Pages

Friday, December 31, 2010

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၃)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ တရုတ်နိုင်ငံ၊ ယူနန် တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေး ချက်တွေလည်း စိတ်ဝင်စားဖွယ် အများအပြား ပါဝင်ပါတယ်။ ဒီတပတ် မှာတော့ တရုတ်ပြည်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို လေ့လာ ဆန်းစစ်ထားတာကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဘယ်လိုမူဝါဒတွေ ထားရှိ ဆက်ဆံနေ တယ်ဆိုတာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ကိစ္စ တခု ဖြစ်ပါတယ်။ ဒီတပတ် မှာတော့ ဒီမူဝါဒအပေါ် သုံးသပ်ဖော်ပြထားတဲ့ ယူနန်တက္ကသိုလ် အရှေ့ တောင်အာရှ လေ့လာရေး ဌာနက ဒါရိုက်တာ ပါမောက္ခလီ ချန်ယန်း (Li Chenyang) နဲ့ စင်္ကာပူ အမျိုးသားတက္ကသိုလ် အရှေ့အာရှ လေ့လာရေးဌာန က သုတေသနပညာရှင် လိုင်း လီယန် ဖုက် (Lye Liang Fook) တို့ ပူးတွဲရေးသားထားတဲ့ စာတမ်းကို ဖော်ပြချင်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတခု ဖြစ်လေတော့၊ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ အပြုသဘော ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့ တရုတ်က ဖိအားပေးတိုက်တွန်းတာတွေ လုပ်သင့် တယ်လို့ မြင် ကြပါတယ်။ အထူးသဖြင့် ၂၀၀၇ သံဃာတွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို သွေးထွက်သံယို ချေမှုန်းမှု တွေအပြီး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနောက်ပိုင်း အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကြုံ လာရတဲ့အခါ၊ တခါ ၂၀၀၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင် ပြစ်ဒဏ်ထပ်မံချမှတ်ပြီးတဲ့နောက်မှာ အဲသလို တရုတ်အပေါ် ပြောဆိုဝေဖန် သံတွေက ပိုကျယ်လောင်လာခဲ့ပါတယ်။ တရုတ်ကိုလည်း အင်အားကြီး နိုင်ငံတခုရဲ့ တာဝန်ပျက်ကွက်တယ်လို့ ဆိုလာကြ ပါတယ်။

တကယ်တော့ တရုတ်ပြည်က မြန်မာပြည်အပေါ် သြဇာညောင်းဖို့ ဒီလောက်မလွယ်ဘူးလို့ ပါမောက္ခ လီချန်ယန်း က ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံကြားရှုပ်ထွေးပွေလီတဲ့ ဆက်ဆံရေး အခြေအနေတွေ ရှိလို့ပါ။ တချိန်က တရုတ်က မြန်မာအစိုးရကို ဖြုတ်ချနိုင်ဖို့ ဗမာကွန်မြူနစ်တွေကို လက်နက်လူသူ ထောက်ပံ့ပေးမှုတွေ ရှိခဲ့ဖူးပါတယ်။ တခါ မြန်မာနိုင်ငံ မှာ ၁၉၈၈ လူထုအုံကြွမှုကြီးအပြီး၊ နောက်တနှစ် ၁၉၈၉ မှာ သူတို့မှာလည်း တီယင်အန်မင် အရေးအခင်းကြီး ကြုံရလို့ အနောက်နိုင်ငံတွေက ပြစ်တင်ဝေဖန်ခံရတဲ့ ဘ၀တူ ဖြစ်လာပြန် ပါတယ်။ ၁၉၈၉ မှာပဲ ဘာလင်တံတိုင်းပြိုကျမှု၊ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲတာတွေ ကြုံရတဲ့အခါ ကွန်မြူနစ်အယူအဆက တကမ္ဘာလုံးမှာ ဆက်လက်ရှင်သန်နိုင်ပါ တော့မလားလို့ တွေးပူလာရပါတယ်။ ဒီအခြေအနေမှာပဲ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ချိန်ညှိနေရတာပါ။ အခြေခံအားဖြင့် ဘန်ဒေါင်း အခြေခံမူ ၅-ချက် အတူတကွငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ရေးမူကို ကျင့်သုံးတယ် ဆိုပေမယ့်၊ တရုတ်က မြန်မာ ပြည်အပေါ် ထားတဲ့ မူဝါဒတွေရဲ့ တကယ့်ရည်ရွယ်ချက်ကို သိဖို့ အရေးကြီးတယ်လို့ ပညာရှင် ၂-ဦးက ဆိုကြပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေး မူဝါဒရဲ့ ရည်ရွယ်ချက်က ၆- ချက်ရှိတယ်လို့ သိရပါတယ်။

ပထမရည်ရွယ်ချက်က- တရုတ်နိုင်ငံ အနောက်တောင်ဖက်ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ပေါက်ချင် တယ်လို့ ဆိုပါတယ်။ တရုတ်က သူ့ကိုယ်သူ သမုဒ္ဒရာတခုပဲ ပိုင်တဲ့နိုင်ငံလို့ မြင်ပါတယ်။ အမေရိကန်က သမုဒ္ဒရာ ၂-ခု ပိုင်ပါတယ်။ (အတ္တလန် တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေပါ။ ရုရှားနိုင်ငံကတော့ သမုဒ္ဒရာ ၃-ခု ပိုင်ပါတယ်။ (အတ္တလန်တိတ်၊ ပစိဖိတ်နဲ့ အာတိတ် သမုဒ္ဒရာပါ။) အကယ်၍ မြန်မာပြည်ကို ဖြတ်လို့ အိန္ဒိယသမုဒ္ဒရာကို လမ်းပေါက်နိုင်ခဲ့ရင် သူ့ရဲ့ပထ၀ီဆက်ဆံရေးအနေ အထားပါ ပြောင်းသွားနိုင်တယ်လို့ မြင်ပါတယ်။ "သမုဒ္ဒရာ တခုကနေ သမုဒ္ဒရာ ၂-ခု မဟာဗျူဟာ" လို့လည်း ခေါ်ဝေါ်သုံး နှုန်းကြပါတယ်။ မြန်မာပြည်က သူတို့ကို အသုံးချမှာကို စိုးရွံ့နေနိုင်တော့ တရုတ်က ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ လည်းဆိုပါတယ်။ ပညာရှင်တွေ သုံးသပ်ချက်ရှိနေပေမယ့် တရုတ်အစိုးရကတော့ အခုလို "သမုဒ္ဒရာ ၂-ခု ဗျူဟာ" ကို တရားဝင် ထုတ်ပြောတာ တွေ မရှိသေးပါဘူး။

ဒုတိယရည်ရွယ်ချက်ကတော့- နယ်စပ်ဒေသတွေမှာ လုံခြုံရေး-တည်ငြိမ်ရေး ထိန်းသိမ်းထားဖို့ ဖြစ်ပါ တယ်။ တရုတ်-မြန်မာ နယ်စပ်က ကီလိုမီတာ ၂, ၂၀၄ ရှည်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရက ထိထိ ရောက်ရောက် ထိန်းချုပ်ထားနိုင်တဲ့ ဒေသ ကီလိုမီတာ ၃၀၀ အောက်ပဲ ရှိပါတယ်။ တခါ အရင်ကွန်မြူနစ် သူပုန်တွေက ခွဲထွက် လာတဲ့ ကိုးကန့်လို၊ ၀လို တိုင်းရင်းသားအင်အားစု တွေ၊ ကချင်လို အမျိုးသားရေး တောင်းဆို တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်တပ်တွေ ပေါင်း လိုက်ရင် အင်အား ၄၀,၀၀၀ လောက် တပ်တွေ ရှိနေပါတယ်။ အဲသည်တော့ ဒီဒေသတွေကို အခြေပြုပြီး အမေရိကန်၊ အိန္ဒိယ၊ တိုင်ဝမ်စသဖြင့် နိုင်ငံ တွေက တရုတ်သတင်းတွေ ထောက် လှမ်းတာမျိုး လုပ်မှာ ပူသလို၊ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်တဲ့ ဘိန်း ကုန်ကူးမှု၊ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ၊ ငွေကြေး ခ၀ါချမှု၊ လောင်း ကစားမှု၊ တရားမ၀င် တရုတ်ငွေ သယ်ထုတ်မှု စတဲ့ ပြဿနာတွေကိုလည်း တရုတ်က စိုးရိမ်နေပါတယ်။ ၁၉၉၀ ခုနှစ်မှာ တရုတ်အစိုးရ က မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံဖို့ တိကျတဲ့ မူဝါဒတွေတောင် ပြဌာန်းထားခဲ့တယ် ဆိုပါတယ်။ အဲဒီမူကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ စစ်ရေး ကူညီပံ့ပိုးမှု၊ စီးပွားရေး ထောက်ပံ့မှု မပေးရဘူး။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေအနေနဲ့ ယာယီသဘော အသိအမှတ်ပြုပြီး စီးပွား ကုန်သွယ်မှုကို လက်ရှိပေးတဲ့ အနေအထားအရ ဆောင်ရွက်နိုင်တယ်။ ခေါင်းဆောင် တွေနဲ့ အဆင်ပြေရင် အပြုသဘော တည်ဆောက်မှု လုပ်ငန်းတွေလည်း လုပ်နိုင်တယ်။ ဒါပေမယ့် သိပ်ပြီး အလွန်အကျွံ မဖြစ်စေနဲ့လို့ မှာထားပါတယ်။ ၁၉၉၇ ခုနှစ်၊ မတ်လမှာ နယ်စပ်ဒေသတွေကို ဘယ်လိုပူးပေါင်း စီမံမယ်ဆိုတဲ့ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် လည်း သိပ်တိုးတက်မှု မရှိခဲ့ပါဘူး။ တခါ ၂၀၀၄ ဒီဇင်ဘာမှာ တရုတ်ပြည်သူ့ တပ်မတော် ဒု-စစ်ဦးစီး အရာရှိချုပ် ဂီ ဇန်ဖန်း (Gi Zhenfeng) နဲ့ မြန်မာဖက်က ဗိုလ်ချုပ်ရွှေမန်းတို့က တရုတ်-မြန်မာ နယ်စပ်အရေးအတွက် အစည်းအဝေးတွေ ကျင်းပ နိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့၊ ဆက်သွယ်နိုင်ဖို့ တရုတ်-မြန်မာ တပ်မတော် ၂-ခုအကြား စနစ်တရပ်ထူထောင်ဖို့ နားလည်မှုစာချွန် လွှာကို လက်မှတ်ထိုးခဲ့ ပြန်ပါတယ်။ အခုတော့ မြန်မာနယ်စပ် လုံခြုံရေးအတွက် အရင် လက်နက်ကိုင်နယ်စပ် ရဲတွေ အစား ၂၀၀၃ ခုနှစ်ကစပြီး တရုတ်ပြည်သူ့ တပ်မတော်ကို တာဝန်ပြောင်းပေးခဲ့ရပါတယ်။

တတိယ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ လောင်စာစွမ်းအင် လုံခြုံရေးကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံ စီးပွား ရေး ပိုမိုတိုးတက်လာတာနဲ့အမျှ လောင်စာအပေါ် ပိုမှီခိုလာရပါတယ်။ ၂၀၀၈ ခုနှစ်မှာ တင်သွင်းတဲ့ လောင်စာအပေါ် ၅၀% မှီခိုနေရပါတယ်။ ၂၀၂၀ ခုနှစ်မှာဆိုရင် ၆၀% လောက်အထိ မှီခိုရဖို့ အကြောင်းရှိနေပါတယ်။ ဒီလောင်စာတွေကို မလက္ကာ ရေလက်ကြားက ဖြတ်သယ်နေရတာ ကုန်ကျ စရိတ်များ၊ လုံခြုံမှုလည်း နည်းပါတယ်။ ဒါကြောင့် အခြား လောင်စာလမ်းကြောင်းတခု ရွေးဖို့ လိုအပ်လာ ပါတယ်။ တရုတ်ပညာရှင်တွေက မြန်မာနိုင်ငံကိုဖြတ် ပိုက်လိုင်းသွယ်ဖို့ ၂၀၀၄ ခုနှစ် ကတည်းက အကြံပေး တိုက်တွန်း နေခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံက ဓာတ်ငွေ့တွေ ရနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ သိုက်က ၂. ၅၄ ထရီလီယံ ကုဗမီတာလောက် ရှိတယ်လို့ မှန်းထားကြတော့၊ အဲဒီပမာဏဟာ တရုတ်နိုင်ငံက ဓာတ်ငွေ့လက်ကျန်သိုက်နဲ့ ပမာဏ တူတူလောက် ရှိနေတယ်ဆိုတော့ မက်စရာကြီးပါ။ နောက်တပတ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးမူဝါဒရဲ့ ကျန်ရှိနေသေးတဲ့ ရည်ရွယ်ချက် (၃) ခုနဲ့ ကျန်တဲ့ သဘောထားတွေ အကြောင်းကို ဆက်လက်တင်ပြပါဦးမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments