Pages

Monday, December 13, 2010

အရာအားလုံး ပြိုကွဲရခြင်း (၆)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမ်မာ လာကင် (Emma Larkin) ရေးသား တဲ့ အရာအားလုံး ပြိုကွဲရခြင်း၊ မြန်မာ စစ်အစိုးရ လက်အောက်ရှိ ဖော်ပြ မခံရသည့် ကပ်ဘေးဒုက္ခအကြောင်းဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို တင်ဆက်နေပါ တယ်။ အခုတပတ်မှာတော့ စာအုပ်အတွက် နောက်ဆုံးအပိုင်း "အရာအားလုံး ပြိုကွဲရခြင်း" ဆိုတဲ့ မုန်တိုင်းသင့်ပြည်သူတွေရဲ့ ဒုက္ခ တွေ၊ မြန်မာပြည်ရဲ့ အနာဂတ် မြင်ကွင်းအပေါ် စာရေးသူ သုံးသပ်ထားတာတွေကို ဆက်လက်တင်ပြမှာ ဖြစ်ပါ တယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ အမ်မာလာကင်က မုန်တိုင်းသင့်ခဲ့တဲ့ တခြားနေရာတွေလည်း ရောက်ပါ တယ်။ သူက လပွတ္တာက လက်ဖက်ရည် ဆိုင်ကလေးမှာ မနက်စာ စားရတာ ကြိုက်ပါတယ်။ သူတည်းတဲ့ တည်းခိုခန်းက "ဂမ်ဘာရီ"လို့ နာမည်ပြောင်မှည့်ခေါ်ထား တဲ့ ကလေးနဲ့ စကားပြောရတာလည်း ပျော်ပါတယ်။ ဒီကလေးက နာဂစ်မုန်တိုင်းသင့်ပြီးနောက် ခိုကိုးရာအဖြစ် အဲဒီတည်းခို ခန်းမှာ အလုပ်လုပ်နေတာပါ။ သူတို့ဆီက ဘ၀တွေမျိုးစုံအကြောင်းကို ကြားရပါတယ်။ အဲဒါအပြင် သူရောက်လေရာ နေရာတွေမှာ မုန်တိုင်းပြီးလို့သာ ၂-၃ လ ရောက်တော့မယ်။ နာလံမထူနိုင်သေးတဲ့ ဘ၀တွေအကြောင်းတွေလည်း ကြားရပါတယ်။ အစိုးရဖက်က တခြားပြည်နယ်/တိုင်းတွေက ကျွဲ-နွားတွေ ယူလာပြီး နာဂစ်ဒေသက လယ်သမားတွေကို ကူညီ ပေးတယ်။ နိုင်ငံတကာ အဲန်ဂျီအိုတွေက စပါးမျိုးစေ့တွေ၊ လှေတွေ၊ ငါးဖမ်းပိုက်တွေ ကူညီကြတယ် ပြောပါတယ်။ ဒါပေမယ့် ဘ၀ တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ နာလံမထူနိုင်ကြပါဘူး။ တချို့သူကြုံရတာတွေ စရင်းတို့ ထားတာလည်း ဖော်ပြပါသေးတယ်။
ဒေါင်းချောင်းကျေးရွာ- လယ်သမား ၃၂ ယောက်၊ ရရှိသောထွန်စက်- ၅။
တခါ ဖိုးသင်းကန် ကျေးရွာ- လယ်သမား-၁၈ ဦး၊ ရရှိသောထွန်စက် -၂ ဆိုတာမျိုးတွေ၊
နီလောင်ရေ ကျေးရွာ- အိမ်ထောင်စု-၆၀၊ ကျန်ရှိတဲ့ ငါးဖမ်းပိုက်- ၁၇ ခု၊
အောင်လှိုင်ကျေးရွာ- အိမ်ထောင်စု ၆၁ စု၊ ကျန်ရှိလှေ ၉ စင်း အဲသလိုမျိုး ရွာတွေမှာ လှေကျန်သူက ပိုက်မရှိ၊ ပိုက်အကူအညီရသူက လှေမရှိ ဆိုတာမျိုးတွေ တွေ့ရပါတယ်။ မုန်တိုင်း ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစီရင်ခံစာတွေကိုလည်း သူက နည်းနည်းတော့ ထေ့ငေါ့ဖော်ပြခဲ့ပါသေးတယ်။

"မြစ်ဝကျွန်းပေါ်ဒေသ အတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာပြီ" ဆိုတာမျိုး အကောင်းဖက်က ဖော်ပြကြတာပါ။ ကုလသမဂ္ဂရဲ့ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) အစီရင်ခံစာတခုမှာဆိုရင် အခုဆိုရင် မြစ်ဝကျွန်းပေါ်က လယ်မြေ ၉၇% မှာ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းတွေ ပြန်ထူထောင်နေပြီ ဆိုတာမျိုး ဖော်ပြခဲ့ပါတယ်။ ဒါဆိုရင် သူတွေ့ခဲ့တဲ့ လယ်ယာမထူထောင်နိုင် သေးတဲ့ ရွာတွေက အဲဒီစာရင်း ကျန်တဲ့ ၃% ထဲက ဖြစ်မှာပေါ့လို့ တွေးမိတဲ့အကြောင်းလည်း ဒီစာအုပ်ထဲမှာ ဖော်ပြခဲ့ပါ သေးတယ်။

မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးကို စစ်အစိုးရက စနစ်တကျ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ချက်ချင်းဆိုသလို ပဲ အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးပြီ ကြေညာပြီး၊ မုန်တိုင်းသင့် ဒုက္ခသည်တွေကို လူမြင်ကွင်းတွေက အတင်း ဖျောက်ပစ်ခဲ့တာပါ။ မြန်မာလူမျိုးတွေ ဆိုတာက သေဆုံးတဲ့သူတွေကို သဂြိုင်္ဟ်ရင် ဘယ်လိုဘယ်ပုံ လုပ်ဆောင်ရတယ်၊ နောက်ဘ၀ဆိုတာ ဘယ်သို့ စသဖြင့် အတော်အစွဲအလမ်းကြီးတတ်ကြတဲ့ လူမျိုးပါ။ အခုသူတွေ့ခဲ့ရတဲ့သူတွေံမှာ တနည်း မဟုတ် တနည်း စိတ်ရောဂါတွေ ခံစားနေရပါသေးတယ်။ လူသေအလောင်းတွေ အများကြီး မြင်မကောင်းလောက်အောင် တွေ့ခဲ့ရသူတွေ၊ သူတို့ချစ်ခင်ရသူတွေက အိပ်မက်ထဲမှာ သူတို့ကို ခေါ်နေသံတွေ ကြားရတာ၊ အိပ်နေရင်း သူတို့ကို လက် တွေက လာဆွဲနေတာ စသဖြင့် လူအတော်များများက သူတို့စိတ်ဒဏ်ရာကို တနည်းမဟုတ် တနည်း ဖော်ပြနေကြပါတယ်။ ဒါတွေကို စစ်အစိုးရ က မမှုပါဘူး။ ဒီလူတွေက သူတို့အဖြစ်ဆိုးကြုံခဲ့ရတဲ့ နေရပ်ရင်းကို မပြန်ချင်တာတောင် အတင်းကာရော ပြန်နှင် လွှတ်ခဲ့ပါတယ်။ဒုက္ခသည်စခန်းတွေမှာ အလကားစားနေရတာ ကြာရင် ပျင်းကုန်မယ်၊ အကျင့် စာရိတ္တပျက်စီး ကုန်မယ် အကြောင်း ပြပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖားရှာ-ငါးရှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှင်သန်လို့ ရတယ်လို့လည်း သတင်းစာဆောင်းပါး တွေက တိုက်တွန်းရေးခဲ့ပါတယ်။ လပွတ္တာမှာရှိတဲ့ ၅-မိုင်စခန်း၊ ၇-မိုင် စခန်းတွေကို ပိတ်ပစ်ပြီး၊ လူမြင်ကွင်းနဲ့ ဝေးရာဒေသ တွေကို မဖြစ်စလောက် ယာယီအထောက်အပံ့လေးတွေ ပေးပြီး ပြန်ခိုင်းပါတယ်။ လပွတ္တာ စခန်းပိတ်ဖို့ အမိန့်ပေးလာတုန်း က ၀န်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန် ကားရှေ့မှာ အမျိုးသမီးတွေ တုံးလုံးလှဲပြီး လမ်းပိတ် အသနားခံခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ပြောနေတာတွေကို စစ်ဗိုလ်ချုပ်တွေ နားထောင်နိုင်တဲ့နား မရှိပါဘူး။ တခါ မုန်တိုင်းကာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက် တကြိမ် မုန်တိုင်းဒဏ်လွတ်အောင် ကြိုတင်ပြင်ဆင်ရေး အစီအစဉ် တွေကို ပြောလာပါသေးတယ်။ ကမ်းရိုးတန်း တလျှောက် ဒီရေလွတ်အောင် တာတမံကြီးတွေဆောက်မယ်။ တရွာနဲ့တရွာ အကြား ဒီရေမရောက်နိုင်တဲ့ လမ်းကွန်ရက် တွေ ဖောက်မယ်လို့ ညွှန်ကြားခဲ့ပါတယ်။ အမ်မာလာကင်ကတော့ အကြံကတော့ အကောင်းသား၊ ဒါပေမယ့် အဲဒီမိန့်ခွန်း သာ အဲဒီမှာပဲ ပြီးသွားတယ်၊ အခုအချိန်အထိ အဲဒီတာတမံတွေ၊ ဒီရေလွတ်တဲ့ လမ်းကွန် ရက်တွေလည်း တကယ် ဖြစ်မလာခဲ့ဘူးလို့ ဝေဖန်ဖော်ပြခဲ့ပါသေးတယ်။

လူတွေရဲ့ဒုက္ခ တွေကလည်း ပုံစံစုံလှပါတယ်။ အခု အရာအားလုံးပြိုကွဲရခြင်းဆိုတဲ့ စာအုပ်နောက်ဆုံးအခန်း အစမှာပဲ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး တလပြည့်ကာလမှာ သံဃာတော်တပါး ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်မှာ ကိုယ့် ကိုယ်ကို လက်ဖျံကိုဓားနဲ့လှီးသတ်သေဖို့ ကြိုးစားတဲ့ အကြောင်းကို အသေးစိတ် ဖော်ပြခဲ့ပါသေးတယ်။ ၂၀၀၈ ထဲမှာပဲ ရွှေတိဂုံရင်ပြင်ပေါ်မှာ ကိုယ့်ကိုယ်ကို မီးတင်ရှို့ လုပ်ကြံသတ်သေတဲ့ လူတဦးလည်း ရှိခဲ့ပါတယ်။ သူတို့တင်မကပါဘူး။ ၂၀၀၆ ခုနှစ် ဇူလိုင်မှာ စစ်ပြန်ဟောင်းတဦးက ကုန်ဈေးနှုန်း ကျဆင်းရေး တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရပါတယ်။ ၂၀၀၇ ဧပြီမှာလည်း HIV ကိုယ်ခံ အားကျရောဂါပိုး စွဲကပ်နေသူ ဝေဒနာရှင်တဦးက သူတို့ကိုစောင့်ရှောက်ဖို့ တကိုယ်တော် အစိုးရ ကို တောင်းဆိုခဲ့ပါတယ်။ နောက်တလမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတဦးက မြို့တော်ခမ်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုရင်း ဆန္ဒပြခဲ့ပါတယ်။ ၂၀၀၇ သြဂုတ်လမှာလည်း အသက် ၆၁-နှစ် အရွယ် ဦးအုန်းသန်းက တကိုယ်တော် လောင်စာဆီဈေးလျော့ချပေးရေး ဆန္ဒပြလို့ အဖမ်းခံရပြန်ပါတယ်။ အဲသည်လို တကိုယ်တော် ဆန့်ကျင်ခဲ့ကြတဲ့သူတွေအပြင်၊ ၂၀၀၇ အဆန်းပိုင်းမှာ ရင်ဖွင့်သံလှုပ်ရှားမှုဆိုပြီး ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခတွေကို အာဏာပိုင်တွေဆီ စာရေးကြဖို့ဆိုပြီး ကိုမင်းကိုနိုင်အပါအ၀င် ၈၈-မျိုးဆက်ကျောင်းသားတွေက စည်းရုံးခဲ့ကြပါ သေးတယ်။ စာပေါင်းလည်း ၂,၆၀၀ ကျော်စုစည်းနိုင်ခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ အခုလို တကိုယ်တော်ရော၊ စုစည်းပြီး ရော လှုပ်ရှားဆန့်ကျင်ခဲ့ကြတဲ့ သတ္တိပြောင်သူတွေ မနည်းလှပါဘူး။ဒါပေမယ့် အခုအချိန်အထိ အပြောင်းအလဲတွေ မမြင် ရသေးပါဘူး။ စာအုပ်တနေရာမှာတော့ စာရေးသူ အမ်မာလာကင်က ဒုတိယကမ္ဘာစစ်က မဟာမိတ်တပ်က စစ်သားတွေကို မြုပ်နှံထားတဲ့ ထောက်ကြံ့ စစ်သချိုင်္င်းကို သွားကြည့်ရင်း အဲဒီက သူတွေ့ရတဲ့ စာသားလေးတခုကို ဖော်ပြရင်း မြန်မာပြည် က လှုပ်ရှား ရုန်းကန်နေကြသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။

" ကမ္ဘာကြီးအတွက်တော့ မင်းတို့ဟာ တယောက်တည်း ဖြစ်နေပေလိမ့်မယ်။ ဒါပေမယ့် ငါ့အဖို့ကတော့ မင်းတို့ ဟာ ကမ္ဘာကြီးတခုလုံးပါ" တဲ့။ နောက်တပတ်မှာတော့ စာအုပ်သစ်တအုပ်ကို ထပ်ပြီး မိတ်ဆက်ပေးပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments