောင် လက်နက်တွေ ရနေနိုင်သေးတဲ့အခြေအနေ၊ လက်နက်- ကျည်ဆံတွေဈေးနှုန်းတွေ ဖော်ပြထားပါတယ်။ နယ်စပ်က KNLA စခန်းတခုဖြစ်တဲ့ ဗိုလ်မှူးကြီးနာဒါးမြရဲ့ ၂၀၁ စခန်းကို သူ ရောက်ခဲ့ပါတယ်။ အဲဒီမှာ ကရင့်တော်လှန်ရေးအခမ်းအနား လုပ်တော့ သူမြင်တွေ့ရတဲ့ မြင်ကွင်းတွေကို ဖော်ပြရင်း၊ ABSDF ကျောင်းသားတပ်မတော်က ခေါင်းဆောင်တယောက်နဲ့ သူစကားပြောရတဲ့ အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။ ကျနော်တို့က တော်လှန်စစ်ကို ဆင်နွှဲနေရတာ၊ ကျနော်တို့မှာ သေနတ်လိုတယ်၊ ကောင်းကောင်း-ဆိုးဆိုး ဒီလက်နက်တွေ လိုနေသေးတယ်လို့ သူ့ကိုပြောပါတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးလိုလားလို့ စစ်ပွဲကို ရပ်ပစ်ရင်တောင် ဘယ်သူက ငြိမ်းချမ်းရေးကို အာမခံပေးမှာလဲလို့လည်း မေးခွန်းထုတ်ပါတယ်။ တကယ်ကတော့ တရားမျှတတဲ့စစ်ပွဲလို့ ကြွေးကြော်ပြီး တိုက်ခိုက်လာခဲ့တာ ၅၆ နှစ် ရှိပြီဆိုတော့ အတော့်ကိုကြာညောင်းပြီလို့ ပြောနိုင်ပါတယ်။ ဒါကို လွယ်လွယ်နဲ့ ဖြေရှင်းနိုင် ဖွယ် မရှိဘူးလို့လည်း စာရေးသူက သုံးသပ်ပါတယ်။ တဖက်က ရွှေပြည်အေးနည်းနဲ့ လုံးဝ အရှုံးပေးရင်လည်း မကျေအေး နိုင်သလို၊ တဖက်က အင်အားနဲ့လည်း အပြုတ်ဖြုတ်နိုင်ဖွယ် မရှိပါဘူး။ လှုပ်ရှားရုန်းကန်မှုတွေက နည်းမျိုးစုံနဲ့ ရှိနေဦးမှာပါ။ ကျနော်တို့က ပဋိပက္ခကို ဘီလူးသဘက်လို ပုံဖော်မကြည့်ဖို့လိုသလို၊ ထိန်းသိမ်းမွေးမြူမှု မလုပ်ဖို့လည်း လိုပါတယ်။ မနုဿဗေဒပညာရှင် ကလစ်ဖို့ ဂီယာ့ဇ် (Clifford Geertz) ပြောသလို အခြားအုပ်စုတစုကို လေ့လာကြည့်ပြီး နားလည် အောင်ကြိုးစားကြည့်သင့်တယ်လို့ သူက သုံးသပ်ခဲ့ပါတယ်။

နောက်တပတ်မှာတော့ နယ်စပ်ဒေသက ငှက်ဖျား၊ အနာရောဂါတွေ၊ အချစ်လွမ်းမောဖွယ် သူကြုံခဲ့ရတဲ့ဇာတ်လမ်းတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments