Pages

Saturday, February 12, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၉)၊ မြန်မာ-ဂျပန် ဆက်ဆံရေး

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ် မှာတော့ ဂျပန်-မြန်မာ-တရုတ်နိုင်ငံကြားက သုံးပွင့်ဆိုင် ဆက်ဆံရေး အခြေအနေ တွေကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဂျပန်က မြန်မာနိုင်ငံကို ကျူးကျော်သိမ်း ပိုက်ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါ အ၀င် ရဲဘော်သုံးကျိပ်၊ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုခေါင်းဆောင်တွေက ဂျပန်မှာလေ့ကျင့် ခဲ့ကြပြီး၊ မြန်မာ့တပ်မတော် ပေါက်ဖွားလာတာက ဂျပန်နဲ့နီးစပ်မှု ရှိပါတယ်။ အဲသည်တော့ တချိန်က မြန်မာ့တပ်မတော် ခေါင်းဆောင်အများစုဟာ ဂျပန်နဲ့ ရင်းနှီးကျွမ်း ၀င်ကြပါတယ်။ ယေဘုယျအားဖြင့် ဂျပန်-မြန်မာဆက်ဆံရေးဟာ အဆင်ပြေတယ်လို့ ဆိုရပါလိမ့်မယ်။ နောက်တခုကတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံခြားအကူအညီပေးသူ၊ မြီရှင်လည်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလတုန်းကလည်း ဂျပန်က မြန်မာ့မြေကို အခြေပြုပြီး အရှေ့တောင်အာရှ ဒေသနဲ့ အိန္ဒိယဖက်ကို သြဇာ ချဲ့ထွင်ဖို့ ကြံရွယ်ခဲ့တာ ဖြစ်ပါတယ်။ အခု ကျနော်ဖော်ပြနေတဲ့ မြန်မာနိုင်ငံအကြောင်း သုံးသပ်ချက် ဆောင်းပါးစာအုပ်မှာ တော့ ဂျပန်-မြန်မာဆက်ဆံရေးကိစ္စကို တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှူလေ့လာရေးဌာနက တွဲဖက် ပါမောက္ခ ဘီ ရှီဟွန်း (Bi Shihong) က ရေးသားထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးတော့ မြန်မာနိုင်ငံက စစ်လျော်ကြေးအပြင်၊ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုအတွက် အကူအညီ တွေပါ ရရှိခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ စစ်လျော်ကြေးကိစ္စ နှစ်နိုင်ငံ သဘောတူညီကြပြီး ဂျပန်ကနေ မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်နဲ့၊ အခြား လျော်ကြေး အကူအညီ ယန်း ၄၇ ဘီလီယံ ထောက်ပံ့ ပေးခဲ့ ပါတယ်။ ဒီနောက်ပိုင်း နှစ်နိုင်ငံ သံ ပြန်လည်ဆက်သွယ်ခဲ့ပြီး၊ ဆက်ဆံရေးလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးကို သွေး ထွက်သံယို ဖြိုခွဲချေမှုန်းပြီး စစ်အာဏာသိမ်းခဲ့ချိန်မှာတော့ ဂျပန်က နိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေ မယ့် ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ မြန်မာ စစ် အစိုးရကို အသိအမှတ်ပြုလို့ အကူအညီတွေ ပြန်ပေးခဲ့ပါတယ်။ အကြောင်း ကတော့ ဂျပန်နိုင်ငံအစိုးရကို ပြောဆိုတိုက်တွန်း စည်ရုံးပေးမယ့် မြန်မာနိုင်ငံအပေါ် သံယောဇာဉ်ရှိကြတဲ့ ဂျပန်စစ်ပြန်တွေ၊ အရာရှိတွေ၊ ကုမ္ပဏီပိုင်ရှင်တွေက ဂျပန်အစိုးရကို တိုက်တွန်းနေကြလို့ပါ။ ဂျပန်နိုင်ငံက အခြားအနောက်နိုင်ငံတွေလို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူချင်တဲ့ဆန္ဒမရှိဘူးလို့ စာရေးသူ ဘီ ရှီဟွန်းက ပြောပါတယ်။ ဂျပန်က အမေရိကန်နဲ့ လည်း နီးစပ်မှုရှိတော့ အမေရိကန်က မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းရင် ဂျပန်ကနားထောင်ပြီး လိုက် လုပ်တဲ့အချိန်လည်း ရှိပါတယ်။ ဒါပေမယ့် ဂျပန်က “အပြုသဘော ဆက်သွယ် တိုက်တွန်း” လိုတဲ့မူ ရှိပါတယ်။ တဖက်မှာ လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားတာ၊ ဈေးကွက်စီးပွား ရေးစနစ် ဖွံ့ဖြိုးတာတွေ မြင်လိုပါတယ်။ ဒီလိုနဲ့ ၁၉၉၈ ခုနှစ် မှာ ဂျပန်က မြန်မာနိုင်ငံနဲ့ စီးပွားရေးတိုး ဆက်ဆံ မယ်ဆိုပြီး၊ နိုင်ငံရပ်ခြား အကူအညီတွေ တိုးပေးခဲ့ပါတယ်။ ရန်ကုန်လေ ဆိပ်ကို ပြင်ဆင်ဖို့လို့ဆိုပြီး၊ ချေးငွေ ၁၉. ၅ သန်း၊ နိုင်ငံရပ်ခြား အကူအညီ (အိုဒီအေ) ၁၁ သန်း ပေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ (အာဆီယံ + 3) အစည်းအဝေးမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဂျပန်ဝန်ကြီးချုပ် ကိုင်ဇို အိုဘုချိတို့ ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ အဲဒီနောက်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေတွေက ပိုလို့ ကောင်းဖို့ ဖြစ်လာပါတယ်။ ၂၀၀၀ ခုနှစ်ဇွန်လမှာ ဂျပန်ဝန်ကြီးချုပ် ကိုင်ဇို အိုဘူချီ ကွယ်လွန်တော့လည်း အဲဒီအချိန်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့် ဂျပန်ကို ရောက်သွားပြီး၊ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါသေးတယ်။ အခြား သူတွေရဲ့ တိုက်တွန်းစည်းရုံးမှုနဲ့ မြန်မာ စစ်အစိုးရကို ရေအားလျှပ်စစ် စက်ရုံတွေ ပြင်ဆင်ဖို့ ဒေါ်လာ ၂၉ သန်း အကူအညီ ပေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။ တခါ ၂၀၀၁ ခုနှစ်မှာ ဂျပန်က တင်ရှိ နေတဲ့ ယခင်ကြွေးကျန် ဒေါ်လာ ၁၀ သန်းကိုလည်း လျော့စေခဲ့ပါတယ်။

ဒါပေမယ့် အခြေအနေက အလှည့်အပြောင်းတမျိုး ဖြစ်လာပြန်ပါတယ်။ ၂၀၀၃ ခုနှစ်၊ သွေးထွက်သံယို ဒီပဲယင်းတိုက်ခိုက်မှု ကြီးအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ပြန်ထိန်းသိမ်းခံရပြီးတဲ့နောက်မှာ ဂျပန်က အကူအညီ၊ ချေးငွေတွေ ပြန်လျော့ချခဲ့ပါတယ်။ ဒါပေမယ့် လူသားချင်းစာနာမှု အကူအညီ၊ နည်းပညာ သင်တန်းတွေကိုတော့ ရုပ်သိမ်းတာ မပြုပါ ဘူး။ ဂျပန်က မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေ ကို စိုးရိမ်ပေမယ့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဆိုရင် လူသားအရင်းအမြစ်တွေ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလိုနဲ့ ဒီမိုကရေစီ ပြောင်းလဲရေးကို တိုက်တွန်းနေရင်း ၂၀၀၅ ခုနှစ်မှာ ဂျပန်က မြန်မာကို ဒေါ်လာ ၁၁. ၂ သန်းဖိုး အလွတ်အကူအညီနဲ့ ဒေါ်လာ ၁၄. ၇ သန်းဖိုး နည်းပညာပံ့ပိုးမှု အကူအညီတွေ ပေးလာပြန် ပါတယ်။ သိပ်မကြာခင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ သံဃာတွေဦးဆောင်တဲ့ လူထုဆန္ဒပြ ပွဲတွေ တဖန် ဖြစ်လာပြန်ပါတယ်။ အဲဒီမှာ မြန်မာစစ်တပ်တွေ ပစ်ခတ်မှုကြောင့် ဂျပန်သတင်းထောက်တဦး သေဆုံးခဲ့တဲ့ အခါ ဆက်ဆံရေး ပျက်ပြားစရာကိစ္စတွေ ပြန်ဖြစ်လာပါတယ်။ နိုင်ငံတကာက ပြစ်တင်ဝေဖန်ကြတဲ့အခါ ဂျပန် ကလည်း စစ်အစိုးရအပေါ် ဝေဖန်မှုတွေ ပြုလာခဲ့ပါတယ်။ ယေဘုယျအားဖြင့် ဂျပန်က မြန်မာအစိုးရနဲ့ ဆက်ဆံ ရေးကို ဆက်ထိန်း သိမ်းထားချင်ပါတယ်။ တဖက်မှာလည်း ဒီမိုကရေစီပြောင်းလဲရေးမူကို ထောက်ခံ ပါတယ်။ အနောက်နိုင်ငံတွေလို ပိတ်ဆို့ ဒဏ်ခတ်ရေးမူကို ဂျပန်က သဘောမတူညီပေမယ့်လည်း၊ ၂၀၀၆ ခုနှစ်မှာ ဆိုလို့ရှိရင် ဂျပန် က မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးဖို့ ကိစ္စကိုတောင် ထောက်ခံခဲ့ပါသေးတယ်။

ဂျပန်က မြန်မာပြည်အပေါ် စိတ်ဝင်စားနေတာ အကြောင်းတွေရှိပါတယ်။ ၂၀၀၁ ခုနှစ်ကစလို့ ဂျပန်နိုင်ငံက နိုင်ငံခြားဆက် ဆံရေး အလုပ်အဖွဲ့ကိုဖွဲ့လို့ ၂၁ ရာစုအတွက် သံတမာန်ရေးမဟာဗျူဟာကို ချမှတ်ဆောင်ရွက် နေရာမှာ အရှေ့တောင်အာရှ ဒေသမှာ ဂျပန်ရဲ့အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်ချင်သလို၊ အင်အားကြီးလာတဲ့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ဖို့ အာဆီယံအဖွဲ့ကို ဒေသမဟာမိတ်အဖြစ် မြင်ထားပါတယ်။ အဲဒါအပြင် ဂျပန်-မဲခေါင်ဒေသ ပူးပေါင်းဆောင် ရွက်ရေးကိုလည်း တိုးလုပ်ဆောင်နေပါသေးတယ်။ နောက်တခု ကတော့ တရုတ်က မြန်မာနိုင်ငံနဲ့ ပြေလည်လို့ အိန္ဒိယ သမုဒ္ဒရာအထိ ပေါက်ရောက် သြဇာလွှမ်းလာမှာကိုတော့ ဂျပန်က မလိုလားပါဘူး။ သူ့ရဲ့ အသက်သွေးကြောလို ဖြစ်နေတဲ့ ရေနံ၊ လောင်စာ၊ ကုန်ပို့ဆောင်ရေး လမ်း ကြောင်းတွေအပေါ် ခြိမ်းခြောက်လာမှာလည်း ဂျပန်က စိုးရိမ်မှု ရှိပါတယ်။ ဂျပန် က တရုတ်နိုင်ငံ ကမ်းခြေပိုင်းက အထည်ချုပ်စက်ရုံတွေကို ရုပ်သိမ်းပြီး လုပ်အားခဈေးချိုတဲ့ မြန်မာနိုင်ငံကို ရွှေ့ပြောင်းဖို့ အစီအစဉ်တွေလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မြန်မာဖက်က စီးပွားရေးအခြေအနေက အခြေအနေ မပေးသေးလို့ မြန်မာပြည် ထဲမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံချဲ့ထွင်နိုင်မယ့် အလားအလာတွေတော့ မမြင်ရသေးပါဘူး။ ဒါပေမယ့် တရုပ်ပါမောက္ခ ပညာရှင်ရဲ့ သုံးသပ်ချက်မှာတော့ ဂျပန်ရဲ့ စီးပွားရေးအရ လုပ်ဆောင်မှုက မြန်မာနိုင်ငံ အပြောင်း အလဲမှာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေထက် ကောင်းမွန်တယ်။ မြန်မာနိုင်ငံကို ဈေးကွက်စီးပွားရေးစနစ် ဖြစ် လာစေရေးနဲ့ ဒီမိုကရေစီပြောင်းလဲလာစေရေး သူရဲ့ဆောင်ရွက်ချက်တွေက ပြောင်းသွားမှာမဟုတ်ဘူး။ ဒီအတိုင်းရှိနေမယ် ဆိုတာ တင်ပြခဲ့ကြောင်းပါခင်ဗျား။ နောက်တပတ်မှာတော့ တရုတ်-မြန်မာ-အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေးကိစ္စတွေ ကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments