Pages

Friday, February 25, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁၁)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီတပတ် မှာတော့ အမေရိကန် ဂျော့ တောင်းတက္ကသိုလ်က ပါမောက္ခ ဒေးဗစ် အိုင်၊ စတိန်း ဘာ့ဂ် ရေးသားထားတဲ့ အမေရိကန်-မြန်မာဆက်ဆံရေး သမိုင်း အကျဉ်းနဲ့ အမေရိကန်-မြန်မာ- တရုတ်နိုင်ငံ ကြားက သုံးပွင့်ဆိုင် ဆက်ဆံ ရေး အခြေအနေတွေကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ ပြေလည်ချင်ပါရက်နဲ့ လွဲနေတယ်လို့ ပြောရင်ရနိုင်ပါတယ်။ ဗီယက်နမ်နဲ့ အမေရိကန် ဆိုရင် တချိန်က အကြီး အကျယ်စစ်ပွဲနွှဲခဲ့ကြတာ ရှိသလို၊ နှစ်ဖက်အကြားလည်း နာကျည်းစရာ ကိစ္စအတော်များများလည်း ရှိခဲ့ကြပါတယ်။ မြန်မာနဲ့ အမေရိကန် ဆက်ဆံ ရေးကြားမှာ အဲသလို စစ်ပွဲတွေမရှိခဲ့သလို၊ မြန်မာဖက်က နာကျည်းစရာကိစ္စ တွေ ဗီယက်နမ်လို မရှိဘူးပြောရင် ရနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဗီယက်နမ်-အမေရိကန်ဆက်ဆံရေးက ပြန်ပြီး တိုးတက်ကောင်းမွန်လာ ပေမယ့် မြန်မာနိုင်ငံ ပြဿနာက လိပ်ခဲတည်းလည်း ပြဿနာတွေနဲ့ တစ်ဆို့နေဆဲပါ။ အမေရိကန် -မြန်မာ ဆက်ဆံရေးသမိုင်းကို ပြန်ကြည့်ကြရအောင်ပါ။

လွတ်လပ်ရေးရပြီးတဲ့ခေတ်ကို ကြည့်မယ်ဆိုရင် အမေရိကန်က နိုင်ငံရပ်ခြားအကူအညီတွေ USAID အောက်က မြန်မာ ပြည်ကို ပေးခဲ့တာ အများအပြားရှိပါတယ်။ ၁၉၆၇ ခုနှစ်အထိ ဒေါ်လာ ၁၂၁. ၇၉ သန်းပေးဖို့ လျာထား ခဲ့ပါတယ်။ အဲဒီ စီမံကိန်းတွေမှာ ရန်ကုန်ဆေးရုံကြီး၊ မြို့တော် ရေရရှိရေး၊ မိလ္လာစနစ်၊ မြေယာပြုပြင်ပြောင်းလဲ ရေးတွေ အပါအ၀င် ရန်ကုန် တက္ကသိုလ်မှာ လစ်ဘရယ် ၀ိဇ္ဇာပညာ (Liberal art) ကောလိပ်တခု ဖွင့်နိုင်ရေး၊ ပြည်တွင်း ရေကြောင်းသွားလာရေးစတဲ့ လုပ် ငန်း တွေပါ ပါဝင်ပါတယ်။ မြန်မာနိုင်ငံကို အခုလို စိတ်ဝင်စားရ တာလည်း အကြောင်းရှိပါတယ်။ အကြောင်းက အဲဒီအချိန်က တရုတ်ပြည်မှာ ကွန်မြူနစ်အစိုးရ တက်လာပြီးတဲ့ နောက်မှာ အရှေ့အာရှဒေသတခုလုံး ကွန်မြူနစ် သြဇာ လွှမ်းမိုးမသွား စေရေးအတွက် ထိန်းညှိထားလိုတဲ့ ဆန္ဒ ဖြစ်ပါတယ်။ ဒါပေမယ့်တချိန်ထဲမှာပဲ တရုတ်ကွန်မြူနစ်တွေကို ဆန့်ကျင်ဖို့ မြန်မာ နိုင်ငံထဲက ကူမင်တန် တရုပ် ဖြူတပ်တွေကိုလည်း အမေရိကန်က လျှို့ဝှက်ထောက်ပံ့ထားခဲ့ပါတယ်။ မြန်မာမျိုးချစ်အစိုးရ ကတော့ တရုတ်ဖြူ ကျူးကျော်မှုကို အချုပ်အချာအာဏာ ထိပါးတဲ့ကိစ္စကြီးတရပ်အဖြစ် မြင်ပါတယ်။ ဒီလိုနဲ့ ၁၉၅၃ ခုနှစ်၊ မတ်လ ကတည်းက ဦးနုအစိုးရက မြန်မာပြည်ထဲက အမေရိကန်အထောက်အပံ့ အစီအစဉ်တွေကို နှင်ထုတ်ခဲ့ပါတယ်။ ဒါတောင် ၁၉၅၈-၆၀ အိမ်စောင့်အစိုးရလက်ထက်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် စီအိုင်အေက မြန်မာ စစ်အရာရှိ တွေကို ထောက်လှမ်းရေးသင်တန်းတွေ ပေးခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းပြီးချိန် ဗိုလ်ချုပ်နေ၀င်းအစိုးရ လက်ထက်မှာတော့ ၁၉၆၄ ခုမှာ မြန်မာပြည်ထဲက အမေရိကန် အကူအညီအစီအစဉ်တွေ လုံးဝ ရပ်စဲဖို့ မြန်မာအာဏာပိုင်တွေက တောင်းဆိုခဲ့ပါတော့တယ်။

အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ လုပ်ငန်းတွေကတော့ သိပ်အရေးမပါတော့ပါဘူး။ ရန်ကုန်မြင်ကွင်း ကနေ တရုတ်၊ ဆိုဗီယက်၊ ဗီယက်နမ်ဆက်ဆံရေး အခြေအနေတွေကို စောင့်ကြည့်တာ လောက်ပဲ ဖြစ်လာပါတော့တယ်။ အဲဒီကာလက မြန်မာပြည်ကို ကျူးကျော်လာနိုင်တဲ့ရန်သူဆိုတာ တရုတ်နိုင်ငံ လို့ မြန်မာအာဏာပိုင်တွေက တွက်ဆထားကြ ပြီး၊ တကယ်လို့ ကျူးကျော်လာရင် ခေတ္တထိန်းထားနိုင်ဖို့ ခြေလျင် တပ်မ ၃-ခုနဲ့ သံချပ်ကာတပ်မ တခုလိုမယ်။ နောက် တော့ ကိုရီးယားစစ်ပွဲလို အမေရိကန်က လာကူမယ် ဆိုတာမျိုး စဉ်းစားခဲ့ကြပါသေးတယ်။ ၀န်ကြီးချုပ်ဦးနုကတော့ ဒီအစီ အစဉ်ဟာ တန်ဖိုးငွေကုန်ကြေးကျ ကြီးလွန်း တယ်။ တရုပ်နဲ့ ပြေလည်အောင်ဆက်ဆံတာက ပိုပြီးထိရောက်နိုင်တယ်လို့ ဆိုတာ ပြေလည်အောင် ဆက်ဆံ ရေးလမ်းကို ရွေးခဲ့ကြပါတယ်။ အဲဒီအချိန်က အမေရိကန်က IMET လို့ခေါ်တဲ့ နိုင်ငံ တကာ စစ်ရေးပညာနဲ့ သင်တန်းထောက်ပံ့မှုအစီအစဉ်မှာ မြန်မာစစ်တပ်အရာရှိ ထောင်ကျော် အမေရိကန်မှာ စစ်သင်တန်းတက် ရောက် နိုင်ခဲ့ကြပါတယ်။ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၇၄ လောက်မှာ အမေရိကန်က မြန်မာပြည် အပေါ်ပြန်လည်စိတ်ဝင်စားဖို့ အကြောင်းဖြစ်လာပြန်ပါတယ်။ အမေရိကန်ကို ၀င်နေတဲ့ ဘိန်းဖြူ တွေဟာ မြန်မာပြည်က လာတာဖြစ်နေလေတော့ ဘိန်းတိုက်ဖျက်ရေးအတွက် ကူညီဖို့ အကြောင်းဖြစ်လာပါတယ်။ အမေရိကန်ဒေါ်လာ ၄၇ သန်း ဖိုးလောက် အမေရိကန်က ကူညီခဲ့ပါတယ်။ ဘိန်းတိုက်ဖျက်ဖို့ ရဟတ်ယာဉ်တွေအပြင်၊ လေယာဉ်မှူးသင်တန်းတွေ ပေးခဲ့ ပါတယ်။ ၁၉၈၀ ကနေ ၈၈ အထိ ကာလမှာ မြန်မာစစ်တပ်အရာရှိ ၂၅၀ ကျော် အမေရိကန်မှာ စစ်သင်တန်းတွေ သွားရောက်လေ့လာ နိုင်ခဲ့ကြ ပါတယ်။

ဒီကနေ ၈၈ နောက်ပိုင်းမှာတော့ အရင်တပတ်က ကျနော်တင်ပြခဲ့သလိုပဲ မြန်မာစစ်အစိုးရက လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေး ချိုးဖောက်နှိပ်ကွပ်နေလို့ဆိုပြီး စီးပွားရေး/နိုင်ငံရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ ဖြစ်လာရပါတယ်။ အမေရိကန်အာဏာပိုင်တွေ ဖက်ကလည်း မြန်မာပြည်ကို "အာဏာရှင်စနစ်ရဲ့ နောက်ကျန်ခံကတုတ်"အဖြစ် စွပ်စွဲလာခဲ့တာ ရှိသလို၊ မြန်မာစစ်အစိုးရ ဖက်ကလည်း ကျူးကျော်လာနိုင်ခြေရှိတဲ့ ရန်သူလို့တွက်ချက် စစ် ပြင်ဆင်ရာမှာ တရုတ်မဟုတ်တော့ဘဲ၊ အမေရိကန်က အလားအလာရှိတဲ့ ရန်ဖက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့စစ်တွေကို သင်တန်းပေးတဲ့နေရာမှာတောင် အမေရိကန်က ကမ်းတက် ကျူးကျော်လာရင် ပြည်သူ့ စစ်ပွဲမဟာဗျူဟာနဲ့ ဘယ်လိုခုခံရမယ်ဆိုတာမျိုး သင်တန်းတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ အမေရိကန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလက မြန်မာနိုင်ငံဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်ဆိုပြီး တင်သွင်းခဲ့ပါသေးတယ်။ မြန်မာအစိုးရဖက်ကနေပြီး တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး ကာကွယ် ပယ်ချပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က နာဂစ်ကပ် ဘေး ဒုက္ခကြုံရတော့ လူသားချင်းစာနာမှုအကူအညီတွေ အများအပြားပေးခဲ့ပါသလို၊ လူသားချင်းစာနာမှု အကူ အညီတွေ ကိုတော့ ရပ်ဆိုင်းခဲ့ခြင်း မရှိပါဘူး။ တဖက်မှာလည်း မြန်မာ-ထိုင်းနယ်စပ်က စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုနဲ့ အမေရိကန်ကို လာရောက် အခြေချစေခဲ့ပါသေးတယ်။

ဒီနေရာမှာ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ပိုလို့အရေးကြီးတဲ့ ပြဿနာက မြန်မာကိစ္စထက်စာရင် နှစ်နိုင်ငံ ကုန်သွယ်မှု ကိစ္စတွေနဲ့ နယ်မြေကိစ္စဆိုရင်၊ ထိုင်ဝမ်ကျွန်းက ပိုအရေးပါပါတယ်။ အမေရိကန်က မြောက်ကိုရီး ယားကိစ္စမှာလည်း တရုတ်နိုင်ငံကို သူ့ကိုယ်စား လက်လွှဲပြီးသံတမာန်ရေး ကိုင်တွယ်ထားစေပုံ ရပါတယ်။ တရုတ်က ၆-နိုင်ငံ ဆွေးနွေးပွဲတွေ မှာ မြောက်ကိုရီးယားကိစ္စ ဦးဆောင်ကိုင်တွယ်နေရတာပါ။ တရုတ်အာဏာ ပိုင်တွေက မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့အစိုးရ တရပ် မြင်စေချင်သလို၊ အမေရိကန်နဲ့လည်း ပြေလည်စေချင် ပါတယ်။ အမေရိကန်နဲ့ မြန်မာအစိုးရ အာဏာပိုင်တွေ ဘေဂျင်းမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ၂၀၀၆ ခုနှစ်၊ ဇွန်လမှာ တရုတ်ဖက်က စီစဉ်ပေးခဲ့ပါသေးတယ်။ မြန်မာဖက်က ရှေ့ဆက် မတိုးချင်တာကြောင့် ဆွေးနွေးပွဲ တွေလည်း ဘယ်မှ မရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန်က ပြောင်ဝေဖန်၊ ရှုံ့ချ၊ ပြစ်တင်တာမျိုး ချဉ်းကပ်ပုံ မတူ သလို အကျိုးစီးပွားချင်းလည်း မတူကြပါဘူး။ နောက်တခုက အမေရိကန်ရဲ့ မြန်မာပြည် မူဝါဒမှာ ဒေါ်အောင်ဆန်း စုကြည်က အရေးပါတဲ့အခန်းကဏ္ဍက ရှိနေပါသေးတယ်။ တရုတ်ကတော့ ဒီလိုမစဉ်းစားပါဘူး။ နှစ်-၂၀ ကျော် ကာလမှာ အမေရိကန်ဖက်က စစ်အစိုးရကို ပြစ်တင်ဝေဖန်လာခဲ့တော့ နှစ်ဖက်အကြား ယုံကြည်မှုနည်းနေ ကြသလို၊ မြန်မာအစိုးရဖက်က လည်း တချိန်က ဗီယက်နမ်နဲ့ အမေရိကန် ပြေလည်ရေး လုပ်ခဲ့ကြသလို တကယ်ရော ဆက်ဆံရေးတွေ ပြန်လည်ချောမွေ့ စေဖို့ ကိုယ်ရောစိတ်ပါ တကယ် လုပ်ပါ့မလားဆိုတာ မေးခွန်း ထုတ်စရာ အများကြီး ရှိနေပါတယ်။ ပြေလည်ချင်ရင်တော့ အပေးအယူ ရှိကြရမှာပါ။ အခု အမေရိကန်ဖက်က လက်တွေ့ကျတဲ့ မူဝါဒကို ကျင့်သုံးမယ် ဆိုထားပါပြီ။ မြန်မာဖက်ကရော တကယ် ပြေလည်ချင်တာလား။ မြန်မာသတင်းစာထဲကနေပြီး အတိုက်အခံ တွေကို ပုတ်ခတ်တဲ့ ဆောင်းပါးတွေ ရေးနေရုံနဲ့ အမေရိကန်နဲ့ ပြေလည်မှုရမှာလားဆိုတာ ပြန်လည်သုံးသပ်သင့်ကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ အာဆီယံထဲက အင်ဒိုနီးရှားလို တချို့နိုင်ငံတွေနဲ့ မြန်မာပြည် အပြောင်းအလဲကိစ္စ နှိုင်းယှဉ်သုံးသပ် ထားတာတွေကို ဖော်ပြပါဦးမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments