Pages

Monday, January 24, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၆)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးမှာ ပြဿနာတွေ၊ အဖုအထစ်တွေ ရှိနေသေး တာကိုလည်း ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
တရုတ်နိုင်ငံနဲ့ မြန်မာဆက်ဆံရေးက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသာ ဆိုနေပါတယ်။ စင်းလုံးချောတော့ မဟုတ်ပါဘူး။ ပြဿနာတွေ၊ အခက် အခဲတွေ အများကြီးရှိပါတယ်။ ဒီအခက်အခဲတွေကို ယူနန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာ ရေး ဌာနက ဒါရိုက်တာ ပါမောက္ခလီ ချန်ယန်း (Li Chenyang) နဲ့ စင်္ကာပူ အမျိုးသားတက္ကသိုလ် အရှေ့အာရှ လေ့လာရေး ဌာန က သုတေသနပညာရှင် လိုင်း လီယန် ဖုက် (Lye Liang Fook) တို့ ပူးတွဲပြီးရေးတဲ့ စာတမ်းတစောင်မှာ သုံးသပ် ဖော်ပြထားပါတယ်။

မြန်မာဖက်ကတော့ "တရုတ်တနိုင်ငံတည်းမူ" ကို အပြည့်အ၀ ရပ်တည်ပါတယ်။ ဒါပေမယ့် တရုတ်ဖက်မှာတော့ ဗဟိုအစိုး ရက ချမှတ်ထားတဲ့မူတွေကို အောက်ခြေအစိုးရ အဖွဲ့အစည်းတွေက အပြည့်အ၀ လိုက်နာ အကောင် အထည်မဖော်ကြတာ တွေ ရှိပါတယ်။ ဒါတင်မက တဦးချင်းတရုတ်တွေက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လုပ်ရပ် တွေကလည်း နှစ်နိုင်ငံဆက်ဆံ ရေးအပေါ် သက်ရောက်ပါသေးတယ်။ နှစ်နိုင်ငံ နယ်စပ်အရေး သဘောတူ စာချုပ်ကို ၁၉၆၀ ခုနှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ပါ တယ်။ တချိန်ကတော့ နယ်စပ်ဒေသတွေမှာ ကွန်မြူနစ် သူပုန်ထမှု ရှိနေပြီး၊ တရုတ်ကွန်မြူနစ်ပါတီက ဗမာကွန်မြူနစ်တွေကို နိုင်ငံတကာမိတ်ဆွေပါတီအနေနဲ့ ထောက်ပံ့ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၈၈ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဗမာပြည် ကွန်မြူနစ်ပါတီလည်း ပြိုကွဲပါတယ်။ အဲဒီတော့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေက အသစ်တွေ ဖြစ်လာပါ တယ်။

ပထမပြဿနာကတော့ နယ်စပ်ဖြတ်ကျော် လူခိုးကူးကြတဲ့ ပြဿနာပါ။ ဒါနဲ့အတူ မူးယစ်ဆေးထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ လောင်းကစား၊ ရာဇ၀တ်မှုတွေ၊ ပစ္စည်း မှောင်ခိုကုန်ကူးမှု၊ သဘာဝ အရင်းအမြစ်တွေကို အလွန်အကျူး ထုတ်ယူနေမှု၊ အိပ်ခ်ျအိုင်ဗွီ/အိပ်ဒ်စ် လို၊ ကြက်ငှက်တုတ်ကွေးလို၊ ဆားစ် (SARS) လို ကူးစက်ရောဂါတွေ၊ စတဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကိုပါ ကြုံလာရပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်လို့ တရားမ၀င် ၀င်ရောက်ကြတာ နှစ်ဖက်စလုံးက ရှိတယ်ဆိုပေမယ့်၊ တရုတ် တွေ ၀င်တာက မြန်မာပြည်က လူဝင်တာထက် ပိုများနေပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်တာကို တားမြစ် ထားပါတယ်။ နယ်စပ်က တိုးရိုပေါက်နေတော့ ၀င်ကြသူတွေက နယ်စပ်တရားဝင် ဂိတ် မဟုတ်တဲ့နေရာတွေက ဖြတ်ကြပါ တယ်။ အဲဒီမှာ ရာဇ၀တ်မှုကျူးလွန်လာတဲ့သူတွေ ပါသလို၊ နယ်စပ်က လောင်းကစားရုံတွေမှာ သွားပြီး ကစားကြမယ့်သူ တွေလည်း ပါဝင်ပါတယ်။ တခါ မြန်မာပြည်မြောက်ဖျားက အချို့တိုင်းရင်းသား အုပ်စုတွေက မူးယစ်ဆေး ထုတ်လုပ်ရောင်း ချမှုကနေ ငွေဝင်ငွေလမ်း ဖြစ်နေကြပါတယ်။ ဒါတင်မက ကျွန်းသစ်၊ ဓာတ်သတ္တုတွေ မှောင်ခိုခိုးထုတ်နေကြတာလည်း ရှိပါ တယ်။ မြန်မာအစိုးရက ဒီလိုမှောင်ခိုထုတ်နေတာတွေ အရေးယူပေးဖို့ တရုတ်အစိုးရကို ပြောတော့ တင်းကျပ်ပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ နယ်စပ် အရာရှိတွေက တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ကြတာ မရှိပါ ဘူး။ လွှတ်ထားပေးပါတယ်။ နယ်စပ်က အခုလို သစ်၊ သတ္တုမှောင်ခိုလုပ်ငန်းတွေမှာ တရုတ်လူမျိုး ၂၀,၀၀၀ လောက်အထိ ပါဝင် ပတ်သက်နေတော့ မြန်မာစစ်အစိုးရဖက်က မကြည်တာလည်း ရှိပါတယ်။ တရားဝင်မူချ ထားသလိုလည်း ထင်စေပါ တယ်။ မြန်မာပြည်ထဲမှာ တရုတ်တွေရဲ့ စီးပွားရေးအင်အားကြီးထွားလာတာကလည်း မြင်နေရတာ သိသိသာသာပါ။

နောက်တခုက မူးယစ်ဆေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှု ပြဿနာပါ။ တရုတ်နိုင်ငံမှာ ဘိန်းကုန်ကူးသူတွေကို သေဒဏ် အထိ အပြစ်ပေးပေမယ့်၊ ဘိန်းတွေဝင်နေတုန်းပါ။ အဲဒီတော့ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် တရုတ်ဗဟိုအစိုးရက ယူနန်ပြည်နယ်ကို အရင်က နှစ်စဉ် တရုတ်ယွမ်ငွေ ၅ သိန်းလောက်ပဲ ချပေးရာကနေ၊ ယွန်ငွေသန်း ၅၀ အထိ တိုးတက်ချ ပေးပါတယ်။ ဒီငွေတွေကို မြန်မာပြည်ဖက် ဘိန်းစိုက်တောင်သူတွေ အစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းတွေမှာ အသုံးချစေ ဖို့ပါ။ ထွက်ကုန်သီးနှံတွေကိုလည်း တရုတ်ပြည်ဖက် အခွန်ကင်းလွတ်စွာသွင်းခွင့် ပြုခဲ့ပါတယ်။ ဒီလိုနဲ့ နယ်စပ်ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံ ထုတ်လုပ်စိုက်ဖို့ တရုတ်ကုပ္မဏီ ၂၀၀ လောက် ပါဝင်ပတ်သက်နေကြပါတယ်။ ရာဘာ၊ ငရုပ်ကောင်း စသဖြင့် စိုက်ပျိုးနေကြ တာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရဖက်က အစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်းတွေကို စိတ်လိုလက်ရ မရှိကြ ပါဘူး။ တကယ်လို့ ၀င်ငွေများများရလာရင် တိုင်းရင်းသားအဖွဲ့တွေ အင်အားကြီးထွားလာတာကို မြန်မာ စစ်အစိုးရ မနှစ်မြို့ပါဘူး။ ဒါကြောင့်လည်း မအောင်မြင်ဖြစ်နေရပါတယ်။ တဖက်က တရုတ်ဒေသခံ အစိုးရ မှာလည်း ဒီကိစ္စအပေါ် သဘောထား မတူညီကြတာတွေ ရှိပါတယ်။ အစားထိုးသီးနှံ စီမံချက်က မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံချက်အောက်မှာ ဆောင်ရွက်တာဆိုတော့ တရုတ်နိုင်ငံက ၀န်ကြီးဌာန အများ ပတ်သက်နေကြ ပါတယ်။ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနကတော့ မူးယစ်ဆေး ပပျောက်စေရေးကို ပိုအလေးထားပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ တရုတ်ကုမ္ပဏီတွေ "အပြင်ထွက်မြှုပ်နှံရေး"ကို ပို တွန်းအားပေး လိုတဲ့ သဘောရှိပါတယ်။ ဘိန်းစိုက်ခဲ့တဲ့ဒေသတွင်သာမက အခြားဒေသမှာပါ မြှုပ်နှံလုပ်ကိုင်စေချင်ပါတယ်။

နောက်ပြဿနာတွေက အိပ်ဒ်စ်/ အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကူးစက်ရောဂါတွေကိစ္စပါ။ မြန်မာဖက်က ကျန်းမာ ရေးကာကွယ် စောင့်ရှောက်မှုစနစ်က ညံ့ဖျင်းလွန်းတော့ တရုတ်ဖက်က အပူပွားရပါတယ်။ မြန်မာဖက်က တရုတ်သြဇာ လွှမ်းလာမှု အပေါ် သံသယရှိနေတော့ ကာကွယ်တဲ့အနေနဲ့ စစ်အစိုးရက တရုတ်တခုတည်းသာ မမှီထားဘဲ၊ အာဆီယံ၊ အိန္ဒိယ၊ စသဖြင့်နဲ့လည်း အာဏာချိန်ခွင်လျှာ ညှိတာတွေ ရှိနေပါတယ်။ တရုတ်နဲ့ သဘောတူ နားလည်မှုစာချွန်လွှာတွေ လက်မှတ် ထိုးပြီးတော့မှ အကောင်အထည်မဖော်နိုင်တဲ့ လုပ်ငန်းကြီး တွေလည်း ရှိပါသေးတယ်။ ဥပမာပြရရင်- ၁၉၈၉ လောက်ထဲက စဆွေးနွေးလာတဲ့ ဧရာဝတီရေလမ်းကြောင်း ချဲ့ထွင်ရေးနဲ့ တရုတ်ကုန်စည်တွေ ပင်လယ်ထွက်ပေါက် ဖြတ်သန်းရရှိစေရေး ကိစ္စတွေပါ။ ဆွေးနွေးလာ လိုက်တာ အကြိမ်ကြိမ်၊ ဒါပေမယ့် အခုအချိန်အထိ မြန်မာဖက်က ကြုံရမည့် အန္တရာယ်၊ အကျိုးအမြတ် တွက်ဆ နေတုန်းပဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောင်းကနေ တရုတ်အဖို့ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ပေါက်နိုင်တယ် ဆိုရင် အာရှ-ပစိဖိတ်ဒေသကြီး တခုလုံးရဲ့ ပထ၀ီနိုင်ငံရေးအနေအထားတောင် ပြောင်းသွားနိုင်တယ်လို့လည်း ဆိုနေ ကြပါတယ်။ နောက်တပတ်မှာတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ဖောက်သွယ် တန်းဖို့ တရုတ်ဖက်က လျာထားတဲ့ လမ်းမ၊ ဆက်သွယ်ရေးတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments