Pages

Friday, December 17, 2010

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ (၁)




ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက ပညာရှင်အများ စုပေါင်းရေးသား ထားကြတဲ့ စာတမ်းအစု "မြန်မာနိုင်ငံ အပြောင်း အလဲအတွက် အလား အလာများ" ဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို အခုအပတ်ကစပြီး တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ် က အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်က တရုတ်ပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေလည်း အများအပြား ပါဝင်ပါ တယ်။ ဒီတပတ်မှာတော့ စာအုပ်မိတ်ဆက်ကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒီတပတ်ကစလို့ "မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလားအလာများ" ဆိုတဲ့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေး ချင်ပါတယ်။ ဒီစာအုပ်က စင်္ကာပူနိုင်ငံက Select Books ကုမ္ပဏီရယ်၊ ဂျာမန်က Konard Adenauer Stiftung အဖွဲ့၊ တရုတ်နိုင်ငံက ယူနန်တက္ကသိုလ်တို့ ပူးပေါင်းထုတ်ဝေကြတာ ဖြစ်ပါတယ်။ ပညာရှင်နယ်ပယ်က စာအုပ်ဖြစ်တဲ့အတွက် ကြောင့်လည်း ပြင်ပမှာ ရှာဖွေဝယ်ယူဖို့ ခက်ခဲမယ် ယူဆတာကြောင့် မိတ်ဆက်ပေးချင် တာပါ။ အဲဒါအပြင်ဒီစာအုပ်အတွက် စိတ်ဝင်စားဖွယ် အကြောင်းအချက်တွေလည်း ရှိပါသေးတယ်။ ဒါကတော့ တရုတ်နိုင်ငံက ပညာရှင်အများအပြားကပါ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ၀င်ရောက် ဝေဖန်ရေးသား ထားကြတာ ဖြစ်ပါတယ်။ ဒီပညာရှင်တွေက ပိုပြီးလွတ်လပ်စွာ တွေးခေါ်ကြသူတွေ ဖြစ်ပေမယ့်၊ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ စီးပွားရေး-နိုင်ငံရေးအရ မဟာ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ဘယ်လိုစဉ်းစားနေကြသလဲ၊ မြန်မာနိုင်ငံကိစ္စတွေနဲ့ ပတ်သက်လာရင် တရုတ် နိုင်ငံရဲ့ မူဝါဒတွေက ဘာတွေရှိနေ သလဲဆိုတာကို တစေ့တစောင်း လေ့လာကြည့်နိုင်တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ဒီစာအုပ်အဖွင့်မှာ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနက ပါမောက္ခ လီ ချန်ယန်းက အခု စာအုပ်ဖြစ်လာ ပုံကို မိတ်ဆက်ပေးထားပါသေးတယ်။ မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်လို့ သုတေသနပြုမှုတွေ ပိုလိုအပ်တယ်လို့ဆိုပြီး၊ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဟောင်ကောင်တက္ကသိုလ် လူမှုသိပ္ပံရေးရာဌာနက ပါမောက္ခချုပ် အီယန် ဟောလီးဒေးက နိုင်ငံတကာ ဖိတ်ခေါ်ဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။ ဒီအစည်းအဝေး တွေကို ဂျာမာန်နိုင်ငံက KAD အဖွဲ့က ထောက်ပံ့ကူ ညီပေးခဲ့တယ် ဆိုပါတယ်။ ပထမအစည်းအဝေးကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာမှာ ဘန်ကောက်မှာ လုပ်ခဲ့ပါတယ်။ ဒုတိယ အစည်းအဝေးကိုတော့ တရုတ်နိုင်ငံ၊ ရှားမင်း (Xiamen) တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ အခုစာအုပ်အဖြစ် ထုတ်ဝေဖြစ်မယ့် ဆွေးနွေးပွဲကိုတော့ တရုတ် နိုင်ငံ၊ ကူမင်းမြို့က ယူနန်တက္ကသိုလ်မှာ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှာ ဆောင်ရွက်ခဲ့တာပါ။ ဟောင်ကောင် တက္ကသိုလ်ကလည်း ပူးပေါင်းပြီး ဒီဆွေးနွေးပွဲကို စီစဉ်ခဲ့တာပါ။ ဒီအစည်းအဝေးမှာ ပညာရှင်တွေ တင်ပြခဲ့ ကြတဲ့ လေ့လာချက်စာတမ်းတွေကို စုပြီး အခုလို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၁၉၅၈ ခုနှစ် တပ်မတော်က အိမ်စောင့်အစိုးရဆိုပြီး ခေတ္တထိန်းသိမ်းခဲ့တဲ့ကာလကို ပြန်တွက်ရင် စစ်တပ် အုပ်ချုပ်ရေးအောက်မှာ နှစ်-၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုတခါ စစ်အာဏာသိမ်းတာကတော့ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ ရေးအုံကြွတောင်းဆိုမှုတွေကို ချေမှုန်းပြီးတော့ တက်လာတာပါ။ ၁၉၉၀ ခုနှစ်မှာ ရွေး ကောက်ပွဲ ကျင်းပပေးပေမယ့်လည်း စစ်တပ်က အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာလွှဲ မပေးခဲ့ပါဘူး။ အဲဒီနောက်မှာ နိုင်ငံတကာက ပြင်း ပြင်းထန်ထန် ဝေဖန်မှုတွေနဲ့အတူ ဒဏ်ခတ်အရေးယူမှုတွေ ကိုပါ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ကာလကြာရှည်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ်ကို အခန်းကဏ္ဍ တခုခုတော့ ပေးရမယ်ဆိုတာ သဘောပေါက်လာကြပါတယ်။ ဒီမိုကရေစီ အင်အားစုတွေကတောင် တိုင်းရင်း သားတွေရယ်၊ သူတို့ရယ်၊ စစ်တပ်ရယ် ၃-ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုနေတာပါ။ ကုလ သမဂ္ဂ ကလည်း မြန်မာပြည်ပြဿနာအတွက် အထူးသံ ၂ ဦး ခန့်ခဲ့ပြီးပါပြီ။ သူတို့လည်း သွားလိုက်ပြန်လိုက်နဲ့ မအောင် မြင်ခဲ့ကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေကလည်း အပြုသဘောဆက်ဆံရေးဆိုပြီး ချည်းကပ်ပါ တယ်။ အမှန် အလုပ်မဖြစ်ခဲ့ပါဘူး။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတခုတည်းနဲ့လည်း အပြောင်းအလဲတွေ ဖြစ်ဖို့ လမ်းဝေးနေ ပါတယ်။ တရုတ်နိုင်ငံကတော့ သူများပြည်တွင်းရေးကို ၀င်မစွက်တဲ့မူကို ကိုင်စွဲထားလို့ မြန်မာပြည်အရေးမှာ လက်ရှောင်နေတယ် ဆိုပြီး နောက်ဆုံးဝေဖန်မှုတွေ သူ့အပေါ် ပစ်မှတ်လို ပုံကျလာနေပါတယ်။ ဒီအချိန်မှာပဲ အခုလို တရုတ်ပညာရှင်တွေ သုံးသပ်ချက်ကို ဖတ်ကြရမှာပါ။

ဒီစာအုပ်ကို အပိုင်း ၄-ပိုင်း ခွဲခြားထားပါတယ်။ တပိုင်းက မြန်မာနိုင်ငံ မူဝါဒတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ အပြောတွေက ဘာလဲ၊ လက်တွေ့အခြေအနေက ဘာလဲ သုံးသပ်ထားတဲ့ အခန်းပါ။ ဒုတိယ အခန်းမှာတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာထားပါတယ်။ တတိယအခန်းမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ အပြုသဘောဆက်ဆံရေးမူကို လေ့လာထားတာ ဖြစ်ပါတယ်။ စတုတ္ထအခန်းမှာတော့ မြန်မာနိုင်ငံနဲ့ အခြား အင်အားကြီးနိုင်ငံတွေကြားက ဆက်ဆံရေး ရှေ့အလား အလာနဲ့ ရုန်းမထွက်နိုင်တဲ့ မနှစ်မြို့ဖွယ်နွံတွင်းထဲကျနေတဲ့ အခြေ အနေမျိုးကို တင်ပြထားတာဖြစ်ပါတယ်။ ဆွေးနွေး ရေးသားကြသူတွေထဲမှာတော့ ဒေးဗစ် စတိုင်းဘာ့ဂ်၊ Lex Rieffel တို့လို အမေရိကန် ပညာရှင်တွေ၊ Andrew Selth လို မြန်မာပြည် စစ်ရေး-လုံခြုံရေးနဲ့ ပတ်သက်လို့ လေ့လာနေသူ သြစ တြေလျ ပညာရှင်တွေ၊ ဟန်ညောင်ဝေလို မြန်မာ့အရေးလှုပ်ရှားနေသူတွေ၊ Derek Tonkin တို့လို ဗြိတိန် သံအမတ် ဟောင်း၊ ပါဗင် ချာချာဝါပုန်ပန်လို ထိုင်းသံဝန်ထမ်းဟောင်းတွေ၊ လာရီ ဂျေဂင်လို သတင်းထောက်တွေလည်း ပါဝင်ပါ တယ်။ ဒါပေမယ့် အများစုကတော့ တရုတ်ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ အကြောင်းအရာတွေကလည်း ဖက်စုံလှပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကနေ၊ မြန်မာပြည်မှာ အဏုမြူ စီမံကိန်း တကယ် ရှိနေသလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရှေ့အလားအလာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ချက်၊ တရုတ်နိုင်ငံရဲ့ "တောင်ဖက်မျှော်" မူဝါဒ၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ အိန္ဒိယ-တရုတ်-မြန်မာ၊ တခါ တရုတ်-မြန်မာ- အမေရိကန် စသဖြင့် ၃ ပွင့်ဆိုင် နိုင်ငံ ခြားရေး မူဝါဒဇာတ်လမ်းတွေလည်း ပါဝင်ပါသေးတယ်။ စာအုပ်ကို ယူနန် တက္ကသိုလ်က ပါမောက္ခ လီချင်ယန်းနဲ့ ၀ီလ်ဟိမ်း ဟော့ဖ်မိစ်တာ (Wilhelm Hofmeister) တို့က တည်းဖြတ် ထားပါတယ်။ နောက်တပတ်မှာတော့ လူအများက ပိုစိတ်ဝင် စားကြမယ် ယူဆတဲ့ တရုတ်-မြန်မာဆက်ဆံရေး အကြောင်း ဆောင်းပါးတွေ စတင်တင်ပြပါရစေ။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments