Pages

Saturday, December 25, 2010

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၂)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို အခုအပတ်ကစပြီး တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ တရုတ်ပြည်၊ ယူနန်တက္ကသိုလ်က တရုတ် ပညာ ရှင်တွေရဲ့ ဆွေးနွေးချက်တွေလည်း အများအပြား ပါဝင်ပါတယ်။ ဒီတပတ် တော့ တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာဆန်းစစ်ထားတာကို တင်ပြ မှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒီတပတ်ကစလို့ တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း ဒီစာအုပ်ရဲ့ တခန်း ကို စတင် တင်ပြလိုပါတယ်။ ယေဘုယျအားဖြင့် တရုတ်-မြန်မာဆက်ဆံရေး ကို ရှုမြင်ကြရာမှာ အမြင် ၂- ရပ်ကွဲပြားနေတယ်လို့ စာတမ်းတစောင်တင်ပြ သူ အိန္ဒိယနိုင်ငံ၊ Observer Research Foundation ၊ နိုင်ငံတကာဆက်ဆံ ရေး စင်တာက ပညာရှင် ကေ ဟုမ်း (K. Yhome) က ဖော်ပြပါ တယ်။ပထမအမြင်ကတော့ "တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု" ဆိုတဲ့ အမြင်အပေါ် အခြေခံပါတယ်။ အင်အားတောင့်တင်းကြီး ထွားလာတဲ့ တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံက စစ်ရေး-နိုင်ငံရေး-စီးပွားရေး အရာကိစ္စအားလုံး မှီခိုအားထားနေရပြီ၊ မြန်မာ နိုင်ငံဟာ တရုတ် လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံတခုလို ကျရောက်သွားနေပြီ။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မဟာ ဗျူဟာ မြောက် 'စစ်တုရင်နယ်ရုပ်' တခုလို ဖြစ်နေပြီဆိုတဲ့ သုံးသပ်ချက်ပါ။ မြန်မာအတိုက်အခံ အင်အားစုတွေကလည်း ဒီလို သုံးသပ်ချက်မျိုးတွေရှိကြောင်း စာရေးသူက ပြောပါတယ်။ နောက်အမြင်တရပ်ကတော့ သမိုင်းစဉ် တလျှောက် ဆက်ဆံရေး ကို ပြန်ကြည့်လို့ မြန်မာနိုင်ငံဟာ တရုတ်သြဇာခံမဟုတ်ဘူးလို့ ငြင်းဆိုတဲ့ အမြင်ပါ။ ဒီအမြင်က မြန်မာတွေရဲ့ အမျိုးသားရေး အယူဝါဒအပေါ် အခြေခံပါတယ်။ မြန်မာခေါင်းဆောင်တွေက ကိုလိုနီ ဆန့်ကျင်ရေးစိတ် ရှိတယ်။ နိုင်ငံခြားသား မုန်းတီး ဆန့်ကျင်ရေးစိတ်ရှိတယ်။ သမိုင်းတလျှောက်မှာလည်း တရုတ်-မြန်မာ ပဋိပက္ခတွေရှိခဲ့တယ်။ အခုလည်း တရုပ်ကို အရာ အားလုံး အားထားမှီခိုမှု မဖြစ်ရအောင် မြန်မာ ခေါင်းဆောင်တွေက နိုင်ငံခြားရေးမူဝါဒမှာ ကြံဆောင်နေကြတယ်ဆိုတဲ့ သုံးသပ်ချက် အမြင်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ကအာဏာသိမ်း တက်လာပြီး ၁၉၉၀ ခုနှစ်တွေက စလို့ မြန်မာ-တရုတ်ဆက်ဆံရေးက တိုးတက် လာခဲ့ပါတယ်။ စီးပွားရေးအရ ဆက်ဆံမှု၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း တမဟုတ်ချင်း များပြားလာခဲ့ပါ တယ်။ မြန်မာနိုင်ငံက လည်း တရုတ်တီကနေ ဈေးပေါပေါနဲ့၊ အကြွေးနဲ့ စစ်လက်နက်ပစ္စည်း အလုံးအရင်း တင်သွင်းလာခဲ့တာတွေလည်း ရှိပါ တယ်။ ၂-နိုင်ငံ ခေါင်းဆောင်တွေလည်း ချစ်ကြည်ရေးခရီးတွေ ဖလှယ် ခဲ့ကြပါတယ်။ မြန်မာ့အရေး လေ့လာနေသူ သတင်း ထောက် လယ်ရီ ယေဂင်ရဲ့ ဆောင်းပါး တင်ပြချက် အရ ဆိုရင်- ၂၀၀၈ ခုနှစ် စာရင်းတွေအရ မြန်မာပြည်မှာ နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုရဲ့ ၉၀% ဟာ တရုတ် ပြည်ကပါ။ ဒေါ်လာသန်း ၁,၀၀၀ လောက်အထိ ရှိပြီး၊ အများစုက ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ သဘာဝ အရင်း မြစ်ထုတ်လုပ်ရေး၊ ရေအားလျှပ်စစ်ကိစ္စတွေမှာ မြှုပ်နှံနေတာပါ။ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုက ၂၀၀၈ ခုနှစ် စာရင်းအရ ဒေါ်လာသန်း ၃,၀၀၀ လောက်ရှိပါတယ်။ နိုင်ငံရေးအရလည်း အနောက်နိုင်ငံတွေ က မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်လာရင် တရုတ်က ကာဆီးကာဆီး လုပ်ပေးခဲ့ပါတယ်။ အဲဒါအပြင် တရုတ်က အခု အခါမှာ မြန်မာနိုင်ငံကိုဖြတ်ဖောက်မယ့် ဓာတ်ငွေ့-ရေနံပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စသဖြင့်ကနေ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖက်ကို ဆက်မယ်။ မဟာဗျူဟာအရ စိတ်ဝင်စားမှု ရှိနေတယ်လည်း ဆိုကြပါတယ်။ ကိုကိုး ကျွန်းမှာ တရုတ်က ရေဒါစခန်းတွေ ဆောက်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ မြန်မာ ပြည်ထဲမှာ တရုတ်နွယ်ဖွားတွေ အများအပြား ရောက်လာနေတာလည်း ရှိပါ တယ်။ ဒီလိုဆိုရင် တရုတ်ပြည်က မြန်မာ အပေါ် သြဇာလွှမ်းသွားတော့မှာလား။ မြန်မာပြည်ကရေး တရုတ် လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံတခုအဖြစ် ကျရောက် သွားတော့မှာလား မေးစရာ ရှိနေပါတယ်။

ပညာရှင် ကေ ဟုမ်းကတော့ မြန်မာနိုင်ငံရဲ့ တုံ့ပြန်ပုံကို လေ့လာကြည့်ပါတယ်။ သမိုင်းအရလည်း ၁၉၅၀ ခုနှစ်များမှာ တရုတ်ဖြူကျူးကျော်စစ်ကို မြန်မာတပ်က အသေအလဲ ခံတိုက်ခဲ့ရဖူးပါတယ်။ တခါ တရုတ်ပြည်က ကျောထောက်နောက်ခံ ပေးခဲ့တဲ့ ဗမာကွန်မြူနစ် သူပုန်ထမှုကိုလည်း မြန်မာစစ်တပ်က ခုခံခဲ့ရဖူးပါတယ်။ အခုအခါမှာ တရုတ်နဲ့ တဖက်မှာ ဆက်ဆံရေး ကြီးထွားနေပေမယ့် မြန်မာစစ်အစိုးရက တရုတ်အပေါ် တဖက်သတ်မှီခိုအားထားရမှု နည်းရလေအောင် လုပ်ဆောင်နေတာတွေ ရှိတယ်လို့ သူက သုံးသပ်ပြပါတယ်။ မြန်မာနိုင်ငံက တရုတ်အပြင် အာဆီယံအဖွဲ့၊ BIMSTEC လို့ခေါ်တဲ့ တောင်အာရှ နိုင်ငံတွေအဖွဲ့၊ အခြားနိုင်ငံ တကာ မျက်နှာစာတွေကိုလည်း ဖြန့်ထားပါတယ်။ တရုတ်သြဇာကြီးထွားမှုကို စိုးရိမ်နေတဲ့ အိန္ဒိယအပေါ်မှာ လည်း ကောင်းကောင်း အသုံးချနိုင်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုတောင် ဖြန့်ခွဲချထားတယ် လို့ သူက သုံးသပ်ပါတယ်။ ဥပမာပြရရင်- ကျောက်ဖြူဆိပ်ကမ်းကို တရုတ်ကိုပေးတယ်။ ဒါပေမယ့် စစ်တွေ ရေနက်ဆိပ် ကမ်းကျတော့ အိန္ဒိယ မြှုပ်နှံမှု၊ ထားဝယ်ဆိပ်ကမ်းကျတော့ ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ သူကတော့ မြန်မာစစ်အစိုးရဟာ မဟာဗျူဟာမြောက် ကာကွယ်ခုခံမှုသဘော ကျင့်သုံး သလို၊ အခြားနိုင်ငံတွေကလည်း တရုတ်ကို ပြန်လည်ထိန်းညှိရေးလုပ်ကြတာတွေ ရှိတယ် ဆိုပါတယ်။ တရုတ်နိုင်ငံကိုယ်တိုင်ကလည်း နိုင်ငံတကာက သူ့ကိုတိုက်တွန်းနေကြသလို မြန်မာစစ်အစိုးရအပေါ် နားချဖို့ သြဇာအလုံအလောက် မရှိဘူးဆိုတာ ၀န်ခံပါတယ်။ သူတို့ ကိုယ်တိုင် ပျော့ပျော့ပြောင်းပြောင်း နားချတဲ့နည်းကို သုံးရတယ်လို့ တရုတ်သံအမတ်တွေက ၀န်ခံပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ ကိုယ်၌က တရားဝင်မှုမရှိတာ၊ လူထုတွေ မကျေနပ်ကြတာကိုလည်း ကောင်းကောင်း သဘောပေါက်ပါ တယ်။ စိတ်ဝင်စားစရာကတော့ ၂၀၀၇ ခုနှစ် နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ "ဒီမိုကရေစီ" ဆိုတဲ့ ဝေါဟာရ စတင်သုံးနှုန်း လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ကိုတော့ တရုတ်က တိုက်တွန်းခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ သင့်မြတ်ရေးပြန်လည်ရစေဖို့ တရုတ်နိုင်ငံက ဘယ်လိုစွမ်းဆောင်ပေးနိုင်ပါသလဲ။ စစ်ခေါင်း ဆောင်တွေကို ဘယ်လောက်အထိ နားချနိုင်ပါသလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တရုတ်နိုင်ငံက မြန်မာပြည်ထဲ အကျိုးစီးပွားတွေ များလာတဲ့အခါ ပိုလို့ အနီးကပ် စောင့်ကြည့်လေ့လာနေရပါတယ်။တချိန်က ဗိုလ်ချုပ်ခင်ညွန့်နဲ့ တရုတ်ပြည်က အလွမ်းသင့်ခဲ့ပါတယ်။ ရုတ်ချည်း ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့် ဖြုတ်ချ ဖယ်ရှားခံရတဲ့ အခါ သူတို့ အငိုက်မိကြရပါ တယ်။ သူတို့စိုးရိမ်တာက မြန်မာပြည်ရဲ့ ရေရှည်တည်ငြိမ်ရေး ပြဿနာပါ။ စစ်တပ်အတွင်း ကွဲပြဲအာဏာသိမ်းကြမှာ၊ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ပြန်စလာမှာ မလိုလားပါဘူး။ မြန်မာစစ်အစိုးရက အရေးပါတဲ့ မဟာမိတ် အင်အားစု ဖြစ်ပေမယ့်လည်း တရုတ်က မြန်မာစစ်ဗိုလ်ချုပ်တွေကြားထဲမှာ တရုတ်ပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ စခဲ့တဲ့ တိန့်ရှောင်ဖိန်လို ခေါင်းဆောင်မျိုးကို ရှာနေတယ်လို့ ဆိုပါတယ်။ တခုခု နောက်တခါအပြောင်းအလဲတွေဖြစ်ရင် သူတို့ အလစ် အငိုက် မဖြစ်ရအောင်ပါ။ တဖက်မှာလည်း မြန်မာစစ်ဗိုလ်ချုပ်တွေကို သူတို့က သိပ်တွန်းရင် အနောက်ဖက်နိုင်ငံ တွေနဲ့ နီးကပ်သွားမယ်လို့လည်း စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ မထင်မှတ်တာတွေလုပ်တတ်ပြီး၊ အစိုးမရတဲ့ သဘော ရှိတာကိုလည်း မြင် နေရပါ တယ်။နေပြည်တော်ကို မြို့တော် မပြောမဆိုရွှေ့ပစ်တာ၊ ကိုးကန့်နယ်စပ်မှာ တိုက်ပွဲတွေ လုပ်ခဲ့တာမျိုးပါ။ အဲဒီတော့ တရုတ်သြဇာလည်း ထင်တိုင်းမပေါက် ဖြစ်နေရပါတယ်။ နောက်တပတ်မှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ တရုတ်က ချမှတ်ထားတဲ့ မူဝါဒတွေအကြောင်း ဆက်လက်တင်ပြပါဦးမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments