Pages

Saturday, February 19, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁၀)။ မြန်မာ-အမေရိကန် ဆက်ဆံရေး

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ် မှာတော့ အမေရိကန်-မြန်မာ-တရုတ်နိုင်ငံကြားက သုံးပွင့်ဆိုင် ဆက်ဆံရေး အခြေ အနေတွေကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရေးသားသူ ကတော့ အမေရိကန် ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခ ဒေးဗစ် အိုင်၊ စတိန်း ဘာ့ဂ် ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အခုအခါမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု (ဆန်ရှင်) ကိစ္စနဲ့ ပတ်သက်လို့ အထူးတလည်ပြောဆို ဆွေးနွေးလာကြတာကို ကြားရပါတယ်။ အထူး သဖြင့်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှု မရှိလို့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို အဓိကလုပ်ထားကြတာက အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေ ရယ်၊ မြန်မာ-တရုတ်-အမေရိကန်ကြားထဲရှိနေတဲ့ ဆက်ဆံရေးအခြေအနေတွေကို အခုကျနော်တင်ပြနေ တဲ့စာအုပ်မှာ ရေးသား ထားသူကတော့ အမေရိကန်နိုင်ငံ၊ ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခဒေးဗစ်၊ အိုင် စတိန်းဘာ့ဂ် ဖြစ်ပါတယ်။ ဒီနေရာ မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု (ဆန်ရှင်) နဲ့ ပတ်သက်လို့ စပြီးပြောပြ ချင် ပါတယ်။ ၂၀၀၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ သက်တန်းတိုးခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်တဲ့ သမ္မတအိုဘားမားရဲ့ အကြောင်းပြချက်မှာ "မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ မူဝါဒတွေက အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် မှာ ပုံမှန်မဟုတ်တဲ့၊ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှု" ဖြစ်နေလို့ ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီမှာလည်း တခါ ပုံမှန်သမား ရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှု ဆိုတာက ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အကြောင်းကဒီလိုပါ။ ၁၉၇၇ ခုနှစ် မတိုင်ခင်က အမေရိကန်နိုင်ငံမှာ သမ္မတအုပ်ချုပ်ရေးဖက်က သူတို့ဘာသာတဖက်သတ် ပစ်ဒဏ်ခတ်အရေးယူနိုင်တာ ရှိပါတယ်။ ၁၉၁၇ ခုနှစ် ရန်သူနိုင်ငံများနဲ့ ကုန်သွယ်မှုဥပဒေအရပါ။ ဒါပေမယ့် စစ်ကြေညာမယ်ဆိုရင်တော့ ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက်လိုအပ်ပါတယ်။

အခုအခါမှာတော့ သမ္မတဒဏ်ခတ်အရေးယူမှုလုပ်မယ်ဆိုရင် ၁၉၉၇ ခုနှစ် အရေးပေါ်စီးပွားရေး အာဏာ ကျင့် သုံးမှု ဥပဒေအရ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကျင့်သုံးဖို့ဆိုရင် ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှု တစုံ တရာ ရှိနေတယ်ဆိုတာ အကြောင်းပြရပါတယ်။ ဆိုပါစို့။ မြန်မာနိုင်ငံက မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဆူဒန်၊ အီရန်တို့ထက်စာရင် အမေရိကန်အတွက် ထူးပြီး အန္တရာယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မဟာဗျူဟာအရ စိတ်ဝင်စားမှုတွေကြောင့် ဒီလိုအမည်တပ်ပြီး ပုံမှန်မဟုတ်တဲ့ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေ တယ်လို့ လုပ်ထားရတာ ပါ။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံကို သတ်မှတ်ထား ရာမှာတော့ (အရေးပေါ်စီမံတွက် ချက်မှု) အနေနဲ့ အထီးကျန်နိုင်ငံ၊ လူဆိုးနိုင်ငံ၊ ကျရှုံးနေတဲ့နိုင်ငံ၊ လူမိုက်တွေ ချယ်လှယ်အုပ်ချုပ်နေတဲ့ နိုင်ငံလို့ တွက်ချက် ထားလို့ အခုလို မဟာဗျူဟာအရ အရေးပါနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အခုအမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုပြုထားတာကို သဘောကျထောက်ခံသူ အများအပြားရှိပါတယ်။ လူအများကို လည်း ဆွဲဆောင်နိုင်ပါတယ်။ တဖက်မှာလည်း အမေရိကန်အစိုးရကို ချည်းကပ်စည်းရုံးဖို့ စနစ်တကျစည်းရုံးဆောင်ရွက်နေ သူတွေရှိတော့ ဒီမူဝါဒတွေကို ပြင်ဆင်ဖို့ ခက်လှပါတယ်။

ဒါတင်မကပါဘူး။ အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာ ရိုက်စ်ကလည်း မြန်မာနိုင်ငံကို "အာဏာရှင် တွေရဲ့ နောက်ဆုံး ခံကတုတ်ကျင်း" နိုင်ငံတခုအဖြစ် ၂၀၀၅ ခုနှစ်က ရည်ညွှန်းပြောဆိုခဲ့ဖူးပါသေးတယ်။ အမေရိကန်လူထုတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ မြန်မာနိုင်ငံ ရှုမြင်ပုံကလည်း အဖြူ-အမဲ ဆန်လှပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက အရေးပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရင် ကောင်းတယ်။ အိမ်အကျယ်ချုပ်ကျရင် အခြေအနေ ဆိုးတယ်။ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရင် မြန်မာ ပြည် အခြေအနေတိုးတက်တယ် ဆိုတာမျိုးလောက် သတ်မှတ် ထားကြတာပါ။ ဒီလိုဖြစ်နေတာ သာမာန်လူထု တွေနဲ့ နိုင်ငံရေးသမားတွေအမြင်လို့ ဆိုနိုင်ပေမယ့် အမေရိကန်အစိုးရကိုယ် ၌က ၂၀၀၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို "၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက ဆုံးဖြတ်ထားတဲ့ မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုခွင့်ရှိသည့် ကိုယ်စားလှယ်"ဆိုပြီး တရားဝင် ဖော်ပြထားပါတယ်။ ဒီမူဝါဒကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ တိတိကျကျ ဖော်ပြထားမှု မရှိပေမယ့်လည်း၊ ဒီစာသားက ဘယ်သူကမှ မေးခွန်းမထုတ်ကြဘဲ တရားဝင်ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားဖက်ကကြည့်ရင် မြန်မာပြည်နဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ်အခြေအနေ တွေလည်း တကယ်တော့ ရှိပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီး ဒုံးပျံ၊ လက်နက်တွေ ၀ယ်နေတဲ့ကိစ္စ၊ ရုရှားနိုင်ငံက အဏုမြူ ဓာတ်ပေါင်းဖိုဝယ်ယူပြီး ဗုံးအဖြစ်တောင် ကြံရွယ်ထားတယ်ဆိုတဲ့ ကောလာဟလတွေ၊ နေပြည်တော်တ၀ိုက်မှာ လျှို့ဝှက် မြေအောက်လှိုဏ်ခေါင်းတွေ တူးဖော်နေတယ်ဆိုတဲ့ အချက်တွေကလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ပါမောက္ခဒေးဗစ် စတိန်းဘာ့ဂ်က စောဒကတက်တာကတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရပ်ခြားအကူအညီပေးဌာန (KOICA) ကလည်း မြန်မာ အရာရှိတွေကို အဏုမြူနဲ့ ပတ်သက်တာတွေ သင်တန်းပေးလေ့ကျင့်နေပေမယ့် ဒါကိုတော့ လူတွေက မေးခွန်းမထုတ်ကြ ဘူးဆိုတာ ထောက်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေကို အဆင့် ၄-ခု ကြည့်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို ချေမှုန်းပြီးတဲ့အခါမှာ မြန်မာပြည်က အကူအညီအစီအစဉ်တွေ ရပ်ဆိုင်းခဲ့သလို၊ သံရုံးကိုလည်း ပိတ်ခဲ့ပါ သေးတယ်။ အမေရိကန်သံအမတ်က တမင်သက်သက် မြန်မာအာဏာပိုင်တွေနဲ့ မတွေ့ဘဲနေခဲ့သလို၊ နောက်ပိုင်းမှာ သံတမာန်အဆင့်တန်းကိုပါ လျော့ချခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ NLD ကရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့ပြီး၊ စစ် အစိုးရက အာဏာမလွှဲဘဲ ရှိနေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဘဲဆုရခဲ့ပါ တယ်။ အဲဒီအခါ မူဝါဒစဉ်းစားချက်တွေမှာ ပိုပြီး ပုဂ္ဂိုလ်ရေးဆန်လာခဲ့သလို၊ ၁၉၉၇ ခုနှစ်မှာတော့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုနဲ့ မြန်မာအာဏာပိုင်တွေကို ဗီဇာပိတ်တာတွေ စတင်လာခဲ့ပါတယ်။ စတဲ့အကြောင်းကတော့ အလုပ်သမားအဖွဲ့ ချုပ် ILO က မြန်မာနိုင်ငံက အဓမ္မလုပ်အားခိုင်းစေမှုတွေအပေါ် တင်ပြအရေးယူမှုအပေါ် တုံ့ပြန်ချက်ပါ။ ဒဏ်ခတ်မှု တတိယအဆင့်ကတော့ ၂၀၀၃ ခုနှစ် သွေးထွက်သံယို ဒီပဲယင်းတိုက်ခိုက်မှု အပြီးပါ။ ဒီအခါမှာ ဘဏ္ဍာရေးကိစ္စတွေအပါ အ၀င် ပိုလို့ တင်းကျပ်တဲ့ ပိတ်ဆို့မှု မူဝါဒတွေ ချမှတ်လာခဲ့ပါတယ်။ မြန်မာပြည်က တင်သွင်းကုန်တွေ ပိတ်ပင်ခဲ့သလို၊ အထည်ချုပ်လုပ်ငန်းက တင်သွင်းမှုတွေ ကိုပါ ပိတ်ပင်လာခဲ့ပါတယ်။ အနည်းအကျဉ်းသာရှိတဲ့ မြန်မာအာဏာ ပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားခဲ့ပါ တယ်။ စတုတ္ထအဆင့်ကတော့ ၂၀၀၇ ခုနှစ် သံဃာတွေ ဆန္ဒပြပွဲကို ချေမှုန်းအပြီး မှာတော့ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ပတ္တမြားက တခြားနိုင်ငံက တင်သွင်းသည် ဖြစ်စေ၊ မြန်မာနိုင်ငံက မူရင်းထွက်ကုန် ဆိုရင် ဒါတွေကိုပါ ပိတ်ပင်ခဲ့ပါတော့တယ်။ ပြန်ကြည့်ရင်တော့ မြန်မာ စစ်အစိုးရဖက်က တခုခုမှားမှ ဒဏ်ခတ်သလို တုံ့ပြန် ပြစ်ဒဏ်ချပုံပါ။

အခုအခါမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အစိုးရက ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး စစ်အစိုးရနဲ့ အပြုသဘော ချည်းကပ်သူတွေလည်း အလုပ်မဖြစ်ဘူး။ ပိတ်ဆို့ဒဏ်ခတ်မှုတွေကလည်း အလုပ်မဖြစ်ဘူးလို့ သုံးသပ်လာပါတယ်။ လက် တွေ့ကျတဲ့ ဆက်ဆံရေးမူကို ကျင့်သုံးဖို့ ကြိုးစားလာပြန်ပါတယ်။

နောက်တပတ်မှာမှပဲ တရုတ်-မြန်မာ-အမေရိကန်ဆက်ဆံရေးကိစ္စတွေ၊ မြန်မာ-အမေရိကန် ဆက်ဆံရေး သမိုင်းကြောင်း တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments