Pages

Friday, November 19, 2010

အရာအားလုံး ပြိုကွဲရခြင်း (မြန်မာစစ်အစိုးရ လက်အောက်ရှိ ဖော်ပြမခံရသည့် ကပ်ဘေးဒုက္ခအကြောင်း) အပိုင်း (၃)


အမ်မာ လာကင် (Emma Larkin) ရေးသားတဲ့ အရာအားလုံး ပြိုကွဲရခြင်း၊ မြန်မာ စစ်အစိုးရ လက်အောက်ရှိ ဖော်ပြမခံရသည့် ကပ်ဘေးဒုက္ခအကြောင်းဆိုတဲ့ စာအုပ် ဝေဖန်ချက်ကို တင်ဆက်နေပါတယ်။ အခုတပတ်မှာတော့ ကပ်ဘေးကာလအတွင်း သူကြုံတွေ့ရပုံအကြောင်း “မိုးလုံးပြည့် မုသာဝါဒ” တွေ အခန်းကို ဆက်လက် တင်ပြ မှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
စာရေးသူ အမ်မာ လာကင် မြန်မာပြည်ဝင်ခွင့် ဗီဇာရတော့ အကယ်၍ ရန်ကုန် ရောက်ရင် သူနေထိုင်ဖို့အတွက်ရော၊ ရန်ကုန်က မိတ်ဆွေတွေကို သင့်တော်ရာ အကူအညီတွေ လက်ဆောင်ပေးဖို့ပါ ပြင်ဆင်ရပါတယ်။ ရန်ကုန်လေဆိပ်ကို ရောက်တော့ တောင် ရင်တမမပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဗီဇာရပြီးသူ ကယ်ဆယ်ရေးလုပ်သားတွေတောင် ပြန်နှင် ထုတ်ခံရတယ် ဆိုတဲ့ သတင်းတွေလည်း သူကြားနေရလို့ပါ။ ကံကောင်းထောက်မလို့ ချောချောမွေ့မွေ့ပဲ ရန်ကုန်ဝင်ခွင့် ရခဲ့ ပါတယ်။ မုန်တိုင်းသင့် ဒေသတွေအထိ သူဆင်းသွားပြီး လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ မုန်တိုင်း ဖြစ်ပြီးစမှာ နိုင်ငံတကာ သတင်းဌာန တချို့က မုန်တိုင်းအပျက်အစီး၊ လူတွေ သေဆုံးပျက်စီးရတာနဲ့ ပတ်သက်ပြီး သတင်းတွေထုတ်လွှင့်နိုင်ခဲ့ပြီး တဲ့နောက်မှာ တော့ စစ်အစိုးရက မုန်တိုင်းသင့်ဒေသကို သွားတဲ့လမ်းအားလုံးကို ပိတ်ပြီးတင်းကျပ်ပါတော့တယ်။ နိုင်ငံခြား သတင်းထောက်တွေ သွားဖို့ဆိုတာ မဖြစ်နိုင်တော့ သလောက်ပါပဲ။ နောက်ပိုင်းမှာ နိုင်ငံခြားသတင်းထောက်ဆိုရင် ပို့ပေး မယ့် ဒေသခံတွေကို ဖိအားပေးလာတော့ လိုက်ပို့မရဲတော့ ဘူး ဖြစ်လာပါတယ်။ ပြည်တွင်းက စေတနာ့ဝန်ထမ်းတွေက တော့ တတ်နိုင်သမျှ စုဆောင်းပြီး၊ လှူဒါန်းဝေခြမ်း တာတွေ လုပ်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စစ်အစိုးရ သတင်း စာတွေ က အခုလမ်းဘေးမှာ တောင်းနေ တဲ့သူတွေဟာ မုန်တိုင်းဒဏ်သင့်ခံရတဲ့ ဒုက္ခသည်တွေ မဟုတ်ဘူး။ သူတို့ကို စွန့်ကျဲနေပုံ လုယက်နေပုံဟာ နိုင်ငံကို သိက္ခာကျစေတယ်။ အဲဒီသူတွေကိုလည်း အကျင့်စာရိတ္တပျက်စီးအောင် ဖြစ်စေ တယ်ဆိုပြီး တောင်းရမ်း နေတဲ့သူတွေကို လိုက်ဖမ်းတာတွေ လုပ်လာပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေငှမယ် ဆိုရင်လည်း အစိုးရဌာနတွေ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက တဆင့် ဝေငှရမယ်ဆိုတာမျိုးတွေ တင်းကျပ်လာခဲ့ပါတယ်။ တက်တက်ကြွကြွနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ လူရွှင်တော်ကိုဇာဂနာ ဖမ်းခံလိုက်ရပြီး တဲ့ နောက်ပိုင်း မှာတော့ ပြင်ပက စေတနာ့ ၀န်ထမ်း ကူညီနေသူတွေလည်း အတော်လက်တွန့်ခဲ့ကြရပါတော့တယ်။

ဒီလိုမုန်တိုင်း ကယ်ဆယ်ရေးအတွက် တက်တက်ကြွကြွ ဖြစ်နေကြတဲ့ သူ့မိတ်ဆွေတွေကို အမ်မာလာကင် မြင်ခဲ့ရ ပါတယ်။ လူငယ် လူကြီး အကုန်ပါသလို၊ သာမာန်လူလတ်တန်းစားတွေကနေပြီး စီးပွားရေးလုပ်ငန်းရှင်တွေအထိ စိတ်ရောလက်ပါ ကူညီခဲ့ကြပါတယ်။ အချို့သူ့ကို မသိကြသူတွေကပါ အမေရိကန်က နိုင်ငံခြားသူမှန်းသိကြတော့ နာဂစ်လေဘေး သွား ရောက်ကယ်ဆယ်ရင်း သူတို့ ဓာတ်ပုံရိုက်ယူလာကြတဲ့ အလောင်းပုံတွေ၊ အပျက်အစီးတွေ ကို ပြကြပါတယ်။ ကယ်ဆယ် ရေးအဖွဲ့ဝင် နိုင်ငံခြား အိုင်အဲန်ဂျီအိုတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေကလည်း ရန်ကုန်မှာပဲ သောင်တင်ပိတ်မိနေကြပါ တယ်။ အဲဒီဒေသကို ကိုယ်တိုင်သွားဖို့ ဌာနေ၀န်ထမ်းတွေကိုပဲ ခွင့်ပြု ပါတယ်။ အဲဒီတော့ ရန်ကုန်မှာ ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေ အခြေစိုက်တဲ့ ဟိုတယ်ပေါ်က အစည်းအဝေး တွေ အခြေအနေကိုလည်း အမ်မာလာကင်က တစေ့တစောင်း ဖော်ပြခဲ့ပါသေးတယ်။ အဲဒီအချိန်မှာ မုန်တိုင်း ကယ်ဆယ်ရေးအလိုက် လုပ်ငန်းတူရာအလိုက် Cluster လို့ခေါ်တဲ့ အစုအဖွဲ့ တွေ ဖွဲ့စည်းထားရှိပါတယ်။ သူက သူနေထိုင်ရာဟိုတယ်နဲ့ နီးရာမှာ ရှိတဲ့ စိုက်ပျိုးရေးအစုအဖွဲ့ အစည်းအဝေးတွေကို သူ သွားတက်ဖြစ်ပါတယ်။ နိုင်ငံခြားက လာတဲ့ကျွမ်းကျင်သူတွေကလည်း အချက်အလက်မရှိလို့ ဘာမှ လုပ်မရကြပါဘူး။ မုန်တိုင်းသင့် ဒေသက မြို့နာမည်တွေ ရွတ်ပြနိုင်ရင်တောင် အချက်အလက်ကြီးရထားသလိုမျိုး ဖြစ်နေပါတယ်။ တရက်ကို ဒေါ်လာ ၅၀၀ လောက်ပေးရတဲ့ ကျွမ်းကျင်သူတွေကို ငှားထာတာ အလုပ်ဟုတ်ရဲ့လား။ ဘာဖြစ်လို့ မုန်တိုင်း သင့်ဒေသက လယ်သမားတယောက်လောက်ကို ခေါ်မမေးရတာလဲ ဆိုပြီး သူက အဲန်ဂျီအိုနဲ့ ကုလသမဂ္ဂ အဖွဲ့ တွေ အလုပ်လုပ်ပုံကို စာအုပ်ထဲ စောဒကတက်ခဲ့ပါသေးတယ်။

ဒီအချိန်မှာ နိုင်ငံတကာက စိုးရိမ်ပူပန်နေကြတာက မုန်တိုင်းကြောင့် သေရတာထက်၊ ကူးစက်ရောဂါတွေကြောင့် ကယ် ဆယ်ရေး လုပ်ငန်းတွေ မထိရောက်တာကြောင့်၊ ပစ်ထားတာကြောင့် သေရမယ့် လူလုပ်ကပ်ဘေးကို ကြောက်ရွံ့စိုးရိမ်နေ ကြပါတယ်။ မုတ်သုန်မိုးရာသီကလည်း ၀င်လာပါပြီ။ ဒါကြောင့်ပဲ နိုင်ငံတကာက ၀င်ခွင့် တောင်းဆိုနေကြသလို၊ နောက်ဆုံး အမေရိကန်က USS Mustin စစ်သင်္ဘောကို ကမ်းတက်ယာဉ်တွေ၊ ရဟတ်ယာဉ် ၂၂ စင်း၊ စစ်သား ၅၀၀၀ ကျော်နဲ့ စေ လွှတ်ပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ အင်္ဂလန်ကလည်း HMS Westminster သဘောင်္၊ ပြင်သစ်ကလည်း Mistral စစ်သဘောင်္တွေ စေလွှတ်ကူညီဖို့ ကမ်းလှမ်းလာ ပါတယ်။ လူသားချင်းစာနာမှု ကယ်ဆယ်ရေးအတွက် ကျူးကျော်သင့်ရင် ကျူးကျော်ရမယ်ဆိုတဲ့ R2P အယူအဆ ကိုလည်း နိုင်ငံတကာ စင်မြင့်မှာ ပြောဆိုဆွေးနွေးလာကြပါတယ်။ ရန်ကုန်မှာ လည်း နိုင်ငံခြားတပ် တွေဝင်လာ ရင် ပြည်သူတွေက ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတဲ့ လက်ကမ်းလွှာတွေလည်း ပျံ့နေခဲ့ပါ တယ်။ အဲဒီအချိန် မေလ ၂၃ ရက်ကျမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို တွေ့ဆုံမယ်လို့ ဗိုလ်ချုပ် သန်းရွှေ က အကြောင်းပြန်လာခဲ့ပါတယ်။ တွေ့ဆုံမှုရလဒ်ကို နိုင်ငံတကာသတင်းဌာနတွေက တိုးတက်မှုလို့ ဖော်ပြပါ တယ်။ ဗိုလ်ချုပ် သန်းရွှေက ဘယ်နိုင်ငံသားမဆို ကယ်ဆယ်ရေးဝန်ထမ်းအားလုံးကို ဗီဇာဝင်ခွင့်ပေးမယ်။ ဘယ်လိုနေရာမဆို အကူအညီ ပေးခွင့်ပြုမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ စစ်သင်္ဘောတွေတော့ ၀င်ခွင့်မရလို့ ဆုတ်ခွာသွားခဲ့ကြရပါတယ်။ နိုင်ငံတကာ ၀န်ထမ်းတွေက ယုံကြည်မျှော်လင့်နေပေမယ့် မြန်မာနိုင်ငံသား သူ့မိတ်ဆွေတွေကတော့ အခုကြေညာချက် ဟာ လိမ်တာလို့ ပြောကြပါတယ်။

ကုန်သည်မိတ်ဆွေတယောက်ကဆိုရင် “ကျနော်တို့ဗိုလ်ချုပ်မှူးကြီးက အချိန်ပြည့်လိမ် နေတာ၊ နေ့တိုင်းလိမ် နေတာ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို လိမ်လိုက်ဖို့ဆိုတာလည်း အဆန်းမဟုတ်ဘူး” လို့ပြော တာ အမ်မာ လာကင်က အံ့သြစွာ ကြားခဲ့ရပါတယ်။ ခရစ်ယာန် တရားဟောဆရာတယောက်ကဆိုရင် သူ့ကို ဒုတိယ ကမ္ဘာ စစ်သမိုင်းနဲ့ယှဉ်ပြီး ပြန်ပြောပြပါသေးတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်က ဟစ်တလာနဲ့တွေ့ပြီး ငြိမ်းချမ်းရေးကတိ ရလာတဲ့ အကြောင်းကို ရည်ညွှန်းပြီး ပြောတာပါ။ “သူတို့စကားတွေက ထောပတ်လိုချိုနေလိမ့်မယ်။ ဒါပေမယ့် သူတို့နှလုံးသားမှာ တော့ စစ်ပွဲပဲ ရှိတယ်” လို့ ဆိုခဲ့ပါတယ်။ နိုင်ငံတကာက ကယ်ဆယ်ရေးဝန်ထမ်းတွေ ၀င်ခွင့် ပေးပါမယ်ဆိုမှ ကြာနေပါသေး တယ်။ ဘန်ကောက်မြန်မာသံရုံးက ဗီဇာ ထုတ်ပေးတဲ့အဆောင် မီးလောင်လို့ ဗီဇာလုပ်ငန်းတွေ ဆိုင်းငံ့နေပါသေးတယ်။ ထိုင်းရဲတွေက မီးလောင်ရခြင်းအကြောင်း စုံစမ်းပေးပါမယ် ဆိုတာ တောင် သံရုံးက ခွင့်မပြုခဲ့ပါဘူး။ ဒါကလည်း မသင်္ကာ စရာပါ။

အမ်မာလာကင်က မြင်ကွင်းပေါင်းစုံကို ဖော်ပြနိုင်တယ် ဆိုရပါလိမ့်မယ်။ လမ်းမပေါ်မှာ နာဂစ်အပြီး ဗီဒီယိုအခွေ ထုတ် ရောင်းစားကြပုံတွေကအစ၊ ငါးဗိုက်ထဲမှာ လူလက်ချောင်းတွေ တွေ့လို့ ငါးမစားကြဖို့ ဖြစ်စေတဲ့ ကောလ ဟာလကနေပြီး၊ မုန်တိုင်းအပြီး ရန်ကုန်မှာ ဟိုမှာ လုတယ်။ ဒီမှာ လုယက်နေတယ် ကောလဟာလတွေနဲ့ လုံခြုံရေးမဲ့ တုန်လှုပ်နေကြရပုံ တွေကိုပါ အသေးစိတ် ဖော်ကျူးနိုင်ခဲ့ပါတယ်။ နောက်တပတ်မှာ ဒီအခြေအနေ တွေနဲ့ ဆန့်ကျင်ဖက် အင်ပိုင်ယာပြည့်ရှင် တွေလို ပြုမူနေကြသူ မြန်မာစစ်ခေါင်း ဆောင်တွေအကြောင်းကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments