Pages

Saturday, December 4, 2010

အရာအားလုံး ပြိုကွဲရခြင်း (၅)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမ်မာ လာကင် (Emma Larkin) ရေးသားတဲ့ အရာအားလုံး ပြိုကွဲရခြင်း၊ မြန်မာ စစ်အစိုးရ လက်အောက်ရှိ ဖော်ပြ မခံရသည့် ကပ်ဘေးဒုက္ခအကြောင်းဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို တင်ဆက်နေ ပါတယ်။ အခုတပတ်မှာတော့ တတိယ "အရာအားလုံး ပြိုကွဲရခြင်း" မုန်တိုင်းသင့် ပြည်သူတွေရဲ့ ဒုက္ခတွေကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အရင်ကတော့ ဧရာဝတီတိုင်းဟာ စိမ်းစိုတဲ့တောအုပ်တွေ၊ စိုက်ခင်းတွေ၊ ဒီရေ ရောက်တောတွေနဲ့ ဖုံးလွှမ်းနေရာ ဖြစ်ပါ တယ်။ ဒါပေမယ့် နာဂစ်မုန်တိုင်းအပြီး မှာတော့ လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။ အရင် စိမ်းစိုနေတဲ့ နေရာတွေမှာ၊ အညိုရောင်တွေ၊ အပျက်အစီးတွေ၊ ညစ်ပုတ်နေတဲ့ အရောင်တွေ ပြောင်းသွားတာ သိသိသာသာကြီး မြင်ရ ပါတယ်။
ရေအရောင်ကတောင် မကြည်မြနိုင်တော့ဘဲ နာဂစ်အရောင်လို့ခေါ်တဲ့ ညစ်ညိုပုတ်ပုတ် အရောင်ဖြစ်သွားတာကို မြင်ရသူ တွေက ပြောကြပါတယ်။ စာရေးသူ အမ်မာလာကင်ကတော့ နာဂစ်ပြီးလို့ ၂-လအကြာ သြဂုတ်ရောက် တော့မှပဲ ဧရာဝတီ တိုင်းက မုန်တိုင်းသင့်ခဲ့လေရာ တချို့နေရာတွေကို ရောက်ခဲ့ရပါတယ်။ အဓိကကတော့ သူက လူတွေရဲ့ဇာတ်လမ်းတွေကို နားထောင်ချင်လို့ပါ။ သူက ပြေချောင်းရွာကို ရောက်ခဲ့ပါတယ်။ သူကြားရတဲ့ဇာတ် လမ်းတွေက ရင်မချိစရာပါ။ ရွာမှာ အရင် က လူ ၃၆၀ လောက်နေထိုင်ရာက၊ ၂၀၀ ကျော်လောက် မုန်တိုင်းထဲ သေဆုံးခဲ့ရပါတယ်။ မိသားစုထဲမှာ တယောက်ထဲ ကျန်ရသူတွေ၊ မိဘတွေ ဆုံးရှုံးသွားရတဲ့ ကလေးတွေကို တွေ့ရပါတယ်။ အ၀တ်အစားတွေကလည်း ကိုယ်ပေါ်တင်ရုံ ပုဆိုး၊ ထဘီတထည်သာ ကျန်တော့တဲ့ ပိန်လှီ မဲကျုပ်နေတဲ့သူတွေကို သူတွေ့ရပါတယ်။ ရွာလူကြီးလုပ်တဲ့သူကိုယ်တိုင်က ရိုကျိုးသမှုနဲ့ သူတို့ကို နှုတ်ဆက်တာ မနေမထိုင်တတ်လောက်အောင် ဖြစ်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီရွာမှာ ရှင်ကျန်နေ ရတဲ့သူတွေက သူတို့ ကိုကယ်ဖို့ နိုင်ငံခြားရေတပ်သင်္ဘောတွေ စောင့်နေခဲ့တယ် ဆိုတာလည်း မသိကြပါဘူး။ သူတို့က ကောလာဟလ သတင်းလို့ပဲ ထင်ကြပါတယ်။ သူတို့ကတောင် "အဟုတ်ပဲလား.." လို့ တအံ့တသြ ပြန်မေးကြပါတယ်။ မုန်တိုင်း ပြီးထဲက အဆက်အသွယ်ပါ ပြတ်တောက်နေခဲ့ပုံရပါတယ်။

သူက နိုင်ငံတကာ အဲန်ဂျီအိုတွေ နောက်ပိုင်းဝင်ခွင့်ရတယ် ဆိုပေမယ့် အကန့်အသတ်တွေ ကြုံရပုံကိုလည်း ဖော်ပြခဲ့ပါ သေးတယ်။ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားတွေကို ဗီဇာဝင်ခွင့်ပေးတယ်ဆိုပေမယ့် မရသူတွေလည်း အများသား ပါ။ နိုင်ငံခြား ကယ်ဆယ်ရေးလုပ်သားတွေကြားမှာ သြစတြေလျက မြန်မာသံရုံး ကတော့ ဗီဇာလွယ်တယ်၊ အရင်ဗီဇာတုံး မရှိထားရင် ဗီဇာမရနိုင်ဘူး။ မြန်မာနိုင်ငံကို အ၀င်အထွက် တံဆိပ်တုံး တွေများနေရင်လည်း ဗီဇာမရနိုင်ဘူး စတဲ့ ဗျာများ နေရပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးကိုယ်၌က ၀င်ညှိနှိုင်းပေးပြီးမှ ရဟတ်ယာဉ် တွေနဲ့ ရိက္ခာတွေ ပို့ဆောင်ပေးရေးက ဇွန်လ ပထမအပတ်မှ ခွင့်ပြုချက်ရပါတယ်။ တကယ်ဆို မုန်တိုင်းဖြစ်တဲ့ မေလဆန်း ကတည်းက သေကြေ ပျောက်ဆုံးသူတွေ ကယ်ဆယ်ရှာဖွေဖို့ ရဟတ်ယာဉ်တွေ လိုနေတာပါ။ ဒါတောင်မှ ရဟတ်ယာဉ် တစင်းက ၃ ရက်ပဲ မြန်မာပြည်ထဲ ပျံသန်းခွင့်ရပါတယ်။ ပျံသန်းမှု အစီအစဉ်ကို ကြိုတင်ခွင့်ပြုချက် ယူရတယ်။ နယ်မြို့မှာ မအိပ်ရ ရန်ကုန်ကို ပြန်အိပ်ရတော့ မလိုအပ်ဘဲ ဆီလည်း ကုန်ပါတယ်။ နောက်ပိုင်းမှာတော့ ၃-ရက်ပဲ နေရ မယ်ဆိုတဲ့ ကန့် သတ်ချက်ကို ပြန်ဖျက်လိုက်ပါတယ်။ နိုင်ငံတကာ အကူအညီတွေကြောင့်ပဲ လူထုတွေအတော် သက်သာရာရတယ်လို့ ဆိုရပါလိမ့်မယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆန်မက်ထရစ်တန် ၂၅,၆၀၀ ကျော် (လူပေါင်း ၇၃၃, ၅၀၀) ကို ကျွေး မွေး ကူညီနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဆီယံ (အရှေ့ တောင်အာရှ နိုင်ငံများအသင်း) ရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ မုန်တိုင်းနောက်ပိုင်း ပျက်စီးဆုံးရှုံးမှုတွေအပေါ် ပူးတွဲအကဲဖြတ် ချက် အစီရင်ခံစာကို လေ့လာစစ်တမ်း ကောက် ပြုစုနိုင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာလည်း အားနည်းချက်တွေ အများသား ဆိုပေမယ့် မြန်မာစစ်အစိုးရလည်း ပါဝင်နေတဲ့ အတွက် ရှေ့ဆက် သူတို့နဲ့ ညှိနှိုင်းစရာ၊ စကားပြောစရာ အထောက်အထား စာတမ်းတခုတော့ ရလာခဲ့ပါ တယ်။ ဒါပေမယ့် ဒီကြားထဲမှာ နိုင်ငံတကာ အဲန်ဂျီအိုတွေ လိုက်နာဖို့ဆိုပြီး လမ်းညွှန်စာတမ်းတခု လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ၀န်ကြီးဌာနက ထွက်လာပါသေးတယ်။ ဆိုလိုတာကတော့ အကူအညီတွေ မထပ်နေစေရေး ဆိုပေမယ့် ချုပ်ချယ်ကန့်သတ်မှု တွေက ပိုများနေပါတယ်။

ဒီနေရာမှာ အာဏာပိုင်တွေနဲ့ အကူညီပေးရေး အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း အမ်မာ လာကင် က ရေးပြခဲ့ ပါသေးတယ်။ အပေါ်ထိပ်ပိုင်းက အာဏာပိုင်တွေနဲ့ ဆက်ဆံရေးက တမျိုးဖြစ်နေပေမယ့်၊ ဒေသ အဆင့်မှာတော့ အဆင် ပြေကြတယ်လို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင်လည်း မုန်တိုင်းကို ကြုံတွေ့ခဲ့ရ၊ သူတို့ ကိုယ်တိုင်က ဒီဒေသက ပြည်သူတွေ ဖြစ်နေတော့ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေကြပါတယ်။ နိုင်ငံခြားရေတပ်တွေ ၀င်ကူညီမယ်ဆိုတော့ ပိတ်ဆို့နေတာက လုံခြုံရေး စိုးရိမ်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဘာအကြောင်းတွေများ ရှိနေ နိုင်ပါသလဲ။ သူရဲ့မိတ်ဆွေ အရှေ့တီမောအရေး ကယ် ဆယ်ရေးမှာတုန်းက ကူညီလုပ်ကိုင်ဖူးသူ အင်ဒိုနီးရှား လူမျိုးတဦး မြန်မာစစ်ခေါင်းဆောင်တွေ စဉ်းစားပုံကို သုံးသပ်ပြီး အခုလို ပြောပါတယ်။ "ဆိုပါစို့... ခင်ဗျားကလေးက ဖျားနာနေတယ်။ ခင်ဗျား အိမ်နီးချင်းက တောက်ပနေတဲ့ ပန်းသီးကြီးကိုင်လာပြီး ကလေးကို လာကျွေးတယ် ဆိုပါတော့။ ကျနော်က မကောင်းဖြစ်ရ တယ်။ ကိုယ်တိုင်လည်း ကလေးကို ကျွေးဖို့ မတတ်နိုင်ဘူး။ သူများလာကျွေးတယ်ဆိုရင်လည်း ကိုယ်က မကျွေးနိုင်တာကို ကလေးကို မသိစေချင်ဘူး။ ဒါနဲ့ ပန်းသီးမကျွေးဖို့ ပိတ်ပင်ရတာ" လို့ သုံးသပ်ပါတယ်။ ဒီဥပမာကိုပဲ သူက မြန်မာမိတ်ဆွေ တဦးကို ပြန်ပြောပြတော့ သူကတော့ ငြင်းချက်ထုတ်ပါတယ်။ "ကလေးက ဖျားနေတာ မဟုတ်ဘူး ဆိုပါတော့။ ကလေးက မြစ်ထဲမှာ ရေနစ်နေတယ်။ ခင်ဗျားလည်း ရေကူးမတတ်ဘူး။ ခင်ဗျား အိမ်နီးချင်းက ရေကူးတတ် တယ် ဆိုပါတော့၊ အသက်ကယ်ဖို့ ဘောကျွတ်ပေးချင်တယ် ဆိုပါစို့။ ကူညီ ပေးခိုင်းဖို့ မကောင်းဘူးလား" လို့ ပြန်စောဒက တက်ပါတယ်။

တကယ်တော့ ဒီမုန်တိုင်းကယ်ဆယ်ရေးမှာပဲ အစိုးရဖက်က အဆင်ပြေချောမောအောင် လုပ်ပေးနိုင်တဲ့ အခွင့် အလမ်းတွေ အများသားပါ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ငွေလဲနှုန်းကြောင့်ပဲ ဒေါ်လာကနေ- FEC ကိုလဲ၊ တခါ ကျပ်ငွေ ပြန်လဲနေရလို့ ကယ်ဆယ်ရေး ထောက်ပံ့ငွေတွေရဲ့ ၂၅% (ဒေါ်လာ ၁၀ သန်းအထိ) နစ်နာရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါ တယ်။တခါ အမ်မာလာကင်က စစ်အစိုးရ မုန်တိုင်းကြားက အမြတ်ထုတ်ပုံ အဖြစ် အပျက်တခုကိုလည်း တင်ပြပါသေး တယ်။ မုန်တိုင်းပြီးစ များမကြာခင် မြန်မာ့အလင်းသတင်းစာမှာ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုက ဆက်သွယ်ရေး ချောမွေ့စေဖို့ CDMA ဖုန်း အလုံး ၃၀,၀၀၀ နဲ့ ဆက်သွယ်ရေး အခြေစိုက်စခန်း ၁၅ ခုအတွက် ဒေါ်လာ ၃.၃ သန်းလှူဒါန်း ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဲန်ဂျီအိုတွေကို ဆက်သွယ်ရေးအတွက် CDMA ဖုန်းတလုံးကို ဒေါ်လာ ၁,၅၀၀ နဲ့ ပြန်ရောင်းခဲ့ကြောင်းပါ ခင်ဗျား။ နောက်တပတ်မှာတော့ ကျန်ရှိနေတဲ့ မုန်တိုင်း သင့် ပြည်သူတွေ စိတ်ဒုက္ခ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအဖုံဖုံကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments