Friday, March 25, 2011
နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ (၁)
ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အခုတပတ်မှာ စာအုပ်သစ် တအုပ်နဲ့ စတင်မိတ်ဆက်ပေးထားပါတယ်။ ထိုင်းနိုင်ငံ Orchid Press က ထုတ်ဝေတဲ့ အမေရိကန်လူမျိုး၊ ဓာတ်ပုံဆရာ သတင်းထောက် ရစ်ချတ် ဟမ်ဖရီစ် ရေးသားထားတဲ့ "နယ်ခြားဒေသက မှန်ကူကွက် ပုံရိပ်များ" (Frontier mosiac) ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက် မှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာရေးသူနဲ့ စာအုပ်အကြောင်း မိတ်ဆက်ကို တင်ပြထားပါတယ်။
သောတရှင်မိတ်ဆွေများ ခင်ဗျား
မကြာသေးမီရက်တွေက ပဲ လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနယ်စပ်က ဒုက္ခသည်တွေကိစ္စဖြေ ကြားတဲ့အခါ ဒီလူတွေဟာ ဟိုဖက်နိုင်ငံမှာ သူတို့ဘာသာသူတို့ နေထိုင်ချင် လို့ နေနေကြတဲ့သူတွေ၊ သူတို့ကို တခြားအသုံး ချမှုတွေလည်း ရှိနေတယ် လို့ ပြန်ပြောခဲ့ပါသေးတယ်။ တကယ်တော့ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ စစ်ပြေးဒုက္ခသည် စခန်းတွေ အများအပြားရှိနေပါတယ်။ သူတို့တွေက ပျော်လို့ အိုးအိမ်ကို စွန့်ပစ်ထွက်ပြေးလာကြတာ မဟုတ် သလို၊ အမှန် တကယ် ဒုက္ခကြုံနေကြရသူ တွေလည်း ဖြစ်ပါတယ်။
အခြားအကြောင်းတွေကြောင့် ရွှေ့ပြောင်းလာကြသူတွေ၊ ကုန်သည် တွေ၊ ဘ၀ တိုးတက်ရာလမ်း ရှာဖွေ ဖို့ ရောက်လာသူတွေလည်း ရှိတာတော့ အမှန်ပါ။ အခုစာအုပ်က ထိုင်း-မြန်မာနယ်စပ် ဒေသက အဲဒီလူတွေ ရဲ့ ထွေပြားတဲ့ ဘ၀အကြောင်းတွေ၊ မြင်ကွင်းတွေကို မှန်ကူကွက်လို စီချယ်ဖော်ပြထားတာပါ။ သူတို့ရဲ့ ဒုက္ခ၊ သုခ အဖုံဖုံကို တွေ့ကြရပါလိမ့်မယ်။ ဒီစာအုပ်က ထိုင်းနိုင်ငံ Orchid Press က ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့တာ ဖြစ် ပါတယ်။ "နယ်ခြားဒေသက မှန်ကူကွက်ပုံရိပ်များ။ နိုင်ငံ၂-ခုကြားနယ်မြေက မြန်မာတို့ရဲ့အသံများ (Frontier Mosiac: Voices of Burma From the Lands in Between) အမည်ရတဲ့ စာအုပ်ပါ။
ဒီစာအုပ်ရောင်းရငွေ အမြတ်အစွန်းကို ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင် ရဲ့ စေတနာဆေးကု ခန်းကို လှူ ဒါန်းမယ်ဆိုတာလည်း စာအုပ်အဖွင့်မှာ ဖော်ပြထားပါသေးတယ်။ စာရေးသူက အမေရိကန်လူမျိုး ရစ်ချတ် ဟမ်ဖရီစ် (Richard Humphries) က ဓာတ်ပုံသတင်းထောက်တဦး ဖြစ်သလို၊ ဆောင်းပါးအများ အပြားလည်း ရေးခဲ့ပါတယ်။ ဂျပန်နိုင်ငံက တက္ကသိုလ်တခုမှာ စာသင်ကြားနေသူလို့လည်း သိရပါတယ်။ သူက ၁၉၉၂ ခုနှစ်ကတည်းက ထိုင်း-မြန်မာ နယ်စပ်ကို ပုံမှန်ဆိုသလို ရောက်လာလေ့ရှိပြီး၊ တခါတလေဆိုရင်လည်း အတော်ကြာကြာ အချိန်ယူနေထိုင်တတ်ပါတယ်။
ဒီအတွေ့အကြုံတွေကို ပေါင်းစုရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်က လူတွေရဲ့ဘ၀ဖြစ်ရပ်တွေကို အတော်လေး စိတ်လှုပ်ခတ် ခံစားမှုဖြစ်အောင် ဖော်ကျူးထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ တည်းဖြတ်မှု အားနည်းလို့ ရုပ်ဆိုးတဲ့ ၀ါကျ၊ စာပိုဒ်တွေလည်း ရှိနေသေးတယ်လို့ ဝေဖန်သူတွေက ဆိုကြပါ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံအကြောင်း၊ မြန်မာပြည်သူတွေအကြောင်း သိချင်ရင် ဖတ်ကြည့်သင့်တဲ့ စာအုပ်လို့လည်း ညွှန်းကြပါသေးတယ်။
အနောက်နိုင်ငံတွေက လေ့လာမှုတွေမှာ နယ်စပ်ဒေသဆိုပြီး၊ ကျယ်ပြန့်လွှမ်းခြုံတဲ့ ဧရိယာထက်စာရင် နယ်ခြားမျဉ်းကို ပိုလို့မြင်တတ်တယ် ဆိုပါတယ်။ အကြောင်းက ဟောလိဝုဒ်ရုပ်ရှင်တွေမှာ နယ်ခြားမျဉ်း တဖက် ကို ကျော်ရင် လုံးဝလွတ် မြောက်နယ်မြေကို ရောက်တာမျိုး၊ နယ်ခြားတဖက်က အာဏာရှင်တွေ၊ တဖက်က ကြိုဆိုနေတဲ့ လွတ်လပ်တဲ့လူ့ဘောင် ဆိုတာမျိုး ပြတတ်ကြလို့ပါတဲ့။ အင်အားကြီးနိုင်ငံ အုပ်စုတွေ ယှဉ်ပြိုင်ခဲ့တဲ့ စစ်အေးတိုက်ပွဲကာလမှာလည်း နယ်ခြားမျဉ်း ဆိုတာ တမျိုး တဖုံအရေးပါစေပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လေ့လာဖော်ပြမှုက နယ်ခြားစည်းသာမဟုတ်ဘဲ၊ ပိုကျယ်ပြန့်တဲ့ နယ်ခြားဒေသတခုလုံးကို လေ့လာဖော်ပြထား တာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသက ကီလိုမီတာ ၁,၈၀၀ ကျော် ရှည်လျားပါတယ်။ ဒီဒေသမှာ နေထိုင်ကြတာက လူမျိုးစုံပါ။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားအုပ်စုတွေ ရှိပါတယ်။ စစ်ရှိနေတာနဲ့အညီ မိုင်းကွင်း တွေ၊ အန္တရာယ်တွေကလည်း ပြွမ်းလှပါတယ်။ စစ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေလည်း အများအပြားရှိပါ တယ်။ သူတို့နဲ့အတူ ကြေကွဲဖွယ်ဇာတ်လမ်းတွေ၊ အနာဂတ်ပျောက်နေ ရတဲ့ လူမမယ်ကလေးတွေလည်း အတူရှိနေကြပြန် ပါတယ်။ တခါ နယ်စပ်ဒေသမှာ ကုန်သည်တွေ လည်း သေးသေးကြီးကြီး အစုံ ရှိနေပြန်ပါတယ်။ တပိုင်တနိုင် လုပ်ကိုင်စား သူ ကုန်သည်တွေကနေ အကြီးစားကုန်သည်ကြီးတွေအထိ ရှိပါတယ်။ နယ်စပ်ဒေသက သစ်တွေ၊ ကျောက်မြက်တွေ မှောင်ခို ခိုးထုတ်လုပ်ကိုင်စားပြီး အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေကြသူတွေလည်း ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ဆင်းရဲလွန်းလို့ ဘ၀တိုးတက်ရာတိုးတက်ကြောင်း လာရောက်လုပ်ကိုင်စားသောက်ကြသူတွေလည်း ရှိပါတယ်။ ဒီလူတွေ ရှိတာနဲ့အမျှ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ၊ လူကုန်ကူး ရောင်းဝယ်မှုတွေလည်း ရှိလာပြန်ပါတယ်။ အမေရိကန်လို နိုင်ငံ မျိုးက ၁၉၇၀ ခုနှစ်များမှာ အထူးစိတ်ဝင်စားခဲ့တဲ့ ရွှေတြိဂံလို လာအို-ထိုင်း-မြန်မာ သုံးပွင့်ဆိုင်နေရာမျိုးကလည်း နယ်ခြား ဒေသမှာ ပါဝင်နေပြန်ပါတယ်။ ဒီနေရာမှာတော့ မူးယစ်ဆေးဝါး ကုန်သွယ်ဖောက်ကားမှုတွေလည်း အကြီးအကျယ်ထွန်း ကားခဲ့ပါတယ်။
စာအုပ်အဖွင့်မှာ န၀တအစိုးရလက်ထက် ကော့သောင်ဆိပ်ကမ်းမှာ တည်ထားတဲ့ ဘုရင့်နောင်ရုပ်ထု အကြောင်း ဖော်ပြပြီး၊ စာရေးသူက အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သမိုင်းကို ပြန်ကြည့်ပါတယ်။ တချိန်က နယ်ခြားမျဉ်းဆိုတာထက် စာရင် နယ်ခြားဒေသတွေက ပိုလို့လက်တွေ့ကျပါတယ်။ ဘုရင်-မင်းတရားတွေရဲ့ အာဏာဗဟိုချက်မ နေရာက ဆိုင်ယမ်-အင်းဝ၊ မန္တလေးစသဖြင့်မှာ ရှိခဲ့ပါတယ်။ အဲဒီကနေ ဝေးကွာသွားရင် အစွန်အဖျား၊ အာဏာစက် သိပ်မထိရောက်တဲ့နေရာ ဖြစ် လာပါတယ်။ အဲဒီဘုရင်တွေကလည်း အခွင့်သာ ရင်သာသလို အာဏာစက်ကို ချဲ့ထွင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီလိုအခါ မှာ စစ်ချီကြရင် နယ်ခြားဒေသ၊ အစွန်အဖျားက တိုင်းရင်းသားတွေကို စစ်သားကောက်တာ၊ စုဆောင်းခေါ်ငင်သွားတာတွေ လုပ်တတ်ပါတယ်။ ထိုင်း-မြန်မာနယ်ခြားမျဉ်းက ဗြိတိသျှတွေက မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ၁၈၈၅ မှာမှ အတည်ဖြစ်တယ် ပြောရ ပါလိမ့်မယ်။ ဒါတောင်မှ အင်္ဂလိပ်တွေက ၀လူမျိုးနယ်တွေကို ဒီအတိုင်းလွှတ်ထားသလို၊ ရှမ်းပဒေ သရာဇ်တွေကို လည်း ဆက်လက်အုပ်ချုပ်ဖို့ နယ်ခြားမှာ ခွင့်ပြုထားခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ နောက်မှ နယ်ခြား ဒေသတွေကို အာရုံပြန်ထားနိုင်ခဲ့ပါတယ်။ အာဏာဗဟိုချက်မကို နယ်ခြားတွေထိ သက်ရောက်အောင် ဆက်လုပ်ဆောင်ခဲ့ ကြပါတယ်။ ထိုင်းနိုင်ငံကလည်း ကာလအတော်ကြား သူတို့ပြည် တွင်း ရေးနဲ့ ရှုပ်ပွေနေတော့ နယ်စပ်ဒေသတွေကို အာရုံ မစိုက်နိုင်ပါဘူး။ Buffer zone လို့ခေါ်တဲ့ နယ်ခြားဒေသတွေကို ကြားခံဇုန်သဘော တိုင်းရင်းသားသူပုန်ထမှုတွေ မြန်မာ ဖက် အခြမ်းမှာ ရှိနေတာ ကောင်း တယ်လို့ ယူဆခဲ့ကြပါတယ်။ မြန်မာအစိုးရအဆက်ဆက်ကတော့ နယ်ခြားဒေသတွေကို အဖြူ-မီးခိုး-အမဲရောင် နယ်မြေဆိုပြီး လုံခြုံရေးအရ ပိုင်းခြားထားမှုတွေ ရှိခဲ့ပါတယ်။ စစ်ဆင်ရေးတွေနဲ့အတူ ဖြတ်လေးဖြတ် ဗျူဟာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၉ ခုနောက်ပိုင်းမှာ ပြောင်း လာခဲ့ ပါတယ်။ တစုံတရာ နယ်စပ်တည်ငြိမ်လို့ စီးပွားရေးအကျိုးအမြတ်တွေဖက် ပိုချဲ့ထွင်ချင်လာ သလို၊ မြန်မာဖက်ကလည်း တံခါးဖွင့်စီးပွားရေး မူဝါဒကျင့်သုံးလို့၊ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ပြောရင်လည်း နယ်စပ်ဒေသတွေက ဖွင့်ဆိုရခက်တယ်လို့ စာရေးသူက ဆိုပါ တယ်။ ကောလာဟလ တွေ၊ မသေချာမှုတွေ ပြည့်နေတတ်သလို၊ နယ်စပ်ဒေသတွေမှာ တံခါးပေါက်စောင့်တွေ၊ ကြားပွဲစားတွေ၊ အကြံနဲ့လူတွေ အလုပ်ဖြစ်နေတတ်တာလည်း သဘာဝပါ။ ဒါပေမယ့် အဖွင့်မှာပဲ စာရေးသူက ရှင်းပြထားတာက သူကဒီစာအုပ်ကို ရေးတဲ့ အခါ ကြားနေသဘောမထားပါဘူးလို့ ဆိုပါတယ်။ အထူး သဖြင့် မြန်မာစစ်အစိုးရနဲ့ ပတ်သက်လာရင် သူ့အမြင်က ကြားနေ မှာ မဟုတ်ဘူးဆိုတာ ကြိုတင်တင်ပြခဲ့ကြောင်း ပါခင်ဗျား။ နောက်တပတ်မှာ စာအုပ်ထဲက ဖြစ်ရပ်တွေကို ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
1 comment:
Dear Ko Aung Thu Nyein,
I really want to read your Harvard Diary. pls continue
Post a Comment