Thursday, April 7, 2011
နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၂)
ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အခုတပတ်မှာ စာအုပ်သစ် တအုပ်နဲ့ စတင်မိတ်ဆက်ပေးထားပါတယ်။ ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက် ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက် မှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ရနောင်းကမ်းခြေက မြန်မာ လူငယ် တံငါတွေနဲ့ သူတွေ့ခဲ့ရတဲ့ တိုင်းရင်းသားသတင်းမီဒီယာဌာနတခု က လူငယ်တဦးအကြောင်း တင်ပြထားပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ ရစ်ချတ် ဟမ်ဖရီစ်က သူ့စာအုပ်အကြောင်းကို မြန်မာနိုင်ငံ တောင်ပိုင်းနယ်စပ် က ကော့သောင်းမြို့နဲ့စဖွင့်ရင် ကောင်းမယ်လို့ စဉ်းစားပါတယ်။ အဲဒီနယ်စပ်ကုန်းမြင့်မှာ ထိုင်းနယ်စပ်ဖက်ကို မျှော်ကြည့်နေတဲ့၊ ဓားအိမ်ထဲက ဓားကို ဆွဲထုတ်မယ့်ဟန်ပြုနေတဲ့ ဘုရင့်နောင်မင်းတရားကြီး ရုပ်ထုပ်အကြောင်းနဲ့ စပါတယ်။ မြန်မာသတင်းစာတွေကတော့ ဧည့်သည်တွေလာရင် ဒီဘုရင့်နောင်ရုပ်ထုရှိတဲ့နေရာကို သွားလည်ပတ်လေ့ရှိတယ်လို့ ချီးမြှောက်ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စာရေးသူပြောတာကတော့ ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာပြည် ကော့သောင်းဖက် ကူးသူတွေက အများအားဖြင့် အကြောင်း ၃-ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ အက်ဒမန်ကျွန်းမှာ ကာစီနိုရှိတော့ လောင်းကစားဖို့ သွားကြပါတယ်။ အဲဒီမှာ ဂေါက်သီးရိုက်သွားကြတာလည်း ရှိပါတယ်။ ကျန်တာကတော့ ထိုင်းနိုင်ငံမှာ ဆက်နေချင်တယ်ဆိုရင် မြန်မာဖက်ကို ခဏ ကူး ဗီဇာသက်တမ်း ဆက်ကြတာပါပဲ။ နယ်စပ်ကို ဖြတ်လို့ စက်တပ်လှေငယ်လေးတွေနဲ့ ကူးကြပါတယ်။ ဒါပေမယ့် စာ ရေးသူကတော့ နယ်စပ်မှာရှိတဲ့ မြန်မာအသိုက်အ၀န်းတွေကို ရှာဖွေရင်း ရနောင်းအနီးက စဖန်ပလာ ဒေသကို ရောက်ခဲ့ပါ တယ်။
နယ်စပ်ဒေသတွေရဲ့ ထုံးစံမြင်ကွင်းတွေကိုလည်း သူက သေချာဖော်ပြခဲ့ပါတယ်။ နယ်စပ်ဒေသတွေဆိုတာ မှောင်ခိုလုပ်ငန်း နဲ့ မကင်းကြပါဘူး။ သူနယ်စပ်ကူးမယ်လုပ်တော့ အရက်ယူမလား၊ စီးကရက် ၀ယ်မလား၊ ဆေးခြောက်ယူမလား၊ မိန်းမ ယူမလား မေးသူတွေ၊ ပိုက်ဆံတောင်းနေတဲ့ ကလေးတွေ မြင်ရပုံကို ဖော်ပြပါတယ်။ ရနောင်းမြို့မှာတော့ မြန်မာပြည်ဖက် က ကူးဝင်လာပြီးနေထိုင်သူ ၈၀,၀၀၀ လောက် ရှိပါလိမ့်မယ်။ အဓိကက ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်အသက် မွေးနေကြတာပါ။ အဲဒီမှာပဲ သူက ထားဝယ်ဖက်ကလာတဲ့ မမိုးနဲ့ မဇိုးလူငယ် ၂ ဦးနဲ့ စကားပြောခဲ့ရပါတယ်။ နာမည်က မမိုး၊ မဇိုးလို့ ဖော်ပြထားပေမယ့် ယောက်ျားလေးတွေပါ။ တံငါလှေတခုမှာ အလုပ်လုပ်နေကြပါတယ်။ မမိုးကတော့ ငယ် ငယ်က ကြီးလာရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်စိတ်ကူးယဉ်ထားဖူးတာတော့ မရှိပါဘူး။ ချမ်းသာချင်တာပဲ ရှိပါတယ်။ မဇိုးကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ချင်ပါတယ်။ သူတို့ မောင်နှမအားလုံးနီးပါးလောက်၊ ထိုင်းထဲရောက်၊ အိမ်ထောင်ရက်သားကျ၊ လှေဆောက်တဲ့လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေမှာ အသက်မွေးနေကြပါတယ်။ သူဖြစ်ချင်တဲ့ ဘောလုံးနာမည်ကျော်ဘ၀ ဘယ်တော့ဖြစ်နိုင်မယ်ဆိုတာတော့ မသိပါဘူး။ သူတို့ပင်လယ်ကို ငါးဖမ်းထွက်ရတဲ့လှေက ၃၆ မီတာလောက်ရှည်တဲ့ သင်္ဘောမျိုးပါ။ သင်္ဘောသား ၃၈ ယောက်ပါပြီး ထိုင်းက သဘောင်္မာလိန်မှူးနဲ့ နောက်အုပ်ချုပ်သူ တယောက်ပါ။ ကျန်တာကတော့ မြန်မာပြည်သားချည်းပါ။ သူတို့က ပင်လယ်ထဲ ၆ နာရီကြာခရီးလောက်ထိ မောင်းပြီး ငါး ဖမ်းကြပါတယ်။ အထူးသဖြင့်တော့ မြန်မာ့ရေပိုင်နက်ထဲ ၀င်ဖမ်းကြရတာပါ။ တလကို ၂,၅၀၀ ဘတ်လောက်ရပါတယ်။ ငါး အမိများရင်တော့ ဘတ် ၄,၀၀၀ လောက်အထိ ရပါတယ်။ သူတို့က မြန်မာ့ရေတပ်က စစ်သားတွေနဲ့လည်း ကြုံရတတ်ပြီး သူတို့ လိုချင်တာတောင်းတာ၊ တန်စိုးလက်ဆောင် ပေးရတာတွေလည်း ရှိပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီတောင်းတတ်တာ ကြောင့်လည်း သူတို့လှေတွေက ဆီအပိုဆောင်ထားကြရပါသေးတယ်။ အလုပ်က ပင်ပန်းကြမ်းတမ်းပါတယ်။ အထူးသဖြင့် ငါးတွေရေခဲရိုက်ရတာ၊ ရေခဲထားတဲ့ အမိုးနီးယားငွေ့တွေ ရှုရှိုက်နေရတာ ပင်ပန်းလှပါတယ်။ ဒါကြောင့် လူသစ်တွေ ရောက်လာပြီး ဒီလုပ်ငန်းမှာလုပ်ချင်တယ်ဆိုရင် သူတို့က မလုပ်ဖို့တိုက်တွန်း တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒီလုပ်ငန်းမှာ တသက်လုံးလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ပိုက်ဆံ ဘတ် ၅၀,၀၀၀ လောက် စုမိရင် ပြန်မယ်လို့ ပိုင်းဖြတ် ထားကြပါတယ်။ ဒါပေမယ့် ရရကုန်ကုန်ပါပဲ။ စုမိတယ် မရှိပါဘူး။ သူတို့မှာ အပန်းဖြေစရာဆိုလို့ ကာရာအိုကေသွားတာ၊ သီချင်းဆိုတာ၊ အရက်သောက်စားတာနဲ့ ကမ်းပေါ်မှာ တခါတလေ မိန်းမသွားလည်တာတွေပဲ ရှိပါတယ်။ ထိုင်းလှေမှူး တွေက ဗမာဆိုရင် ချိုးနှိမ်ပြောတတ်တာကိုလည်း သူတို့က သဘောမကျပါဘူး။ တခါတလေ လစာလည်း အပြည့်မရ၊ နစ်နာကြရတာလည်း ရှိပါတယ်။ သူတို့မြို့ပြန်ရောက်ရင် ကားထောင်ပြီး တက္ကစီမောင်းမယ်၊ ကာရာအိုကေဆိုင်ဖွင့်မယ် ရည်မှန်းထားပေမယ့် ခုတော့ လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိဘဲ ဖြစ်နေရတဲ့အကြောင်းလည်း သူမြင်ခဲ့ရပါတယ်။ ကော့ သောင်းဖက်က အပြန်ခရီးမှာတော့ ထိုင်းက တရားမ၀င်ခိုးဝင်သူတွေကို ဖမ်းဆီးပြန်ပို့နေတဲ့ မြင်ကွင်းကိုလည်း မြင်ခဲ့ရပါ သေးတယ်။ လူတွေက ထိုင်းအာဏာပိုင်တွေရှေ့မှာ ဒူးတုတ်ထိုင်နေကြရပါတယ်။ အဲဒီအချိန်မှာ ဘာပြဿနာကြောင်းမှန်း မသိရ၊ ထိုင်းအရာရှိတယောက်က လူ ၃-၄ ယောက်ကို ရိုက်နှက်နေတာလည်း မြင်ခဲ့ရပါတယ်။ လှေငယ်လေးထဲ မဆန့် ရင်ကာ ပြွတ်သိပ်ထဲ့နေတဲ့ မြင်ကွင်းတွေက စာရေးသူကို စိတ်ထိခိုက်စေပါတယ်။
နောက်တယောက် သူဆုံရတာက လွတ်လပ်တဲ့မွန်သတင်းဌာနက ချမ်းမွန်ဆိုသူပါ။ သူက မိသားစုကြီး၊ မောင်နှမ ၇ ယောက်ကြား ကြီးပြင်းခဲ့ရသူပါ။ ငယ်ငယ်က သင်္ချာနဲ့ ရုပဗေဒကို စိတ်ဝင်စားပါတယ်။ တချိန်သိပ္ပံပညာရှင်မျိုးဖြစ်ချင်ပါ တယ်။ ဒါပေမယ့် သူကြီးပြင်းလာချိန်မှာ ကျောင်းတွေပိတ်ထားတာနဲ့ ကြုံရပါတယ်။ သူကတော့ ကွန်ပြူတာသင်ချင်တာ၊ တခြားလေ့လာချင်တာနဲ့ နယ်စပ်ကို ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးအရ စိတ်ဝင်စားမှုမရှိပေမယ့် နောက်ဆုံးမွန်သတင်းဌာန မှာ ဆက်ပြီးမြဲနေခဲ့ပါတယ်။ နယ်စပ်မွန်ဒုက္ခသည်စခန်းမှာ တချို့ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ လေ့လာနိုင်ခဲ့ပြီး၊ နောက်ဆုံး လိုအပ်ချက်အရ သတင်းပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းတွေ အရေးပါပုံကိုသိမြင်လာခဲ့ ပါတယ်။ ချမ်းမွန်အကြောင်း ဖော်ပြရင်း နောက်ခံအဖြစ် မြန်မာပြည် ပြင်ပက မြန်မာသတင်းဌာနတွေအကြောင်း၊ တိုင်းရင်း သားအုပ်စုငယ်ကလေးတွေရဲ့ သတင်းမီဒီယာဌာနတွေအကြောင်းကိုလည်း စာရေးသူက ဖော်ပြခဲ့ပါသေးတယ်။ ချမ်းမွန်က နော်ဝေမှာရှိတဲ့ ဒီဗွီဘီသတင်းဌာနကိုတောင် ၃-လလောက် အလုပ်သင် ရောက်သွားခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ရတာ ဘေးကင်းတာတော့ မဟုတ်ပါဘူး။ သူကြားသလောက် သတင်းထောက် ၂-ယောက်ဖမ်းခံခဲ့ရ တာ ချမ်းမွန်က ပြန်ပြောပါတယ်။ ချမ်းမွန်က လက်နက်ကိုင်တော်လှန်ရေးကို ပြန်သွားသင့်တယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် စစ်အစိုးရလုပ်နေတဲ့ အမျိုးသားညီလာခံနဲ့ တိုင်းရင်းသားညီညွတ်ရေးလုပ်ငန်းတွေကိုလည်း သံသယရှိပါတယ်။ သူက မွန်လက်နက်ကိုင်ပါတီ မွန်ပြည်သစ်နဲ့ သူတို့သတင်းဌာနကြားက ဆက်ဆံရေးအဖုအထစ်ကလေးတွေကိုလည်း ရင်ဖွင့်ခဲ့ပါသေးတယ်။ မြန်မာပြည်မှာ အဲန်ဂျီအိုလို လူမှုအဖွဲ့အစည်းတွေအတွက် လမ်းပွင့်လာတာ၊ လုပ်ဆောင်ခွင့်လေး တွေ ရှိလာတာကိုတော့ သူက အကောင်းမြင်ပါတယ်။ သူတို့ အောက်ခြေလူထုတွေကိုယ်တိုင်က စပြီး ဒီမိုကရေစီကို တည် ဆောက်ယူရမယ် ပြောပါတယ်။ ဒီလို ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်တွေအကြောင်းလည်း တကဏ္ဍတင်ပြခဲ့ပါသေးတယ်။
အခုစာအုပ်က feature လို့ခေါ်တဲ့ ဆောင်းပါးသဘောမျိုး၊ သူ့အတွေ့အကြုံတွေကို မှန်ကူကွက်သဖွယ် တင်ပြနေတာမျိုးနဲ့ ပိုတူပါတယ်။ နောက်တပတ်တော့ နယ်စပ်စခန်းတွေက ပညာရေးလုပ်ငန်းအကြောင်း၊ ဘ၀တွေအကြောင်းဆက်လက်တင် ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
1 comment:
ဘာမှဖတ်မရဘူး။ ဗမာလိုလည်းရေးပေးပါဦး။
Post a Comment