Pages

Sunday, March 6, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁၂) ။ အင်ဒိုနီးရှား-မြန်မာ ဆက်ဆံရေး


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ် မှာတော့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အင်ဒိုနီးရှားဖက်က အမြင်ကို တင်ပြပါ့မယ်။ ဆောင်းပါးရေးသားသူကတော့ အမေရိကန်နိုင်ငံ၊ ဘရုကင်း အင်စတီကျုရှင်းက လက်စ် ရီဖယ် (Lex Rieffel) ဖြစ်ပါတယ်။ သူကတော့ အင်ဒိုနီးရှားက မြန်မာအတွက် ဘာကြောင့်အရေးပါသလဲ။ နှစ်နိုင်ငံ ဘာတွေတူသလဲ၊ ဘာတွေကွာခြားသလဲဆိုတာ တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံအပြောင်းအလဲနဲ့ ပတ်သက်လို့ အကြောင်း အချက် ၄-ခုအရ အရေးပါနေပါတယ်။ မြန်မာ စစ်အစိုးရက အင်ဒိုနီးရှား အုပ်ချုပ်ရေးပုံစံကို ပုံတူကူးချချင်နေတာက အကြောင်းတခု ဖြစ်ပါတယ်။ တခါ အင်ဒိုနီးရှားက အာဏာရှင်စနစ်အုပ်ချုပ်ရေးအောက်ကနေ ဒီမိုကရေစီဆီကို အောင်မြင်စွာ ကူးပြောင်း နိုင်ခဲ့တာကလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ နောက်တခုကတော့ မှန်ကန်သင့်လျော်တဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ကျင့်သုံးနိုင်တဲ့အခါ နိုင်ငံ တခု တိုးတက်ဖြစ်ပေါ်လာပုံကိုလည်း ဥပမာကောင်း ပြသနေပါ သေး တယ်။ နောက်ဆုံးအချက်ကတော့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက သဘာဝအရ ခေါင်းဆောင်နိုင်ငံတခုလည်း ဖြစ်လေတော့ မြန်မာနိုင်ငံက ဒေသတွင်း တက်ကြွအကျိုးဆောင်တဲ့ နိုင်ငံတခု ဖြစ်လာလေအောင် ကူညီရမယ့်တာဝန်လည်း ရှိနေလို့ပါ။ အခုလို အင်ဒိုနီးရှားအမြင် ရှုထောင့်ဖက်က မြန်မာ နိုင်ငံ အပြောင်းအလဲကို သုံးသပ်ထားတာကတော့ အမေရိကန်ပညာရှင် လက်စ် ရီဖယ် (Lex Rieffel) ဖြစ်ပါ တယ်။ သူက အမေရိကန်နိုင်ငံ ဘရုကင်းစ် အင်စတီကျုးရှင်းက ပညာရှင်တယောက်ဖြစ်ပြီး၊ အင်ဒိုနီးရှား နိုင်ငံ စစ်တပ်ရဲ့ဘတ်ဂျက်အတွင်းရေးကိစ္စတွေ လေ့လာခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အင်ဒိုနီးရှားအုပ်ချုပ်ရေးပုံစံကို သဘောကျကြောင်း ထုတ်ဖော်ပြောခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ စစ်တပ်က အရပ်ဖက်-စစ်ဖက် အုပ်ချုပ်ရေးတာဝန် ၂-ခုလုံးကို ယူခဲ့တာကို သဘောကျတာ ဖြစ်ပါတယ်။ အခုကြံ့ခိုင်ဖွံ့ဖြိုး ရေးအဖွဲ့ကိုတောင် အင်ဒိုနီးရှားက ဂေါ်ကာပါတီကို အားကျပြီး ဖွဲ့ခဲ့တာပါ။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာပဲ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့အဖွဲ့က အင်ဒိုနီးရှားကိုသွားပြီး သူတို့ရဲ့ ဒွေးဖန်စီ (dwifungsi) လို့ခေါ်တဲ့ စစ်တပ်က အရပ်ဖက်-စစ်ဖက်တာဝန် ၂-ခုကို ဦးဆောင်နေတာကို သွားရောက် လေ့လာခဲ့ပါသေးတယ်။ အဓိကကတော့ အာဏာကို သူတို့ခိုင်မြဲအောင်ထိန်းချုပ် ထားပုံကို သဘောကျတာပါ။

ပြောရရင်တော့ အင်ဒိုနီးရှားစစ်တပ် (TNI) နဲ့ မြန်မာ့တပ်မတော် တူညီချက် အများအပြားရှိပါတယ်။ တပ်မတော် ၂-ခုစလုံး က အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေကနေ ဆင်းသက်ပေါက်ဖွားလာတာဖြစ်ပြီး၊ ပြည်တွင်း တိုင်းရင်းသားသူပုန် ထမှု၊ ကွန်မြူနစ်သူပုန်ထမှုတွေလည်း ရင်ဆိုင်ဖြေရှင်းခဲ့ကြရပါတယ်။ လွတ်လပ် ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ပြီးစကာလ တွေမှာ ၂-နိုင်ငံ အဆက်အသွယ်လည်း ကောင်းခဲ့ကြပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ဘက်မလိုက်လှုပ်ရှားမှုထဲမှာ ရှိနေ ပေမယ့် သူ့ရဲ့အရာရှိတွေကိုတော့ အမေရိကန် စစ်ကျောင်းတွေကို အသုတ်လိုက်ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ တံခါးပိတ် အထီးကျန်နေခဲ့ပါတယ်။ အဲသည်တော့လည်း နှိုင်းယှဉ်ချက်အရ မြန်မာစစ်တပ်ရဲ့ ယဉ်ကျေးမှုက နိုင်ငံခြားသား မုန်းတီးတာ၊ အသားလွတ် မျိုးချစ်စိတ်ထက်သန်နေတာမျိုးတွေ ဖြစ်လာပါတယ်။ စစ်အေးတိုက်ပွဲမှာ အင်ဒိုနီးရှားက အမေရိကန်ဖက် ရပ်ခဲ့ တယ်ဆိုပေမယ့်၊ မြန်မာကတော့ ကြားနေမူဝါဒကိုင်စွဲခဲ့ပါတယ်။ အဲသည်တော့ သူများနဲ့ ပေါင်းခြင်းအားဖြင့် အကျိုးအမြတ်မခံစားရသလို၊ သူများနယ်ရုပ် ဖြစ်ရတာလည်း မရှိခဲ့ပါဘူး။

အင်ဒိုနီးရှားမှာ အရင်အာဏာရှင် ဆူဟာတိုအုပ်ချုပ်စဉ်ကာလ မြင်သာတဲ့ အကြောင်း ၄-ချက်ရှိပါတယ်။ တခုက အင်ဒိုနီး ရှားက ဖွဲ့စည်းပုံအခြေခံကို သေချာကိုင်တာပါ။ ဒါပေမယ့် လွှတ်တော်အမတ် ၅၀၀ မှာ စစ်တပ်က ကိုယ်စားလှယ် ၁၀၀ (၂၀%) နေရာယူထားပါတယ်။ Function group လို့ဆိုတဲ့ လုပ်ငန်းတာဝန် ထမ်းဆောင် နေတဲ့အုပ်စု ဆိုပြီး၊ စစ်ပြန်မှုထမ်း ဟောင်းက ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲနေရာယူ ထားကြ ပါတယ်။ နောက်တချက်ကတော့ ဆူဟာတိုက စစ်တပ်ဘတ်ဂျက်ကိုတော့ အနည်းငယ်ပဲ ခွဲဝေချထားပါတယ်။ ဆူဟာတိုအုပ်ချုပ်စဉ် ပထမ ၁၀ နှစ်မှာ၊ စစ်တပ်အသုံး စား ရိတ်က ဘတ်ဂျက်ရဲ့ ၁၀% အောက်ပဲ ရှိပါတယ်။ နောက်ပိုင်းလည်း ဒီလောက်ပဲ ဆက်သုံးနေခဲ့ပါတယ်။ သူတို့အစိုးရက ရငွေ-သုံးငွေ မျှတအောင် သုံးပါတယ်။ ငွေဖောင်းပွမှုနှုန်းကို တတ်နိုင်သမျှ ၁၀% အောက်မှာ ထိန်းထားပါတယ်။ ကျန်းမာရေး-ပညာရေး ကဏ္ဍတွေ မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားလုပ်ခဲ့ပါတယ်။ တတိယထူးခြားချက်ကတော့ စီးပွားရေး မူဝါဒ ချမှတ်တာတွေကို တကယ်တတ်ကျွမ်းတဲ့ ပညာရှင်လူနည်းစုလက်ထဲ ထားတာပါ။ အမေရိကန်မှာ ပညာ သင်လာတဲ့ တက်ခနိုခရက်တွေက ကက်ဘိနက်အဆင့် ၀န်ကြီးနေရာတွေမှာ လွှမ်းမိုးထားကြပါတယ်။ စီးပွားရေးဝန်ကြီးကို စစ်တပ်က လာတဲ့သူခန့်တာ မရှိသလောက်ပါပဲတဲ့။ စတုတ္ထထူးခြားချက်ကတော့ သူတို့အစိုးရကို ကျောထောက်နောက်ခံပေးမယ့်၊ သူတို့ လုပ်ချင်တာတွေ တွန်းအားပေးမယ့် ဂိုကာပါတီပဲ ဖြစ်ပါတယ်။ သူတို့က တစုံတရာ လူထုထောက်ခံအောင် လုပ်နိုင်ပါ တယ်။ ၁၉၉၇ ခုနှစ်မှာ ဆူဟာတိုအပေါ် လူထုထောက်ခံမှုကျလာတော့ သူတို့က ပြန်ပြီးစည်းရုံး လုပ်ဆောင်ပေးနိုင်ခဲ့ကြပါ သေးတယ်။ ဒီအချက်တွေက အင်ဒိုနီးရှားကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါ တယ်။

အဲဒါအပြင် မြန်မာ အခြေအနေနဲ့ အင်ဒိုနီးရှား မတူညီမှုတွေ ရှိနေတာ လက်စ်က ထောက်ပြခဲ့ပါသေးတယ်။ အင်ဒိုနီးရှားမှာ ပုဂ္ဂိုလ်ရေးလုံခြုံမှု က အတော်ကောင်းတယ်ဆိုပါတယ်။ လွတ်လပ်ရေးရပြီး ကနဦးကာလတွေမှာ လူတွေမလုံခြုံ ဖြစ်ခဲ့ကြ ပေမယ့်၊ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီလောက်မဆိုးပါဘူး။ တခါ အမျိုးသားညီညွတ်ရေးနဲ့ ပတ်သက် လို့ သူတို့ဆီမှာ ၁၉၂၀ ခုနှစ်လောက်ကတည်းက မတူကွဲပြားတဲ့ကျွန်းတွေ၊ လူမျိုးစုတွေအကြား ဘယ်စာကို ရုံးသုံးလုပ် မယ်ဆိုတာမျိုး သဘောတူညီထားနိုင်ကြပါပြီ။ အင်ဒိုနီးရှားက ကွန်မြူနစ်သူပုန်ထမှုကို နိုင်အောင် ရှင်းနိုင်တယ်။ တိုင်းရင်း သားသူပုန်ထမှု ပြဿနာရှိနေတယ်ဆိုပေမယ့် ထိန်းထားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ မြန်မာနိုင်ငံမှာက ကွန်မြူနစ် သူပုန်ထမှုက တရုတ်က အထောက်အပံ့ ဖြတ်တောက်လိုက်လို့သာ ရပ်ဆိုင်းခဲ့တာပါ။ မြန်မာစစ်တပ်က ချေမှုန်းနိုင်တာ မဟုတ်ပါဘူး။ တိုင်းရင်းသား သူပုန်အရေးကိုလည်း နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သေးဘူးလို့ လက်စ်က သုံးသပ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အနေအထားကလည်း မတူပါဘူး။ သူတို့က တံခါးဖွင့်ဈေးကွက် စီးပွားရေးကို ကျင့်သုံးသလို၊ ကုန်သွယ်မှု အတားအဆီးတွေလည်း ဖယ်ရှားထားခဲ့ပါတယ်။ အရင်းအနှီးတွေကိုလည်း ပိုလို့ ထိထိရောက်ရောက် နေရာ ချထားနိုင် ပါတယ်။ လူချမ်းသာ တွေအပေါ် အထူးအခွန်ဦးစားပေးတာတွေ မရှိသလို၊ ကျန်းမာရေး-ပညာရေး၊ မြို့ပြ-ကျေးလက်ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ငွေအမြောက်အများသုံးခဲ့ပါတယ်။ ဒီလိုနဲ့ အာရှထွန်းသစ်စ ကျားတကောင်းအထိ ဖြစ်လာခဲ့ပါ တယ်။ တခါ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ဖွံ့ဖြိုးပုံကလည်း အင်ဒိုနီးရှားက အတော်အားကောင်းပါတယ်။ စီးပွားတက် လာတဲ့ ၁၉၇၀ ခုနှစ်များကစပေါ်ပေါက်လာတဲ့ လူမှုအဖွဲ့အစည်းတွေ ဟာ ၁၉၉၀ မှာ အတော် အားကောင်းမောင်းသန် ဖြစ် နေပါပြီ။ အဲဒါအပြင် အင်စတီကျုရှင်းလို့ခေါ်တဲ့ ယန္တယား စနစ်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကလည်း အားကောင်းကြပါတယ်။

ဒါပေမယ့် သူတို့အားနည်းချက်က နီးစပ်ရာ လူနည်းစုကောင်းစားရေးဝါဒ ကျင့်သုံးနေတာ၊ သဘာဝအရင်းအမြစ် ရေနံ၊ ဓာတ်ငွေ့၊ သစ်တော ရောင်းရငွေကနေ လူတစုအကျိုးဖြစ်နေတာတွေကတော့ မြန်မာနိုင်ငံနဲ့ တူပါတယ်။ လက်စ် ရီဖယ် ထောက်ပြထားတာကတော့ မြန်မာ နဲ့ အင်ဒိုနီးရှားခေါင်းဆောင် ဆူဟာတို တူတာ နောက်တချက် ကတော့ အာဏာလွှဲ ပြောင်းရေးနဲ့ ဆက်ခံမယ့်သူ ရွေးချယ်ရေးကို အင်ဒိုနီးရှားက သေချာမလုပ်နိုင်ခဲ့ဘူး ဆိုပါ တယ်။ ဆူဟာတိုသက်တမ်း ၅ ခု မြောက်ကာလ ၁၉၉၃ ခုနှစ်မှာ အာဏာလွှဲ ပြောင်း ထွက်ပေးခဲ့ရင် ဆူဟာတိုက သမိုင်းမှာ အကောင်းကျန်နိုင်ပါတယ်။ နောက်ပိုင်းမှာ နာမည်ဆိုးနဲ့ ကြုံရကိန်းဖြစ်လာ ပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်ဟောင်း ဦးနေ၀င်းလည်း အလားတူပါ ပဲ။ အနိုင်နဲ့ မပိုင်းနိုင်ခဲ့ပါဘူး။

နောက်တပတ်မှာတော့ အင်ဒို-မြန်မာ နောက်ပိုင်းဆက်ဆံရေးအခြေအနေတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်း ချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments