Pages

Saturday, January 8, 2011

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၄)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက် တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်ပြည်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒ (၆) ချက်အနက်က ကျန် ရှိတဲ့ ၃-ချက်အပေါ် လေ့လာဆန်းစစ် ထားတာကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဘယ်လိုမူဝါဒတွေ ထားရှိ ဆက်ဆံနေ တယ်ဆိုတာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ကိစ္စ တခု ဖြစ်ပါတယ်။ အရင် တပတ်ကစလို့ တရုတ်နိုင်ငံက မြန်မာပြည်နဲ့ ပတ်သက်လို့ ဆက်ဆံရေး မူဝါဒတွေအပေါ်မှာ ထားတဲ့ ရည်ရွယ်ချက်တွေကို တင်ပြခဲ့ပါတယ်။ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး ဌာနက ဒါရိုက်တာ ပါမောက္ခလီ ချန်ယန်း (Li Chenyang) နဲ့ စင်္ကာပူ အမျိုးသားတက္ကသိုလ် အရှေ့အာရှ လေ့လာရေးဌာန က သုတေသနပညာရှင် လိုင်း လီယန် ဖုက် (Lye Liang Fook) တို့ ပူးတွဲ သုံးသပ် ဖော်ပြထားကြတာပါ။ တရုတ်ရဲ့ ရည်ရွယ်ချက် (၆) ချက်အနက်က ပထမ (၃) ချက်က- တရုတ်နိုင်ငံ အနောက်တောင်ဖက်ဒေသတွေ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရေး၊ နယ်စပ်ဒေသတွေ တည်ငြိမ် လုံခြုံရေးနဲ့ တရုတ်အတွက် လောင်စာစွမ်းအင် တည်ငြိမ်လုံခြုံရေးတို့ ဖြစ်ပါတယ်။ ဒီတပတ်မှာ ကျန်ရှိ တဲ့ ရည်ရွယ်ချက် ၃-ချက်ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးမှာ စတုတ္ထရည်ရွယ်ချက်က မြန်မာ-တရုတ်နိုင်ငံအကြား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝ ရေမြေ၊ လောင်စာ၊ ကျွန်းသစ်နဲ့ သစ်မာ၊ ကျောက်မြက်၊ ဓာတ်သတ္တု ပေါကြွယ်လှတော့ တရုတ်နိုင်ငံက လိုအပ်နေတဲ့ ကုန်ကြမ်းတွေအတွက် အရေးပါ လှပါတယ်။ ဒါတင်သာမက တရုတ်နိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု၊ ထုတ်ကုန် ဖြန့်ဖြူးရေးဈေးကွက်အတွက်လည်း အရေးပါတဲ့ အကျယ်အ၀န်း၊ လူဦးရေ ရှိနေပါ တယ်။ ပိုလို့အရေးကြီးတဲ့အချက်က တရုတ်နိုင်ငံ အနောက်တောင် ပိုင်းဒေသက ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ ကမ္ဘာကို ဆက်စပ်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံ ပင်လယ်ထွက်ပေါက်က အရေးပါပါတယ်။ ဒါကြောင့်ပဲ အဝေးပြေးလမ်းမ၊ ရေလမ်း၊ ရထားလမ်းတွေ ဖြတ်လို့ သွယ်တန်းဖောက်ချင်နေ ကြတာပါ။ ဒါပေမယ့် တရှိန်ထိုးတက်နေတဲ့ တရုတ်စီးပွားရေးနဲ့ ယှဉ်ရင် မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုက မဖြစ်စလောက် ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ တကယ်လို့ မလက္ကာရေလက် ကြားကို မဖြတ်ဘဲ မြန်မာနိုင်ငံကိုဖြတ်လို့ ကုန်တွေ တင်ပို့နိုင်ရင် တရုတ်က ကီလိုမီတာ ၃,၀၀၀ ခရီးသက်သာပါတယ်။ အချိန် အားဖြင့် ၅-ရက် သက်သာပါတယ်။ ဒါတင်မက မြန်မာနိုင်ငံဟာ တရုတ်အတွက် အရှေ့တောင်အာရှ၊ တောင် အာရှ ဥရောပ၊ အာဖရိကတို့နဲ့ ဆက်သွယ်ရေးအတွက်လည်း လမ်းဆုံလမ်းခွမှာ တည်ရှိနေပါတယ်။ တဖက် မှာလည်း အရင် တပတ်က တင်ပြခဲ့သလို သမုဒ္ဒရာ ၂-ခု ပေါ်လစီအောက်မှာ မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးပါနေပြန်ပါတယ်။

တရုတ်က သူတို့တံခါးဖွင့်ပြီး စီးပွားတိုးတက်လာတဲ့ အတွေ့အကြုံတွေကို မြန်မာစစ်အစိုးရကို မျှဝေခဲ့ကြတယ် ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေလာရင် သူတို့က ဘေဂျင်း၊ ရှန်ဟိုင်း၊ ဂေါင်ဇူး၊ ရှန်ဇန်းတို့ဆီ အလည် ပတ် ခေါ်သွားလေ့ရှိပါ တယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေ နားဝင်ခဲ့ပုံ မရပါဘူး။ တရုတ်က မြန်မာကို ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ နည်းပညာတွေနဲ့ ပတ်သက်လို့လည်း အကူအညီပေးပါတယ်။ မကြာသေးမီ ကတောင် ဗိုလ်ချုပ်သန်းရွှေခရီးစဉ်အပြီး ဒေါ်လာ ၄. ၃ ဘီလီယံ ဖက်စုံဖွံ့ဖြိုးရေး အကူအညီတွေ ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ တခါ တရုတ်- အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုဇုန် သဘောတူညီချက် အောက်မှာလည်း မြန်မာ့ထွက်ကုန် ၁၁၀ မျိုးက ၂၀၀၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ကစလို့ အခွန်လွတ် တင် သွင်းခွင့် ရပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ မြန်မာက ကုန်ကြမ်းအပြင် ရောင်းစရာ ထူးထူးခြားခြား မရှိပါဘူး။ နှစ်ရှည် ကုန်သွယ်မှုလိုငွေပြနေခဲ့ရင် ဒါဟာလည်း နိုင်ငံရေး ပြဿနာ တခုဖြစ်လာနိုင်တယ်လို့ ဒီပညာရှင်တွေက ဆိုကြပါတယ်။

ပဉ္စမရည်ရွယ်ချက်ကတော့ စီးပွားရေးတက် အင်အားကောင်းလာနေတဲ့ အိန္ဒိယကို ထိန်းညှိဖို့လည်း မှန်းထား တယ် ဆိုပါ တယ်။ အိန္ဒိယက တရုတ်နဲ့အလားတူ စီးပွားတက်လာတဲ့ အင်အားကြီးနိုင်ငံတခုပါ။ တရုတ်နဲ့ အိန္ဒိယ က ၁၉၆၀ ခုနှစ်တွေ မှာ နယ်စပ်ပြဿနာနဲ့ စစ်ပွဲတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒိယဖက်က တရုတ်ကို ပူးတွဲ လုပ်ဖော်ကိုင်ဖက် တဦးထက်စာ ရင် ပြိုင်ဖက်တဦးအနေနဲ့ ပိုယူဆထားတယ်လို့လည်း ဆိုကြပါတယ်။ ဒီနိုင်ငံကြီး ၂-ခုကြားမှာ မြန်မာနိုင်ငံက မဟာဗျူဟာ အရ အရေးပါလှပါတယ်။ သူတို့အကြား မကြာသေးမီနှစ်တွေမှာ ဆက်ဆံရေးကောင်းလာတယ် ဆိုပေမယ့် သံသယတွေ ရှိနေကြတုန်းပါ။ အိန္ဒိယနိုင်ငံကလည်း မြန်မာနဲ့ ဆက်ဆံ ရေးမှာ အရင်က ဒီမိုကရေစီရေး အားပေးတဲ့ မူဝါဒတွေကနေ ၁၉၉၃ ခုနှစ်ကစလို့ လက်တွေ့ကျတဲ့ ဆက်ဆံရေး မူဝါဒတွေချမှတ်ပြီး စစ်အစိုးရကို ကူညီတာ၊ လိုက်လျောတာတွေ ရှိလာ နေပါတယ်။ တဖက်မှာလည်း "အရှေ့ ဖက်သို့" ဆိုတဲ့ အကျယ်အပြန့် မူဝါဒကိုလည်း ချမှတ်ကျင့်သုံးနေပါတယ်။ မြန်မာ စစ် အစိုးရကလည်း တဖက်မှာ ကျောက်ဖြူဆိပ်ကမ်းကို တရုတ်ကို ပေးပေမယ့်၊ အိန္ဒိယကို စစ်တွေဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ခွင့် ပေးခဲ့ပါတယ်။ တချို့ပညာရှင်တွေ ယူဆတာကတော့ တရုတ်ဖက်က စဉ်းစားရင် အိန္ဒိယကို ထိန်းညှိရေးအတွက် တဖက်မှာ ပါကစ္စတန်-တရုတ်ဆက်ဆံရေး၊ မြန်မာ-တရုတ်ဆက်ဆံရေး ရှိပေမယ့် မြန်မာက ပါကစ္စတန်ထက် ပိုလို့ အရေး ပါတယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။

ဆဋ္ဌမ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိန်းသိမ်း ထားဖို့ ဖြစ်ပါ တယ်။ တရုတ်-မြန်မာအကြား ရန်ဖက်စစ်ပွဲတွေရှိခဲ့ဖူးပေမယ့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဆိုပြီး အခု အစိုးရတွေက ဆိုနေကြပါတယ်။ တချိန်က မြန်မာပြည်မှာ ကုန်းဘောင်ခေတ်ကတည်းက တရုတ် ချင် မင်းဆက်ကို အခွန်ပဏ္ဏာဆက်သ ခဲ့ရတာ ရှိပါတယ်။ မြန်မာပြည်က ဒေသဆိုင်ရာ အကြီးအကဲတွေကိုလည်း တရုတ်ပြည် ယွန်နဲ့ မင် မင်းဆက်ကတည်းက အသိအမှတ်ပြု ခန့်အပ်ခဲ့တယ်လို့ ဆိုကြတာတွေ ရှိပါတယ်။ ဒါပေ မယ့် အခုဆက်ဆံရေးကတော့ ၁၉၄၉ တရုတ်ပြည် လွတ်မြောက်ပြီးနောက်ပိုင်းကာလကို စလို့ယူကြတာ ဖြစ်ပါ တယ်။ သမိုင်းအရ ယဉ်ကျေးမှုအရ ပိုမိုနီးစပ်ကြတယ်လို့ ဆိုချင်တာ ဖြစ်ပါလိမ့်မယ်။ တရုတ်ပြည်ဖက်ကတော့ သူတပါးပြည်တွင်းရေး ၀င်မစွက်ပါဘူးလို့ အလေးပေးပြောဆိုတာမျိုး မြန်မာဖက်က သဘောကျပါတယ်။ တခါ တည်းမှာလည်း တရုတ်နိုင်ငံက တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ သူက အနောက်နိုင်ငံတွေနဲ့မတူဘူး။ မျှမျှတတ၊ ပိုလို့ တန်းတူရည်တူ ရှိတယ်ဆိုတာမျိုး ပြသချင်ပုံ ရတယ်လို့လည်း ဒီပညာရှင်တွေက သုံးသပ်ကြ ပါတယ်။

နောက်တပတ်မှာတော့ ပိုလို့လက်တွေ့ကျတဲ့ ပြဿနာတွေ ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီအရေး တရုတ်က ဘယ်လို သဘောထားသလဲ၊ လက်နက်တွေ ရောင်းချကူညီနေတာ ဘာသဘောလဲ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုအပေါ် သဘောထားက ဘာလဲ စသဖြင့် သဘောထားတွေကို တင်ပြချင်ပါတယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

1 comment:

လင်းဦး(စိတ်ပညာ) said...

ဆောင်းပါး ဆက်တိုက်လာဖတ်ပါ၏

အဆင်ပြေပါစေ

Recent Comments