Pages

Friday, March 18, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁၄) ။ အာဆီယံနှင့် မြန်မာ

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ်မှာ တော့ အာဆီယံအဖွဲ့က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာစေဖို့ ချည်းကပ်ဆောင်ရွက်ခဲ့ပုံ၊ သူတို့ရဲ့ အပြုသဘောဆက်ဆံရေးမူဝါဒ ဘာကြောင့် မအောင်မြင်ရသလဲဆိုတာ ဆက်လက်တင်ပြပါမယ်။ ပီကင်း တက္ကသိုလ်က တရုတ်ပညာရှင် ၂-ဦးနဲ့ ထိုင်း နိုင်ငံ စင်္ကာပူသံရုံးက သံအရာရှိတဦးတို့ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စစ်အေးတိုက်ပွဲပြီးတဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာလွှမ်းပတ် ဆက်ဆံရေး ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာခဲ့ပါတယ်။ အဲသည်အချိန်မှာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ တွန်းဆော်မှုဖြစ်လာသလို၊ အရှေ့တောင် အာရှ ပေါင်းစည်း ရေးလုပ်ငန်းတွေလည်း ပိုမိုအရှိန်မြှင့်ဖို့ ဖြစ်လာပါတယ်။ အရင်က အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ရှိနေရာကနေ၊ ၁၀-နိုင်ငံအထိ တိုးချဲ့ဖွဲ့စည်းဖို့ ဖြစ်လာပါတယ်။ အကြောင်းက နိုင်ငံတကာမှာ အဆင့်နေရာရဖို့၊ စီးပွားရေးအရ အင်အားကြီးထွားလာဖို့ ဖြစ် ပါတယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ မြန်မာနဲ့ အင်ဒိုချိုင်းနား ၃-နိုင်ငံက သူတို့ဆီက လေ့လာသူကိုယ်စားလှယ်တွေ စတင်စေ လွှတ်လာခဲ့ပါတယ်။ မြန်မာက ၁၉၉၇ ခုနှစ်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာခဲ့ပါတော့တယ်။ ကမ်ဘောဒီးယား နိုင်ငံကတောင် ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင် ဖြစ်ရေးက ပြည်တွင်းပြဿနာတွေကြောင့် တစ်ဆို့နေခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံက အာဆီယံအဖွဲ့အတွက် အရေးကြီးတယ်လို့ ပီကင်းတက္ကသိုလ်က ပါမောက္ခယန်ဘောင်ယွန်း (Yang Baoyun) က သုံးသပ်ပါတယ်။ အကြောင်းက အာဆီယံအဖွဲ့ထဲမှာဆိုရင် ကုန်တွင်းပိုင်းနိုင်ငံထဲမှာ မြေအရအကျယ်ပြန့်ဆုံး ဖြစ်သလို၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး ၂-ခုလုံးနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အာဆီယံ အဖွဲ့ဝင် တခုတည်းသောနိုင်ငံဖြစ်ပါ တယ်။ သဘာဝရင်းမြစ် သစ်တော၊ ရေနံ၊ ဓာတ်ငွေ့၊ ငါးပုဇွန် ကြွယ်ဝတာ ကြောင့်လည်း အိမ်နီးချင်းနိုင်ငံတွေက မျက်စေ့ ကျပါတယ်။ အာဆီယံအဖွဲ့ဝင်ပြီးတော့ မြန်မာနိုင်ငံက "လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူ" ကို ကျင့်သုံးပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သင့်မြတ်အောင် ဆက်ဆံတယ်လို့ ဆိုပါတယ်။ ၂၀၀၈-၀၉ စာရင်းတွေအရ မြန်မာကနေ အာဆီယံနိုင်ငံတွေကို ပို့ကုန်က မြန်မာ့ စုစုပေါင်းတင်ပို့မှုရဲ့ ၄၀% ရှိနေပြီး၊ သွင်းကုန်တင်သွင်းမှုက မြန်မာတနိုင်ငံလုံး သွင်း ကုန်ရဲ့ ၅၀% ရှိပါတယ်။ ထိုင်းနိုင်ငံက အဓိက မြန်မာနိုင်ငံက ၀ယ်ယူတင်သွင်းသူဖြစ်ပြီး၊ စင်္ကာပူနိုင်ငံကတော့ မြန်မာကို အဓိကကုန် ရောင်းသူ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ သွင်းမယ်ကြံတော့ အနောက်နိုင်ငံတွေက ပြစ်တင် ဝေဖန်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာ နိုင်ငံမှာ ဖြစ် နေတာနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်ကြတာပါ။ အာဆီယံကတော့ သူတပါးနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက် ဘူး၊ မြန်မာနိုင်ငံကို အပြုသဘောနဲ့ ဆက်ဆံမယ် ဆိုပြီး လက်ခံခဲ့ပါတယ်။ တကယ်တော့ ၁၀-နိုင်ငံ ပြည့်ပြည့်၀၀ အဖွဲ့ဝင် နိုင်ငံဖြစ်လာမှုကို အာဆီယံက ဂုဏ်ယူနေခဲ့တာပါ။

သိပ်မကြာပါဘူး။ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေးအကျပ်အတည်းဆိုက်မှုနဲ့ ကြုံရပါတယ်။ ဒေသတခုလုံးမှာ အနည်းနဲ့အများ ထိခိုက်ခံရပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို အဖွဲ့အစည်းတွေက ချေး ငွေတွေ ယူရပါတယ်။ သူတို့ချမှတ်တဲ့စည်းမျဉ်းတွေကိုလည်း လိုက်နာကြရပါတယ်။ ဘယ်လိုဖြစ်လာသလဲဆိုတော့ အာဆီ ယံကိုယ်၌က အင်အားကောင်း၊ တောင့်တင်းတဲ့အဖွဲ့တခု မဟုတ် သေးဘူးဆိုတာ သက်သေပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ တပြိုင်နက်တည်း "သူတပါးပြည်တွင်းရေး ၀င်မစွက် ဖက်ဘူး" ဆိုတာကလည်း ပြန်မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဖွဲ့အတွင်းမှာ "အပြုသဘောဝင်ရောက် စွက်ဖက်ရေး" ဒါမှမဟုတ် "ပျော့ပြောင်းတဲ့ ၀င်ရောက်စွက်ဖက်ရေး" မူချမှတ်သင့်- မသင့်ဆွေးနွေး လာရ ပါတယ်။ မြန်မာကိုတော့ နိုင်ငံတကာစံနှုန်းတွေ လိုက်နာလာအောင် နားချသွားကြမယ်ဆိုပြီး သူတို့က မြန်မာပြည်နဲ့ ပတ်သက်တဲ့မူဝါဒတွေကို ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်မှာ မြန်မာက အလှည့်ကျ အဖွဲ့ ဥက္ကဋ္ဌတာဝန်ယူဖို့ ရောက်လာတော့ ပြဿနာဖြစ်ကြရပြန်ပါတယ်။ မြန်မာက ခေါင်းဆောင် နိုင်ပါ့မလားလို့ အနောက်နိုင်ငံ တွေက မေးခွန်းထုတ်ကြသလို၊ ကျန်ဥရောပ- အမေရိကလို နိုင်ငံတွေက မြန်မာဥက္ကဋ္ဌဖြစ်ရင် သပိတ်မှောက်မယ်ဆိုတော့ အကျပ်ကြုံရပြန်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေက မြန်မာကို ဒီအခွင့်အရေးစွန့်လွှတ်ဖို့ နားချကြပါတယ်။ မြန်မာဖက်က ကိုယ့်သဘောနဲ့ကိုယ် နောက်ဆုတ်ပေးမှသာ အခုအကျပ်အတည်း ပြေလည်ရပြန်ပါတယ်။ တခါ ၂၀၀၇ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖက်ချေမှုန်း တော့၊ ၂၀၀၈ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စတွေ ပိတ်ဆို့နေတော့ အာဆီယံအဖွဲ့ အနေနဲ့ ခေါင်းကြီးစရာ ပြဿနာကြုံရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အဖွဲ့အတွင်းမှာ ပြောရဆိုရ၊ ဝေဖန်ကြရတာတွေပါ ဖြစ်လာ ခဲ့ပါတယ်။ နောက်တကြိမ် အာဆီယံပဋိဉာဉ်စာတမ်းနဲ့ အဖွဲ့တွင်း လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းတော့လည်း မြန်မာက ကန့်လန့်ခံနေပါသေးတယ်။ နောက်တော့ မြန်မာက အဖွဲ့အလို လိုက်လျောခဲ့ရပါတယ်။ အခုလို အဖွဲ့ပဋိဉာဉ် ပေါ်ပေါက်လာတာကို အထင်ကရ အောင်မြင်မှုလို့ အာဆီယံနိုင်ငံတွေက ခံယူကြပါတယ်။

တကယ်တော့ အခုလိုဒေသဆိုင်ရာ ပေါင်းစည်းရေးကိစ္စတွေကနေ မြန်မာက သင်ခန်းစာရခဲ့တယ်။ အဖွဲ့ရော၊ မြန်မာပါ နှစ်ဦး နှစ်ဖက်အကျိုးရှိခဲ့တယ်လို့ တရုတ်ပါမောက္ခက သုံးသပ်ပါတယ်။ ဒါပေမယ့်အခြား တရုတ် ပညာရှင်တဦးဖြစ်သူ ဇန် ရှီဇန်း (Zhang Xizhen) က သုံးသပ်တာကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေဖြစ်ဖို့ အာဆီယံရဲ့ အပြုသဘော ဆက် ဆံရေးက မအောင်မြင် ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ ၂၀၀၃၊ ၂၀၀၇ စစ်အစိုးရရဲ့ အကြမ်းပတမ်းကိုင်တွယ်မှုတွေကို ယဉ် ကျေးလာအောင် အဖွဲ့က နားမချနိုင်ခဲ့ပါဘူး။ ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်ရေး နားချပေမယ့်လည်း မြန်မာစစ် အစိုးရက နားမထောင်ခဲ့ပါဘူး။ အဲဒါအပြင် အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းက နားချကြတာလည်း မအောင်မြင်ခဲ့ပါဘူး။ ထိုင်းနိုင်ငံက Bangkok Process ဆိုပြီး မြန်မာ့အရေးဆွေးနွေးပွဲတွေ ၂၀၀၁ ခုနှစ်မှာ လုပ်ခဲ့ပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံ တွေကလည်း ဝေဖန်တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲကိုတောင် တရား မျှတအောင်၊ အင်အားစုအားလုံး ပါဝင်နိုင်အောင် တိုက်တွန်းမှုတွေ လုပ်ခဲ့ပါသေးတယ်။ မဖြစ်နိုင်ခဲ့ပါဘူး။ အကြောင်းက ၃- ခုရှိတယ်လို့ အဲသည်ပညာရှင်က ဆိုပါတယ်။ ပထမတခုက အဖွဲ့ပဋိဉာဉ်ရဲ့ အားနည်းချက်ပါ။

သူတပါး ပြည်တွင်းရေး မစွက် ရေး၊ ညှိနှိုင်းရေး၊ အားလုံးစုံညီသဘောတူမှ ဆုံးဖြတ်ချက်ချရေး ကိစ္စတွေပါ။ ဒုတိယအချက်က အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အကျိုးစီးပွား၊ စိတ်ဝင်စားမှုတွေ မတူညီတဲ့ကိစ္စပါ။ တတိယ အချက်ကတော့ သိပ်တင်းကျပ်လိုက်ရင် အာဆီယံအဖွဲ့ထဲက မြန်မာထွက်သွားမှာကို စိုးရိမ်နေလို့ သိပ်တင်း တင်းမကိုင်ရဲဘူးလို့လည်း သုံးသပ်ပါတယ်။ တခုက အဖွဲ့ဂုဏ်သိက္ခာ၊ နောက် တခုက ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးအတွက် မြန်မာက အဖွဲ့တွင်း ရှိနေတာကမှ ပိုလို့ ထိန်းသိမ်းလို့ရနိုင်တယ်ဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အဖွဲ့ပဋိဉာဉ်မှာလည်း အပြစ်ရေး၊ အရေးယူမှုတွေမပါ၊ မြန်မာ အရေး ကိုင်တွယ်မှုတွေမှာလည်း အာဆီယံအဖွဲ့အနေနဲ့ အကန့်အသတ်တွေ အများကြီး ကြုံနေရကြောင်းပါခင်ဗျား။

ဒီစာအုပ်မှာ အခြားကဏ္ဍတွေ ပါဝင်ပေမယ့် မြန်မာနိုင်ငံရဲ့ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ စတာတွေ သုံးသပ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားမှုအရ သိပ်မထူးတဲ့အကြောင်းတွေ သိထားပြီးသားတွေ ဖြစ်နေနိုင် ပါတယ်။ နောက်တပတ်မှာတော့ စာအုပ်သစ်တအုပ်ရှာလို့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments