Pages

Saturday, February 5, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၈)။ မြန်မာ-အိန္ဒိယ ဆက်ဆံရေး


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေး ချက်တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ် မှာတော့ တရုတ်-မြန်မာ-အိန္ဒိယနိုင်ငံကြားက သုံးပွင့်ဆိုင် ဆက်ဆံရေး အခြေအနေ၊ အိန္ဒိယအတွက် ရွေးချယ်ရခက်တဲ့ ပြဿနာတွေအကြောင်းကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာနိုင်ငံ တည်နေရာက လူဦးရေလည်းများ၊ အင်အားကြီးနိုင်ငံလည်း ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယကြားထဲမှာ ရှိနေပါ တယ်။ အခုတင်ပြနေတဲ့ စာအုပ်ထဲက စာတမ်းတစောင်မှာတော့ မြန်မာ-တရုတ်ဆက်ဆံရေးနဲ့ နွယ်ပြီး၊ အိန္ဒိယအစိုးရက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ကျင့်သုံးနေတဲ့ မူဝါဒ၊ ခက်ခဲတဲ့ ရွေးချယ်စရာ လမ်းကြောင်း အခြေအနေတွေကို တင်ပြထား ပါတယ်။ ရေးသားသူကတော့ ဒေါက်တာရေးနိုး အီဂရက်တို (Renaud Egreteau) ဖြစ်ပြီး ဟောင်ကောင်တက္ကသိုလ်၊ လူသားရေးရာနှင့် လူမှုရေးသိပ္ပံဌာနက သုတေသီ တဦးလည်း ဖြစ်ပါတယ်။

သူက ပြီးခဲ့တဲ့ နှစ် ၂၀ ကာလမှာ တရုတ်နိုင်ငံက သိသိသာသာ မြန်မာနိုင်ငံအပေါ်မှာ သြဇာကြီးလာတော့ အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒါအပြင် အိန္ဒိယဖက်ကလည်း မြန်မာပြည်ကနေ ဘယ်လိုအကျိုးစီးပွား ရှိနိုင်မလဲဆိုတာ စဉ်းစား လုပ်ဆောင်ခဲ့ကြပါတယ်။ တရုတ်က သြဇာလွှမ်းလာတာကို အိန္ဒိယဖက်က ကြည့်မြင်တဲ့နေရာမှာ တိုက်ရိုက်ခြိမ်းခြောက်မှု ရော၊ သွယ်ဝိုက်ခြိမ်းခြောက်မှုရော ရှိနေတယ်လို့ မြင်ပါတယ်။ ပထမတခုက မြန်မာနိုင်ငံက အိန္ဒိယသမုဒ္ဒရာနဲ့ ကီလိုမီတာ ၁၉၂၀ ကျော် ကမ်းရိုးတန်းဆက်စပ်နေတော့ တရုတ်သြဇာ ဒီအထိရောက်လာမှာ စိုးရိမ်ပါတယ်။ နောက်တခုက တချိန်က မက်မဟော် နယ်ခြားမျဉ်း (McMahon Line) လို့ခေါ်တဲ့ ဒေသမှာ တရုတ်-အိန္ဒိယအကြား စစ်ပွဲတွေအထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာလည်း မြန်မာပြည်ရယ်၊ တရုတ်ပြည်ရယ်၊ အိန္ဒိယနိုင်ငံရဲ့ အရူနာချယ် ပရာဒေ့ခ်ျပြည်နယ်တို့ ထိစပ်နေကြပါ တယ်။ ဒုတိယစိုးရိမ်ချက်က စီးပွားရေးတက်လာတဲ့ အိန္ဒိယနဲ့ တရုတ်က အာရှဒေသအတွင်း ဈေးကွက်ရရှိရေးအတွက် ပြိုင်ဆိုင်နေကြရာမှာ ဖြစ်နေတဲ့ စီးပွား၊ ကုန်သွယ်ရေး စိုးရိမ်စိတ်ပါ။ တတိယ အချက် ကတော့ အာရှဒေသအတွင်း နိုင်ငံရေး နဲ့ သံတမာန်ရေးအရ သြဇာလွှမ်းမိုးပြိုင်ဆိုင်မှုအတွက် စိုးရိမ်ချက်တွေ ဖြစ်ပါတယ်။

ဒီလို အပြောင်းအလဲအများစုက ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ဖြစ်လာတယ် ဆိုပေမယ့် တရုတ်-မြန်မာဆက်ဆံရေး အပြောင်းအလဲတွေ စတာက ပိုစောပါတယ်။ ၁၉၇၈ ခုနှစ်မှာ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီး တိန့်ရှောင် ဖိန် မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့ပြီး၊ အဲဒီအချိန်ထဲက စီးပွားရေး၊ ပူးပေါင်းဆက်ဆံမှု တိုးမြှင့်ရေးတွေကို စီစဉ် စဉ်းစားနေခဲ့ပါပြီ။ ဒါပေမယ့် ၁၉၈၈ ခုနှစ်ပြီးတော့ အိန္ဒိယနိုင်ငံက မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံတဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အထူးသဖြင့် ကွယ်လွန်လေတဲ့ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ၊ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးက သံအမတ် I. P. Singh, ပြီးတော့ P. M. S. Malik လက်ထက်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း ပြသခဲ့ကြပါတယ်။ ဒါပေမယ့် အိန္ဒိယလုံခြုံရေးဌာနတွေဖြစ်တဲ့ စစ်တပ်၊ ရေတပ်၊ ထောက်လှမ်းရေးဌာနတွေကြားထဲမှာ တော့ ဒီမိုကရေစီရေး ထောက်ခံတဲ့မူကို တဖြည်းဖြည်း စတင်ဝေဖန်လာကြပါတယ်။ ပြန်လည် ပြောင်းလဲဖို့လည်း တိတ် တဆိတ် တိုက်တွန်းလာကြပါပြီ။ ဒီလို စဉ်းစားရတာက ခုနက ပြောခဲ့တဲ့ မက်မဟော် နယ်ခြားမျဉ်းမှာ တရုတ် ခြိမ်းခြောက် မှုကို စိုးရိမ်လို့ရယ်၊ အိန္ဒိယအရှေ့မြောက်ဒေသက ခွဲထွက်ရေးတိုင်းရင်းသား သူပုန်တွေကို မြန်မာ စစ်အစိုးရ ပူးပေါင်းကူညီမှု နဲ့ ဖယ်ရှားချင်တာလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ သြဇာ မြန်မာပြည်မှာ ကြီးထွားလာမှုကို စိုးရိမ်ထိတ်လန့်လာတာ လည်း ပါသလို၊ မြန်မာ့ရေပိုင်နက် ကိုးကိုးကျွန်းမှာ တရုတ်က ရေဒါစခန်းတွေ ဆောက်နေတယ်ဆိုတဲ့ ကောလာဟလတွေ အထိ ဖြစ်လာတော့ ပိုပြီး စိုးရိမ်စိတ်ပွားလာပါတယ်။ အိန္ဒိယအနောက်ကျောမှာလည်း တရုတ်-ပါကစ္စတန ဆက်ဆံရေးက လည်း ရှိနေပါသေးတယ်။ မြန်မာပြည်ဟာ လည်း အိန္ဒိယ-တရုတ်အင်အားပြိုင်ပွဲ ကစားပွဲမှာ နယ်ရုပ်တခုအဖြစ် တရုတ် လက်အောက်ကျသွားတာ အဖြစ် မခံချင်ပါဘူး။ ဒီလိုနဲ့ ၁၉၉၂-၉၃ မှာ အိန္ဒိယမူဝါဒအရွေ့ စတင်လာပါတော့တယ်။

၁၉၉၂ ခုနှစ် ဗိုလ်ချုပ်သန်းရွှေ စစ်ကောင်စီဥက္ကဋ္ဌဖြစ်လာပြီးတော့၊ အိန္ဒိယက အရင်ဒီမိုကရေစီထောက်ခံတဲ့ သံအမတ်က နေ မြန်မာစစ်တပ်နဲ့ ပြေလည်မယ့် G. Parthasarathy ကို ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ စစ်အစိုးရကို ဝေဖန်ပြောဆို နေတာတွေလည်း ရပ်လိုက်ပါတယ်။ ဒီမိုကရေစီအုပ်စုတွေကို ထောက်ခံနေတာ ကိုလည်း တဖြည်းဖြည်း ခြေဆုတ်သွားပါ တယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာ အပြောများတဲ့ ဂါထာမန္တရာက "သူတပါး ပြည်တွင်းရေး ၀င်မစွက်ချင်ဘူး" ဆိုတာ ဖြစ်လာပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ရန်ကုန်-ဒေလီအကြား ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ နောက်တခုကတော့ အိန္ဒိယက "အရှေ့မျှော်မူဝါဒ" (Look East policy) ကို ချမှတ်ပြီး ကျန်အာဆီယံ၊ မဲခေါင်ဝန်းကျင် နိုင်ငံတွေကိုပါ ဆက်ဆံဖို့ လုပ်လာပါတယ်။ အိန္ဒိယဦးဆောင်တဲ့ BIMST-EC ဒေသဆိုင်ရာ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုလည်း မြန်မာအပါအ၀င် ဖွဲ့စည်းခဲ့ပါ တယ်။

ဒါပေမယ့် ၁၅-နှစ်ကျော် ကြာလာပြီးတဲ့နောက်မှာတောင် အိန္ဒိယက သူများနဲ့စာရင် နှေးနေပါတယ်။ နောက်ကျ နေပါသေးတယ်။ ဘာကြောင့်ပါလဲ။ အိန္ဒိယ-မြန်မာကုန်သွယ်ရေးက ပျမ်းမျှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုးလောက်ဆို တော့ အရင်ကထက် ကောင်းလာပါတယ်။ ဒါပေမယ့် တရုတ်နဲ့ယှဉ်ကြည့်ရင် တရုတ်က သန်း ၂,၀၀၀ ကျော်၊ ထိုင်းက သန်း ၃,၀၀၀ ကျော်ဆိုတော့ နည်းနေပါသေးတယ်။ တခုက အိန္ဒိယက သူတို့ အားသာတဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးဖက်ကိုပဲ အားသန်ပါတယ်။ ကျန်တဲ့နိုင်ငံတွေက ကဏ္ဍပေါင်းစုံလုပ်နေကြပါတယ်။ နောက်တခုက ကုန်သွယ် ရေးသာ လုပ်ချင်တယ်၊ မြန်မာပြည်ဖက်မှာ လမ်းပန်းပေါက်ဖို့ ရင်းနှီးမြှုပ်နှံမှုလည်း မလုပ်ချင်ပါဘူး။ တခါ သူတို့အရှေ့ မြောက် ခွဲထွက်ရေးသူပုန်ရှိတဲ့ နေရာ တွေကိုလည်း ဖွံ့ဖြိုးစေဖို့ တွန့်ဆုတ်နေပါသေးတယ်။ နောက်တခုက ဒေလီက ဗဟို အစိုးရနဲ့ နယ်စပ်ဒေသက ပြည်နယ်တွေ မူဝါဒစဉ်းစားကြရာမှာလည်း အနည်းနဲ့အများ ကွဲပြားနေတာတွေ ရှိပါသေးတယ်။ အခုနောက်ပိုင်း အိန္ဒိယက ONGC-V/ GAIL ကုမ္ပဏီတွေက ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ လာမြှုပ်နှံပေမယ့်လည်း ဓာတ်ငွေ့ကို တရုတ်ကိုရောင်းလိုက်တော့ သူတို့က မူဝါဒတွေ ပြန်စဉ်းစားဖို့ ဖြစ်လာပြန်ပါတယ်။ နောက်တခုက ယဉ်ကျေးမှု ဆိုင်ရာ ပြဿနာတွေလည်း ရှိသေးတယ်လို့ စာရေးသူက ဆိုပါတယ်။ မြန်မာတွေရဲ့ နိုင်ငံခြား သား မုန်းတီးမှုစိတ်ကိုလည်း အိန္ဒိယက လျှော့တွက်ထားပါတယ်။ တရုတ်နဲ့က ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုပြီး ရှိပေမယ့်၊ မြန်မာတွေက 'ကုလား' ဆိုပြီး အိန္ဒိယကို တမျိုးမြင်ပါတယ်။ အိန္ဒိယစီးပွားရေးလုပ်ငန်းတွေ ပြန်လာ ကြတော့ "ကုလားတွေပြန်လာကြပြီ" ဆိုပြီး ပြောကြဆိုကြတာတွေလည်း ရှိပါတယ်။ တကယ်တော့ အိန္ဒိယကိုယ်၌က မြန်မာနဲ့ ဆက်ဆံရေးမူဝါဒမှာ မပြတ်မသား တွေဝေနေတာတွေ ရှိပါသေးတယ်။ တရုတ် နိုင်ငံအပေါ်လည်း ခြိမ်းခြောက်မှုလို့မြင်ပြီး ကူမင်းပူးပေါင်းဆောင်ရွက်မှု ကြိုးပမ်းချက် (Kunming Initiative) ခေါ်တဲ့ တရုတ်-အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာဆက်ဆံရေးမှာ အပြည့် အ၀ မလုပ်ချင်သေး တာတွေ ရှိနေပါတယ်။ ဒေသတွင်းမှာ အာဏာချိန်ခွင့်လျှာထိန်းညှိဖို့ ကြိုးစားနေတယ်ဆိုတယ်။ ဒါပေ မယ့် အခြေခံအဆောက်အဦ၊ အကူအညီ ပေးကမ်းမှုမှာ တွန့်တိုနေပါသေးတယ်။ ဒီလို အိန္ဒိယဖက်က မူဝါဒ အခက်အခဲ တွေကိုလည်း စာရေးသူက တင်ပြခဲ့ကြောင်းပါ ခင်ဗျား။ အားလုံးငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments