Pages

Saturday, January 29, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၇)



ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်-မြန်မာ ဆက်သွယ်ရေး လမ်းကြောင်းစီမံချက်တွေရယ်၊ နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေကို တင်ပြ မှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာနိုင်ငံ တည်နေရာက တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါ လှပါတယ်။ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အာရှ အားလုံး ဆက်သွယ်နိုင်တဲ့ ဆုံချက်နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထ၀ီအရ အရေးပါမှုကို တရုတ်နိုင်ငံက သိရှိသဘောပေါက်လာခဲ့တာ ဒုတိယကမ္ဘာစစ်ပြီးကတည်းကလို့ ဆိုပါတယ်။ ဂျပန်တွေက ဒုတိယကမ္ဘာစစ်မှာ တရုတ်ပြည် ကိုသိမ်းတော့ "နောက်ဖေးထွက်ပေါက်" တနည်း လမ်းပေါက် အဖြစ် မြန်မာနိုင်ငံကိုဖြတ်လို့ အမေရိကန်တပ်တွေက စတီး ၀ဲလ်လမ်းမကို ဖောက်လို့ ထောက်ပံ့ကူညီမှု ပြုခဲ့ရပါတယ်။ ဒီလမ်းကို "မြန်မာလမ်းမကြီး"လို့လည်း လူသိများပါတယ်။ အဲဒီ တော့ ၂၀ ရာစုဆန်းစ ကာလ ကတည်းက မြန်မာနိုင်ငံကိုဖြတ်လို့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဖို့ တရုတ်နိုင်ငံက စိတ်ကူး ယဉ်နေခဲ့ တယ်လို့ တရုတ်-မြန်မာ ဆက်သွယ်ရေးလမ်းကြောင်းစင်္ကြန်ကိစ္စ ဆောင်းပါးရေးသူ ဖန် ဟုန်ဝေ (Fan Hongwei) က ဆိုပါတယ်။ သူက တရုတ်နိုင်ငံ၊ ရှားမင်း (Xiamen) တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနက တွဲဖက် ပါမောက္ခတဦးလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နယ်နိမိတ် ကီလိုမီတာ ၄,၀၀၀ ကျော် ဆက်စပ်နေ ပါတယ်။ အဲဒီ ဒေသထဲမှာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကနေ ပြင်ပကမ္ဘာကို ဆက်သွယ်နိုင်ဖို့ ပထမတန်းစားဆိပ်ကမ်း ၁၁ ခု၊ ဒုတိယတန်းစားဆိပ်ကမ်း ၉-ခု၊ လမ်းကြောင်း ၉၀ ကျော် ရှိနေပါတယ်။ အဲသည် တော့ တရုတ်နိုင်ငံက ယူနန်ကနေ နိုင်ငံတကာလမ်းကြောင်းကိစ္စကို ၁၉၉၂ ခုနှစ်ကတည်းက စတင်စဉ်းစား လာခဲ့ပါတယ်။ ဒါပေမယ့် သေချာအကောင် အထည် မဖော်နိုင်ခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံ "အနောက်ဖက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး"အတွက် မဟာ ဗျူဟာချမှတ်လာပြီးမှသာ ဒီကိစ္စကို စတင် အကောင်အထည်ဖော်လာကြတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ယူနန်ပြည်နယ် ကနေ "ယက်တောင်ပုံ" ဖြန့်ကား နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ကွန်ရက်တွေကို ဖော်ဖို့ စဉ်းစားလာခဲ့ပါတယ်။ အဲဒီ ကြိုးပမ်းချက်ကို "တောင်ဖက်သို့" မဟာဗျူဟာ (Look South strategy) လို့လည်း ခေါ်ကြပါတယ်။ ယူနန်ပြည်နယ်နဲ့ အရှေ့ တောင် အာရှဒေသကို ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းတွေနဲ့ ချိတ်ဆက်ဖို့ ဆောင်ရွက်ခဲ့ကြ ပါတယ်။ မဲခေါင် မဟာမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကလည်း ရည်မှန်းချက်ကြီးနောက်တခု ဖြစ်ပါတယ်။

တရုတ်က ဧရာဝတီမြစ်ကနေ အိန္ဒိယသမုဒ္ဒရာကို ရေလမ်းကြောင်းပေါက်ဖို့ ကြိုးပမ်းနေခဲ့တာ အခုအချိန်တိုင် အလုပ်မဖြစ် သေးတဲ့အကြောင်းလည်း အရင်အပတ်က တင်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၁ ရာစု အဆန်း ပိုင်းကတည်းက တရုတ်-မြန်မာ ဆက်သွယ်ရေးလမ်းကြောင်းစင်္ကြန်ကိစ္စကို ပိုလို့ တွန်းဆော် လုပ်ဆောင်လာ ခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ ထောင် လိုက်လမ်း ၃-ခု၊ အလျားလိုက် လမ်းကြောင်း ၃-ခု ပါဝင်ပါတယ်။ တခါ မြန်မာနိုင်ငံကို ဖြတ်ဖောက်မယ့် လမ်းမတွေမှာ ယူနန်-ရွှေလီ-ရန်ကုန် လမ်းမရယ်၊ ကူမင်း-ထိန်ချုန်း- မြန်မာ-အိန္ဒိယ လမ်းမလည်း ပါဝင်ပြီး၊ အခုအခါ လမ်းဖွံ့ဖြိုးမှု တချို့ လုပ်ငန်းတွေ စတင်နေပါတယ်။ မြန်မာမှသာ မဟုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေကိုလည်း လမ်းတွေဖြတ်ဖောက်ဖို့ စီစဉ် နေပါတယ်။ ၁၉၉၅ ကတည်းက မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်အဆိုပြုထားတဲ့ အာရှဖြတ် သွယ်တန်းတဲ့ ရထားလမ်းအစီအစဉ်ကိုလည်း တရုတ်က စိတ်ဝင်စားပြီး၊ ဆက်လက် အကောင်အထည်ဖော်နေပါတယ်။ ဒီလိုဆိုရင် ယူနန်ပြည်နယ် မြို့တော် ကူမင်းနဲ့ စင်္ကာပူကို ဆက်သွယ်နိုင်မှာပါ။ တပြိုင်နက်တည်းမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်နိုင်ဖို့ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန်၊ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း (GMS) တွေကိုလည်း ဆောင်ရွက်နေပါသေးတယ်။

နယ်စပ်ကုန်သွယ်ရေးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံဖက်က ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ဖွင့်လိုက်တဲ့အခါ ပိုလို့ ကူးလူးဆက်ဆံမှု များလာခဲ့ပါတယ်။ မူဆယ်၊ နမ့်ခမ်း၊ ကျူကုတ်၊ ဟိုပန်၊ ချင်းရွှေဟော်၊ မြစ်ကြီးနား၊ ဗန်းမော်တွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ဖွင့်ခဲ့ဖူးပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏရဲ့ ၇၅. ၆% လောက်တောင် ရှိနေခဲ့တယ် ဆိုပါတယ်။ မြန်မာနိုင်ငံအတွက်တော့ နယ်စပ် ကုန်သွယ်ရေးဆိုတာ လုပ်ဆောင်မှု အသစ်ဖြစ်ပေမယ့် တရုတ်နိုင်ငံအတွက် အတော်ရိုးနေပြီး၊ အတွေ့အကြုံလည်း ပိုလို့ ရှိနေပြီ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံက အာဖဂန်နစ္စတန်အပါအ၀င် နိုင်ငံ ၁၅ ခုလောက်နဲ့ နယ်စပ် ကီလိုမီတာ ၂၀,၀၀၀ ကျော်မှာ နယ်စပ်ကုန်သွယ်ရေး လုပ်နေတာပါ။ သူတို့က ၁၉၄၉ ခုနှစ် တရုတ်ပြည် လွတ်မြောက်ပြီးချိန်က စခဲ့လို့ နှစ် ၆၀ ကျော် အတွေ့အကြုံ ရှိနေခဲ့ပြီ ဆိုနိုင်သလို၊ ထိန်းသိမ်းအုပ်ချုပ် စီမံမှု မူဝါဒတွေလည်း အတော် ဖွံ့ဖြိုးတည်ငြိမ်နေခဲ့ပြီ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စလို့ ကမ္ဘာ့စီးပွားရေး ထိုင်းမှိုင်းမှု ကြုံရတော့ တရုတ်က နယ်စပ်ကုန်သွယ်ရေး ပိုလို့ ဖွံ့ဖြိုးစေဖို့ အားပေး ဆောင်ရွက် ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပမာဏက ၁၉၈၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၁၃ သန်းသာ ရှိနေရာ က၊ မြန်မာ နိုင်ငံဖက်က စရင်းတွေအရ ၂၀၀၇-၀၈ မှာ အမေရိကန်ဒေါ်လာ သန်း ၂,၄၀၀ လောက်တောင် တိုးတက်လာနေခဲ့ပါတယ်။ ဒါပေမယ့် မြန်မာဖက်က ရောင်းစရာသိပ်မရှိဘဲ ၀ယ်ယူတင်သွင်းရကုန်တွေ များလွန်းတော့ အမြဲတမ်းကုန်သွယ်လိုငွေ ပြနေခဲ့ပါတယ်။ မြန်မာဖက်က ရောင်းကုန်တွေက ကုန်ကြမ်း ပစ္စည်း တွေများပြီး၊ တရုတ်ဖက်ကတော့ ထုတ်လုပ်ပြီး လူသုံး ကုန်တွေ ပြန်တင်ပို့ပါတယ်။ ကုန်သွယ်မှုရဲ့ ၉၅% ကို တရုတ်ရီမင်ဘီငွေနဲ့ ရှင်းကြပြီး၊ မြန်မာကျပ်ငွေ သုံးတာကလည်း အတော် နည်းပါးလှပါတယ်။ နောက်ပိုင်းမှာ မြန်မာဖက်က ၁၀၅ မိုင် ကုန်သွယ်မှု အထူးဇုန်ကို တည်ဆောက်ပြီး အခွန် လွတ်လပ်ခွင့်တွေ ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် မြန်မာဖက်က တန်ဖိုးရှိလှတဲ့ ကုန်ကြမ်းတွေကို ခိုးထုတ်ရောင်းဝယ်နေတာလည်း အတော်မသတ် ဆက်ရှိနေဆဲပါ။ ဒီလို လိုငွေပြမှုဟာ သိပ်ကြီးထွားလာရင် တချိန်မှာ နိုင်ငံရေးအရ သက်ရောက်မှုတွေလည်း ရှိလာနိုင်ပါ တယ်။ ဒါတင်မက အခြား စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး သက်ရောက်မှုတွေလည်း ရှိနိုင်တယ် ဆိုတာ ယူနန်တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက သုတေသီ လူဂောင်ရှင်း (Lu Guang sheng) နဲ့ ဇော် ချွန်မင်း (Zou Chunmeng) တို့က ဆွေးနွေးခဲ့ကြောင်းပါ ခင်ဗျား။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments