Pages

Friday, March 11, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁၃)။ အင်ဒိုနီးရှား-မြန်မာ ဆက်ဆံရေး


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ အင်ဒိုနီးရှား-မြန်မာ ဆက်ဆံရေးအခြေ အနေတွေကို ဆက်လက်တင်ပြပါမယ်။ ဆောင်းပါးရေးသားသူကတော့ အမေရိကန်နိုင်ငံ၊ ဘရုကင်း အင်စတီ ကျုရှင်းက လက်စ် ရီဖယ် (Lex Rieffel) ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အင်ဒိုနီးရှားနိုင်ငံက ဒေသဆိုင်ရာအုပ်စု အာဆီယံအဖွဲ့ထဲမှာ သဘာဝ အလျောက် ခေါင်းဆောင်နေရာရထားပါတယ်။ အကြောင်းကတော့ လူဦး ရေ အရလည်း သန်း ၂၄၀ ကျော်ရှိပြီး၊ အာဆီယံဒေသတခုလုံး လူဦးရေ သန်း ၅၈၀ နဲ့စာရင် ၄၁% ရှိနေပါတယ်။ တခါ နယ်မြေအကျယ်အ၀န်း ကလည်း အာဆီယံအဖွဲ့ဝင်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အဲသည် အတွက်ကြောင့်လည်း မြန်မာနိုင်ငံအပြောင်းအလဲအတွက်ဆိုရင် သူတို့က ဦးဆောင်လုပ်ကိုင်ပေးဖို့ အရေးပါ သလိုဖြစ်နေ ပါတယ်။

မြန်မာ-အင်ဒိုနီးရှားဆက်ဆံရေးကို ကာလ ၃ ပိုင်း ခွဲခြားကြည့်နိုင်ပါတယ်။ ပထမအပိုင်းက အာဆီယံအသင်း စတင်ဖွဲ့စည်း ချိန် ၁၉၆၇ ခုနှစ်ကစလို့ မြန်မာနိုင်ငံက တပါတီအာဏာရှင်စနစ် ဦးနေ၀င်းအစိုးရ ကျဆုံးချိန် ၁၉၈၈ ခုနှစ်ကာလအထိ၊ တခါ အဲဒီအချိန်ကနေ အင်ဒိုနီးရှားနိုင်ငံမှာ ဆူဟာတို အာဏာကနေ ဆင်းပေးရချိန် ၁၉၉၈ ခုနှစ်အထိ၊ နောက်အပိုင်းက တော့ အဲဒီကာလကနေ လက်ရှိအခြေအနေအထိ ဖြစ်ပါတယ်။ ဦးနေ၀င်းအုပ်ချုပ် နေစဉ်ကာလမှာ ပြောစရာသိပ်များများ စားစား မရှိပါဘူး။ မြန်မာနိုင်ငံက ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး အထီးကျန် ကမ္ဘာနဲ့ ခပ်ကင်းကင်းနေခဲ့သလို၊ အင်ဒိုနီးရှားက လည်း သူရဲ့တည်ငြိမ်ရေး၊ လုံခြုံရေးကိစ္စတွေနဲ့ အလုပ်များ နေရတဲ့ အချိန်ပါ။ ဒုတိယပိုင်း ၁၉၈၈ ဒီဖက်နောက်ပိုင်းရောက် တော့ မြန်မာစစ်အစိုးရက အင်ဒိုနီးရှားပုံစံ ဒွေး ဖန်စီ (စစ်တပ်က နိုင်ငံရေး/ စစ်ရေးကဏ္ဍ ၂-ခုစလုံးမှာ ဦးဆောင်နေရာယူ ထားတာကို သဘောကျပုံတူ ကူး ချင်ပါတယ်။ တဖက်မှာလည်း ဆူဟာတိုမိသားစု ကော်ပိုရေးရှင်းကြီး ကြီးထွားနေတာကို လည်း အတုယူချင် ပါတယ်။ အဲဒီအချိန်မှာပဲ အာဆီယံအသင်းကလည်း မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ အချိန်နဲ့ တိုက်ဆိုင်လာပါတယ်။ အဲဒီအချိန်မှာ အင်ဒိုနီးရှားအစိုးရဖက်က ၈၈ လူထုအုံကြွမှုကိစ္စတွေ၊ စစ်အာဏာသိမ်းမှု ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၀ ရွေးကောက်ပွဲအပေါ် အာဏာမလွှဲတဲ့ကိစ္စတွေကို သိပ်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန် ချင်ပုံ မရပါဘူး။ အကျိုးစီးပွားတွေလည်း မြင်လာပါတယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ နိုင်ငံခြားရေး ၀န်ကြီး အလီ အလာတာ့စ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ သူက ၂၀၀၃ ခုနှစ်၊ ၂၀၀၅ ခုနှစ်တွေ မှာလည်း မြန်မာနိုင်ငံကို ရောက်လာခဲ့ ပြီး ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်အားလုံး လိုလိုက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးပါတယ်။ ၁၉၉၇ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ သမ္မတဆူဟာတို လာရောက်ခဲ့ပါ တယ်။ နောက်ပိုင်း ၁၉၉၉ ခုနှစ်မှာ သမ္မတ ၀ါဟစ်၊ ၂၀၀၁ ခုနှစ်မှာ သမ္မတ မစ္စ မေဂါဝတီ၊ ၂၀၀၆ ခုနှစ်မှာတော့ သမ္မတ ဆူဆီလို ဘမ်ဘန်း ယွတ်ဟူယူနိုတို့ လာခဲ့ကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင်လည်း ၂၀၀၅ ဧပြီမှာ ဂျာကာတာကို သွားလည်ပတ်ခဲ့ပါသေးတယ်။

၁၉၉၈ ခုနှစ်မှာတော့ လူထုအုံကြွဆူပူမှုတွေဖြစ်လို့ သမ္မတ ဆူဟာတို အာဏာကနေ ဆင်းပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ လျှင်လျှင်မြန်မြန် ဖြစ်လာခဲ့သလို၊ အာဆီယံအတွင်းမှာလည်း ပိုလို့ တက်ကြွတဲ့ခေါင်း ဆောင်တဦး ဖြစ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့တာ ရှိပါ တယ်။ သမ္မတ၀ါဟစ် လာလည်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပြီး၊ စစ်အစိုးရကိုလည်း အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်ဖို့၊ တကမ္ဘာလုံးက လက်ခံထားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာလေးစားဖို့၊ မတူကွဲပြားပေ မယ့် ညီညွတ်ရေးကို ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ ပါတယ်။ မြန်မာစစ်အစိုးရက မကြားနိုင်ခဲ့ပါဘူး။ သမ္မတ မေဂါဝတီလာ လည်တော့ သူက စီးပွားရေးအကျိုး အမြတ်ကိစ္စ ပိုများပါတယ်။ ဒါပေမယ့်လည်း ၂၀၀၃ ခုနှစ်မှာ ဒီပဲယင်းတိုက်ခိုက်မှုတွေ ဖြစ်တော့ အရင်နိုင်ငံခြား ရေးဝန်ကြီးဟောင်း အလီအလာတာ့စ်ကို လွှတ်လို့ ဒေါ်စုလွတ်မြောက်ရေး ကြိုးပမ်းပေးခဲ့ပါသေးတယ်။ မအောင် မြင်ပါဘူး။ သမ္မတ ယွတ်ဟိုယူနိုလာလည်တော့ သူက မြန်မာအရေးနဲ့ ပတ်သက်လို့ ကိစ္စ၂-ခု ပူပန်ချက် ရှိနေပါတယ်။ တခုက ၂၀၀၅ မှာ မြန်မာက အာဆီယံအသင်း ဥက္ကဋ္ဌတာဝန်ယူရမယ့်ကိစ္စ၊ နောက်တခုက အင်ဒိုနီးရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင် ဖြစ်လာမယ့်ကိစ္စပါ။ ဒီအခါမှာလည်း အလီ အလာတာ့စ်က ပါလာပါ သေးတယ်။ ယွတ်ဟူယိုနိုက မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းပေမယ့် ဗိုလ်ချုပ်သန်းရွှေက နားမ၀င်ခဲ့ပါဘူး။

မြန်မာကို အာဆီယံမှာ ဥက္ကဋ္ဌပေးမယ့်အရေး အင်ဒိုနီးရှားပါလီမာန်က အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ တခါ အင်ဒိုနီး ရှား လုံခြုံရေးကောင်စီမှာ တာဝန်ယူနေတုန်းမှာပဲ ၂၀၀၇ သံဃာတွေရဲ့ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်း ကိစ္စတွေ ကြုံခဲ့ရပါတယ်။ ဒီကိစ္စတွေအပေါ်မှာ အင်ဒိုနီးရှားက မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရပ်တည် ပေးခဲ့ပါတယ်။ သမ္မတ ယွတ်ဟူယိုနိုက ဗိုလ်ချုပ်စိုးဝင်းကွယ်လွန်တော့ ဈာပနအခမ်းအနားကို သူ့ဆီက ဗိုလ်ချုပ် အာဂုစ် (Gen. Argus) ကို စေလွှတ်ပြီး ၀န်ကြီးချုပ်သစ် ဗိုလ်ချုပ် သိန်းစိန်နဲ့ တွေ့စေခဲ့ပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ သူတို့ ကြားဝင်ပြေလည်အောင် ကူညီပေးချင်တဲ့ အကြောင်း ပြောခဲ့ပါသေးတယ်။ တခါ အာဆီယံအသင်းအနေနဲ့ ပြဿနာရှိလာတာက အဖွဲ့ရဲ့ ပဋိဉာဉ်စာတမ်း၊ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရေး၊ သူရဲ့ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးချိုးဖောက်ခွင့်တွေ အပေါ် စစ်ဆေးပိုင် ခွင့်တွေနဲ့ ပတ်သက်လို့ပါ။ မြန်မာက ကန့်လန့်ဖြစ်နေပြန်ပါတယ်။ အဲဒီ အာဆီယံအသင်းမှာ ထင်ရှားသူများ အစုအဖွဲ့အနေနဲ့ ပဋိဉာဉ်စာတမ်းရေးဆွဲရာမှာ ပါသူက အလီအလာတာ့စ်က ကြားဝင်ညှိနှိုင်းရပြန်ပါတယ်။

အဲဒါအပြင် ၂၀၀၈ ခုနှစ်မှာ အလီအလာတာ့စ်နဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက ပညာရှင် ဂျူဆွတ်ဖ် ၀ါနန်ဒီ (Jusuf Wanandi) ဦးဆောင်ပြီး "မြန်မာ့အရေး လေ့လာရေး အင်ဒိုနီးရှားအစုအဖွဲ့" ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့က ဂျာကာတာကိုအခြေပြုလို့ မြန်မာ့အရေး ပြဿနာပြေလည်စေကြောင်း ဆွေးနွေးပွဲတွေစဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချိန် မှာပဲ ၂၀၀၈၊ ဒီဇင်ဘာမှာ အလီ အလာတာ့စ် ကွယ်လွန်ခဲ့ ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဘာလီ ဒီမိုကရေစီဖိုရမ် ကို ထူထောင်လို့ ဒေသတွင်း ဒီမိုကရေစီနဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေ ဖြစ်လာစေရေးအတွက် ဦးဆောင်ဖို့ ကြိုးပမ်းနေပါသေး တယ်။ မြန်မာနိုင်ငံကိုလည်း ဆွေးနွေးဖက်အဖြစ် ပါဝင်လာအောင် ဆွဲဆောင်နေခဲ့ပါတယ်။ သူတို့က အနောက်နိုင်ငံတွေ လို ဒီမိုကရေစီ ဆိုတာကို အဓိပ္ပါယ်မဖွင့်ဘဲ "လူအများရဲ့ ဘုံအကျိုးစီးပွားကိစ္စလိုမျိုး"၊ "ဒီမိုကရေစီ လူ့ဘောင်အသိုင်းအ၀ိုင်း မှာ ကျွမ်းကျင်စနစ်ကျတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ်တွေရဲ့ အခန်းကဏ္ဍ" စသဖြင့် ဆွေးနွေးမှုမျိုးတွေ လုပ်မယ်လို့ ဆိုပါတယ်။

အခု မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း အပြောင်းအလဲတွေအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ အခန်းကဏ္ဍကို ဆက်လက်စောင့်ကြည့်ဖို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့က မြန်မာနိုင်ငံကို ယဉ်ကျေး တဲ့ လူ့ဘောင်အသိုင်းအ၀ိုင်း ကို စည်းရုံးနိုင်လေမလား၊ စစ်အုပ်ချုပ်ရေးဟာ တိုင်းပြည်စီးပွားဖွံ့ဖြိုးမှု မဖြစ်စေ ကြောင်း နားချနိုင်လေမလား ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါခင်ဗျား။ နောက်တပတ်မှာတော့ အာဆီယံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲ တွေ ဖြစ်ပေါ်လာစေရေးအတွက် ချည်းကပ်ဆောင် ရွက်ခဲ့ပုံ၊ ဘာကြောင့် အပြုသဘောဆက်ဆံရေးမူဝါဒ မအောင်မြင်ရ သလဲဆိုတာကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments