Pages

Friday, November 26, 2010

အရာအားလုံး ပြိုကွဲရခြင်း (၄)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမ်မာ လာကင် (Emma Larkin) ရေးသားတဲ့ အရာအားလုံး ပြိုကွဲရခြင်း၊ မြန်မာ စစ်အစိုးရ လက်အောက်ရှိ ဖော်ပြ မခံရသည့် ကပ်ဘေးဒုက္ခအကြောင်းဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို တင်ဆက်နေ ပါတယ်။ အခုတပတ်မှာတော့ ဒုတိယပိုင်း "ပြည့်ရှင်မင်းအတွက် သတင်းဆိုးမရှိ" ဆိုတဲ့အခန်းကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ အမ်မာလာကင် မြန်မာပြည်မှာ ကြာကြာနေခွင့် မရပါဘူး။ သူ့ဗီဇာက တလပဲရလေတော့ သိပ်မကြာခင်မှာပဲ ပြန် သွားရဖို့ ဖြစ်လာပါတယ်။ သူက နာဂစ် မုန်တိုင်းဒဏ်သင့်လေရာ ဧရာဝတီတိုင်းကို ကိုယ်တိုင်သွားဖို့ ကြိုးစားတာလည်း မအောင်မြင်ခဲ့ပါဘူး။ နောက်တခုက သူသိလိုတဲ့ မေးခွန်းတွေအတွက်လည်း အဖြေတော့ မရခဲ့ပါဘူး။ အစိုးရ ကိုယ်တိုင်က အနိဌာရုံမြင်ကွင်း သတင်းတွေကို ပိတ်ဆို့နေလေတော့ နာဂစ်မုန်တိုင်းဒဏ် သင့်ခံရသူ တွေရဲ့ သတင်းကလည်း သိပ်မကြာ ခင်မှာပဲ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ တိမ်မြုပ်ပြီး တဖြည်းဖြည်းကွယ်သွား တော့မှာပါ။ စစ်အစိုးရက ကတိက၀တ် ပေးထားတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို ၀င်ခွင့်ပြုမယ်။ တကယ့်ကို ထိထိရောက်ရောက် လုပ်ခွင့်ပေးမယ်ဆို တာတွေကလည်း တကယ်မဖြစ်လာခဲ့ပါဘူး။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA ရဲ့ လေ့လာမှုတခုမှာဆိုရင် "နာဂစ်ဒေသက လူပေါင်း ၁. ၃ သန်းလောက်က တကယ့်ကို အခြေခံကူညီမှုတွေလောက်ပဲ ရသေးတယ်။တကယ် မလုံလောက် သလို အနိမ့်ဆုံးစံသတ်မှတ်မှုတွေအောက်မှာပဲ အကူအညီရခဲ့တယ်" လို့ ဖော်ပြထားခဲ့ ပါတယ်။ အခုတော့ ၂-နှစ်အကြာမှာ နောက်တကြိမ် ဂီရိမုန်တိုင်းလာပြန်ပါပြီ။ စစ်အစိုးရကတော့ မသိကျိုးကျွံနေမြဲပါပဲ။ အခုလို မုန်တိုင်းကိစ္စဖော်ပြတဲ့နေရာမှာ စာရေးဆရာမ အမ်မာလာကင်က မြန်မာပြည်မှာ သူတွေ့ကြုံရတာလေးတွေ တကယ့်ကို အသေးစိတ်ဖော်ကျူးနိုင်တာကိုတော့ ချီးကျူးမိပါတယ်။ ဥပမာအားဖြင့်- ဆင့်ပါးစပ်နှမ်းပက်ဆိုတဲ့ မြန်မာစကား ပုံကို မုန်တိုင်းအကူအညီနဲ့ ခိုင်းနှိုင်းသွားတာကအစ၊ မုန်တိုင်းအပြီး ထွက်လာတဲ့ တဘောင် "မန္တလေး ပြာပုံ၊ ရန်ကုန် သစ်ပုံ၊ နေပြည်တော် အရိုးပုံ" စသဖြင့် ကိစ္စတွေကိုတောင် အတော်လေး နှိုက်နှိုက် ကျွတ်ကျွတ် တင်ပြသွားနိုင်တာတွေ့ရပါ တယ်။

စာအုပ်ရဲ့ နောက်တခန်းမှာတော့ အဓိကက နေပြည်တော်အကြောင်းနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ အာဏာပိုင် တွေမှာ ဘယ်လို စိတ်ကူးစဉ်းစားချက်တွေ ရှိသလဲဆိုတာ တင်ပြထားတာပါ။ ဒီအခန်းကိုတော့ "ပြည့်ရှင်မင်း အတွက် သတင်းဆိုး မရှိ" ဆိုတဲ့ နာမည်နဲ့ တင်ပြထားပါတယ်။ သူက ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ နေပြည်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင် ခွင့်ရတာပါ။ မုန်တိုင်းသင့်ခံရတဲ့ ဒုက္ခသည်တွေကို လျစ်လျူရှုထား နိုင်လွန်းတဲ့ အာဏာရှင်တွေ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာကို ကိုယ်တိုင်မြင်ချင်လွန်းလို့ ရောက်လာခဲ့ရ တာပါ။ နေပြည်တော်အကြောင်းနဲ့ ပတ်သက်လို့ရှိရင် ဘာပဲဖြစ်ဖြစ် စာအုပ်တော်တော်များများက တခန်း တကဏ္ဍတော့ ဖော်ပြကြတာချည်းပါ။ ပြည်သူတွေရဲ့ ဆင်းရဲလွန်းတဲ့ဘ၀နဲ့ အာဏာပိုင်တွေ ပလွှားသုံးစွဲပုံကို ဖော်ပြချင်လွန်းလို့ နှိုင်းယှဉ် ဖော်ပြကြတာမျိုး ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ပတ်သက်ရင် ကျနော်က အရင် ထိုင်းပညာရှင်တဦးရဲ့ "နေပြည်တော်"ဆိုတဲ့ စာအုပ်မှာလည်း အသေးစိတ်ပြောခဲ့တယ်။ နောက်တခါ မြန်မာနိုင်ငံ က "အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ"အကြောင်း စာအုပ်ပြောတော့လည်း ပြောခဲ့ရပါသေးတယ်။ ဒီတခါ တော့ ထပ် မပြောချင်တော့ပါဘူး။ ထူးခြားတာလောက်ပဲ ကောက်နှုတ်ပြောပြတော့မယ် စိတ်ကူးမိပါတယ်။

ထူးခြားတာကတော့ အမ်မာလာကင် တင်ပြပုံပါ။ သူက ရန်ကုန်မှာရှိတဲ့ တပ်မတော် စစ်သမိုင်းပြတိုက် သွား လည်တဲ့ ပုံစံ နဲ့ စလို့ မြန်မာနိုင်ငံရဲ့ သမိုင်း စတိတ်တဒေသ၊ ပြည်တွင်းစစ်၊ နိုင်ငံရေးမှာ စစ်တပ်က ပါဝင် ပတ်သက်လာရပုံတွေကို ဖော်ပြပါ တယ်။ ဒီ စစ်သမိုင်းပြတိုက်က တပ်မတော်က သူတို့ လုပ်ဆောင်ရည်၊ သူတို့အာဏာကို အမွှမ်းတင်ချင်လွန်းလို့ တကယ့် ကို ခမ်းခမ်းနားနား တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာကြည့်လည်ပတ်တဲ့ ဧည့်သည်မရှိသလောက်ပါပဲ။

ဒါပေမယ့် ထူးခြားတာက ဒီနေရာဟာ ဗိုလ်ချုပ်မှူးကြီးအကြိုက် ဖန်တီးထားပေးတဲ့နေရာလို့ သူယူဆပါတယ်။ ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ရုပ်ထု၊ ရုပ်ပုံတွေကို ငွေကြေး၊ အခြားအထိမ်းအမှတ်တွေမှာ မမြင်ရပါဘူး။ ဒါပေမယ့် တပ်မတော်သမိုင်းပြတိုက် မှာတော့ ကိုယ်လုံးပြည့်ပုံတွေ၊ ရုပ်ထုတွေ၊ တိုင်းပြည်ထဲက စီမံကိန်းအမြောက် အများကို အခါမလပ် လှည့်လည်ကြည့်ရှုနေ ပုံတွေကို ထူးထူးခြားခြား ဖော်ပြထားပါတယ်။ ဒါပေမယ့် ကလေး ကစားစရာ တင့်ကားရုပ်တွေကို တခမ်းတနားလုပ် ပြသ နေပုံ မျိုးကိုလည်း သူက သရော်တော်တော် ရေးခဲ့ပါ သေးတယ်။

နောက်တော့ နေပြည်တော် တည်ဆောက်ပုံ၊ နေပြည်တော်မှာ သူကိုယ်တိုင် တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေ၊ စစ်အာဏာ ရှင်တွေနဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်တွေကို ဖော်ပြထားပါတယ်။ အဲဒါသာမက ၂၀၀၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ သံဃာ တော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်လှုပ်ရှားမှု တစိတ်တဒေသ၊ အဲဒီအဖြစ်အပျက်ပြီးလို့ ရန်ကုန်တခါရောက်တော့ သူကြုံ တွေ့ရပုံ၊ လူတွေက ကြောက်ရွံ့နေကြရပုံတွေလည်း သူက အသေးစိတ် ဖော်ပြ ခဲ့ပါသေးတယ်။ ဒါတင်မက စစ်ခေါင်းဆောင် တွေက အယူသည်းလွန်းပုံ၊ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ညကြီးမင်းကြီး ရွှေတိဂုံဘုရားပေါ်မှာ ခွေးတဖက်၊ ၀က်တဖက် လက် ကဆွဲပြီး ယတြာချေပုံကိုပါ မကျန်အောင် အသေးစိတ် ဖော်ပြနိုင်ပါတယ်။

ဒီနေရာမှာ မြန်မာပြည် သမိုင်း၊ မြန်မာပြည်က စစ်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထူးခြားတဲ့ သုံးသပ်ချက် ကို ပြောပြ ချင်ပါတယ်။ သူက "မြန်မာပြည်က စစ်ခေါင်းဆောင်တွေမှာ ပျော်ရွှင်ဖွယ် နိဂုံးချုပ်ရတာမျိုး မရှိ လေဘူး" လို့ သုံးသပ်ပါ တယ်။ လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကလည်း လုပ်ကြံခံရပြီး ကွယ်လွန် ခဲ့ရပါတယ်။ အခု စစ်အစိုးရက သူ့ကို တမင်မေ့ပျောက်ရလေ အောင် ထပ်ဖန်တီးနေပါတယ်။ တချိန်က ဗိုလ်ချုပ်ပြတိုက်လုပ်ခဲ့တဲ့ တာဝါလိန်းလမ်းက နေအိမ် ကိုလည်း ပြုပြင်တယ် အကြောင်းပြပြီး ပိတ်ထားတာ ကြာလှပေါ့လို့တောင် ဖော်ပြထားပါသေးတယ်။ တခါ နောက်တခါ စစ်အာဏာရှင်ကြီး ဦးနေ၀င်းဆုံးတော့လည်း အိမ်အချုပ်ဘ၀မှာ မထင်မရှားနဲ့ ဆုံးရတာပါ။ တချိန်က လျှမ်းလျှမ်းတောက် အာဏာရှင်ကြီး ဖြစ်ခဲ့ပေမယ့်၊ အကျချိန်မှာ တပည့်လက်သားတွေဒဏ်ကို မရှုမလှခံစား သေဆုံးခဲ့ရတာပါ။ တခါ (န၀တ) စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်စောမောင်လည်း ရူးသွပ်ပြီး မထင်မရှား သေဆုံးရပါတယ်။ စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် တင်ဦးက ရဟတ်ယာဉ်ပျက်ကျ သေဆုံးရပါတယ်။ ၂၀၀၄ ခုနှစ်အထိ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ကတော့ အခုအခါမှာ လာဘ်စားမှု၊ အမိန့်မနာခံမှု စတဲ့ပြစ်မှုတွေနဲ့ ဆိုင်းငံ့ပြစ်ဒဏ်၊ အိမ်ချုပ်နဲ့ နိဂုံးချုပ်ခဲ့ရပါ တယ်။ တခါ သူ့နောက် က ၀န်ကြီးချုပ်ဖြစ်လာတဲ့ "ဒီပဲရင်းလူသတ်သမား"လို့ လူသိများတဲ့ ဗိုလ်ချုပ်စိုးဝင်းကလည်း သွေး ကင်ဆာနဲ့ အသက် ၅၉ နှစ်မှာပဲ သေဆုံးရပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ အတိတ် ဘုရင်တွေ သမိုင်းကို ပြန်ကြည့်တော့လည်း ဒီလိုအဖြစ်အပျက်တွေက အများသားလို့ သုံးသပ်ထားခဲ့တာပါ။ ကျနော်တို့ လူမှုစနစ်ကိုယ်က ဘာတွေမှားယွင်းခဲ့ပါသလဲ။ ဒီလိုအာဏာရှင်စနစ် နိဂုံးချုပ်ဖို့ ဘာတွေပြင်ဆင် ရမှာလဲ။ ပြန်လည်ဆင်ခြင်စရာပါ။ နောက်တပတ်မှာတော့ မုန်တိုင်းသင့် ဒေသက ဇာတ်လမ်းတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments