Pages

Friday, January 14, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၅)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်ပြည်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ လက်တွေ့မူဝါဒကျင့်သုံးနေပုံ သုံးသပ်ချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကိုယ်တိုင်က သတိနဲ့ဝေဖန်ပြောဆိုနေကြတာ သတိထားမိပါတယ်။ လူဦးရေ သန်းထောင်ချီတဲ့အပြင်၊ အခု အခါမှာ စီးပွားရေးအရလည်း အလျှင်အမြန်တိုးတက်နေတဲ့ ဓနအင်အားကြီးနိုင်ငံတခု ဖြစ်လာပါတယ်။ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး ဌာနက ဒါရိုက်တာ ပါမောက္ခလီ ချန်ယန်း (Li Chenyang) နဲ့ စင်္ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှ လေ့လာရေးဌာန က သုတေသနပညာရှင် လိုင်း လီယန် ဖုက် (Lye Liang Fook) တို့ ပူးတွဲပြီး လက်တွေ့ကျင့်သုံးနေတဲ့မူဝါဒတွေကိုလည်း သုံးသပ် ဖော်ပြထားကြပါတယ်။

တရုတ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုကိစ္စတွေအပေါ်မှာ ဘယ်လိုသဘောထားပါသလဲ။ မြန်မာအရေး နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြုံကြိုက်လာတိုင်း တရုတ်နိုင်ငံက ဗီတို သုံးပယ်ချခဲ့တော့လည်း ဒီမို ကရေစီရေး လှုပ်ရှားသူတွေက မကျေနပ်ရှိနေကြတာ အမှန်ပါ။ အမှန်မှာ တရုတ် နိုင်ငံက တည်ငြိမ်တဲ့၊ ဒီမိုကရေစီရှိတဲ့၊ အင်အားစုတွေ ပြေလည်ရင်ကြားစေ့နိုင်မယ့်၊ ဖွံ့ဖြိုးတဲ့ မြန်မာနိုင်ငံကို မြင်တွေ့လိုပါတယ်လို့ အဲဒီပညာရှင် ၂-ဦးက ဆိုပါ တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း ထားတာ အပါအ၀င် နိုင်ငံရေးကိစ္စတွေကို တရုတ်နိုင်ငံက မြန်မာ ပြည်ရဲ့ ပြည်တွင်းရေးအဖြစ်သာ ရှုမြင်ပါတယ်။ ပြည်ပက တင်သွင်းလာတဲ့နိုင်ငံရေး လုပ်ငန်းစဉ်ထက်စာရင် ပြည်တွင်းက စတင်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကို သူတို့က ပိုအလေးထားပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရက လမ်းပြမြေပုံ ၇-ချက်တို့ ဖွဲ့စည်းပုံ ဥပဒေတို့၊ ရွေးကောက်ပွဲတို့ လုပ်လာတဲ့အခါ သူတို့က အလျင်စလို ထောက်ခံခဲ့ကြတာပါ။ နောက်တခုက တရုတ် နိုင်ငံရဲ့ အခြေခံအမြင်မှာက မြန်မာနိုင်ငံမှာ ဒေသအခြေအနေနဲ့ အညီ ဖွံ့ဖြိုးလာတဲ့ ဒီမိုကရေစီမျိုးကို အားပေးချင်တယ် လို့ ဆိုပါတယ်။ တဖက်မှာလည်း သူတို့က လာမည့်ရေတိုအနာဂတ်ကာလမှာ စစ်တပ်ကလွဲရင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းထားနိုင်မယ့် အခြားအင်အားစုမရှိဘူးလို့လည်း ထင်မြင်ယူဆထားပါတယ်။ စစ်အစိုးရက သူ့ပြည်သူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီးတွေ့တဲ့ အဖြေမျိုးကို ပိုလိုလားပါတယ်။ အဲသည်တော့ တရုတ်နိုင်ငံက NLD အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး အင်အားစုအားလုံးနဲ့ ဆက်ဆံခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရခင်မှာ တရုတ်သံ အမတ်ကြီးက သွားရောက်တွေ့ဆုံတာတွေ ရှိခဲ့သလို၊ ၉၀ ရွေးကောက်ပွဲအောင်မြင်ပြီးတော့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါ တယ်။ အဲဒါအပြင် သူတို့က အရင်ကတည်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ကိုလည်း အရေးပါတဲ့ အင်အားစုတခုလို သဘောထား ဆက်ဆံခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့၊ ချစ်ကြည်ရေးခရီးတွေဖလှယ်ဖို့ တရုတ် နိုင်ငံ အစိုးရက နိုင်ငံတကာ နားလည်မှုတိုးတက်ရေးအသင်း (China Association for International Understanding) ကိုတောင် တာဝန်ပေးထားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို အကြမ်းဖက်ချေမှုန်းတာတွေ ဖြစ်လာတော့ သူတို့လည်း မျက်လုံး ပြူးရပါတယ်။ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ကိုယ်၌က မြန်မာအစိုးရကို ရင်ကြားစေ့ရေး တွန်းလုပ်ဖို့ ဖိအားပေးရရုံ သာမက၊ သမ္မတ ဘုရှ်၊ ဂျပန်ဝန်ကြီးချုပ် ယာဆူအို ဖူကူဒါ၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း အစရှိတဲ့ ခေါင်းဆောင် တွေကို ဖုန်းခေါ်ပြီး မြန်မာ့အခြေအနေကို ပိုမရှုပ်ထွေးရလေအောင် ၀င်မစွက်ကြဖို့ ကြားဝင်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို လက်နက်တွေ ရောင်းနေတာကရော ဘာသဘောပါလဲ။ မေးခွန်းထုတ်စရာ ရှိပါတယ်။
တရုတ်က-မြန်မာနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ၁၉၈၈ ခုနှစ်ကတည်းက တိုက်တွန်းနေခဲ့ပါတယ်။ အဲဒီမှာ အချက် ၂-ခု ပါဝင်ပါတယ်။ လက်နက်/စစ်ပစ္စည်းတွေ ရောင်းချရေးနဲ့ သင်တန်းကိစ္စတွေပါ။ ဒါပေမယ့် စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးရေး ဆိုတဲ့နေရာမှာ ဒုံးကျည်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘော၊ တင့်ကား၊ သံချပ်ကာကား၊ လက်နက်ကြီး အမြောက်တွေ ရောင်းပေးတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်ငယ် ရိုင်ဖယ်၊ သေနတ် အပေါ့စား လက်နက်တွေကို မရောင်းပေးပါဘူး။ မြန်မာစစ်အစိုးရက သူ့ လက်နက်တွေသုံးပြီး လူထုကို ဖိနှိပ်နေတယ်လို့ ဝေဖန်ကြမှာ စိုးရိမ်တဲ့အချက်ရယ်၊ တဖက်ကတော့ မြန်မာ စစ်အစိုးရရဲ့ ပြည်ပကျူးကျော်စစ် ခုခံစွမ်းရည်ကို မြင့်စေဖို့ရောင်း ပေးတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာက အိမ်နီးချင်းနိုင်ငံတွေကို ရန်လိုတာမျိုး တရုတ်က အားမပေးသလို၊ ဓာတု၊ အဏုမြူ၊ ဇီဝလက်နက်၊ ပြင်းအားမြင့် အစီအစဉ်မျိုးကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။ သင်တန်းဆိုတဲ့ နေရာမှာတော့ မြန်မာစစ်အရာရှိတွေကို လေတပ်၊ ရေတပ်၊ လက်နက်ကြီးဆိုင်ရာ သင်တန်းတွေ ပို့ချပေးတာ ဖြစ်ပါတယ်။ မြန်မာအစိုးရက တခြား နိုင်ငံ က လက်နက်၊ ကျည်တွေ ၀ယ်ယူတာကိုတော့ တရုတ်က ကန့်ကွက်မှု မရှိပါဘူး။ ဒါကြောင့်လည်း မြောက် ကိုရီးယား၊ ပါကစ္စတန်၊ အိန္ဒိယစသဖြင့်က တခြားလက်နက်တွေ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေအပေါ်မှာ တရုတ်က ဘယ်လိုသဘောထား ပါသလဲ။ တရုတ်က မြန်မာပြည်အရေးဟာ သမိုင်းကြောင်းအရ ရှုပ်ထွေးပွေလီတယ်လို့ မြင်ပြီး၊ လက်တွေ့အပေါ် အခြေခံ ဆက်ဆံပါတယ်။ တဖက်မှာ မြန်မာပြည်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုလို့ ဆက်ဆံအသိ အမှတ်ပြုပြီး၊ ၀င်မစွက်သင့်ဘူးလို့ ယေဘု ယျ ယူဆပါတယ်။ သေချာတာကတော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်မှု တွေကို တရုတ်က ဆန့်ကျင်ပါတယ်။ ဒါပေမယ့် ကုလ သမဂ္ဂ၊ အနောက်နိုင်ငံတွေအပါအ၀င် နိုင်ငံတကာနဲ့အတူ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးမှာ ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိတယ်လို့ ဒီပညာရှင်-၂ဦးက သုံးသပ်ဖော်ပြ ပါတယ်။ တရုတ်က အာဆီယံအဖွဲ့ရဲ့ အပြုသဘောဆောင်တဲ့ ချည်းကပ်ဆက် ဆံမှု မူမျိုးကို ကြိုဆိုပါတယ်။ ကြိုက်ပါတယ်။ တဖက်မှာလည်း သူကိုယ်တိုင်က လိုလိုလားလား မြန်မာနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာအရေး အတွက် အီးယူဥရောပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြောင်းလည်း တရုတ်က ဖော်ပြပြောဆိုခဲ့တာတွေ ရှိပါ တယ်။ ဒါပေမယ့် သေချာတာက တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားက အနောက်နိုင်ငံတွေနဲ့ ကွာပါတယ်။

အဲဒါအပြင် တရုတ်က ယဉ်ကျေးမှု၊ ပညာရေး၊ ဘာသာရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေး၊ အားကစား ကိစ္စတွေမှာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံက လေကြောင်း ပညာသင် Ph. D ဘွဲ့ အတွက် ၁၉ ဦး လက်ခံဖို့ သဘောတူထားသလို၊ အထူးသဖြင့် ယူနန်၊ ဂွန်ဒေါင်း၊ ၀ူဟန်၊ ရှင်ဟိုင်း၊ ဘေဂျင်းစသဖြင့် မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၁,၀၀၀ လောက် လက်ခံထားပါတယ်။ ဒါပေမယ့် တရုတ်-မြန်မာဆက်ဆံရေးမှာ အခက်အခဲတွေ၊ ပြဿနာတွေ ကင်းတာတော့ မဟုတ်ပါဘူး။ နောက်တပတ်မှာတော့ ကြုံနေရတဲ့ ပြဿနာတွေ၊ မြန်မာ ဖက်က သံသယ၊ နစ်နာတယ်လို့ မကျေမနပ် ထင်နေ တဲ့ အချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments