Pages

Friday, November 12, 2010

အရာအားလုံး ပြိုကွဲရခြင်း (မြန်မာစစ်အစိုးရ လက်အောက်ရှိ ဖော်ပြမခံရသည့် ကပ်ဘေးဒုက္ခအကြောင်း) အပိုင်း (၂)


အမ်မာ လာကင် (Emma Larkin) ရေးသားတဲ့ အရာအားလုံး ပြိုကွဲရခြင်း၊ မြန်မာ စစ်အစိုးရ လက်အောက်ရှိ ဖော်ပြမခံရသည့် ကပ်ဘေးဒုက္ခ အကြောင်းဆိုတဲ့ စာအုပ်ဝေဖန်ချက်ကို တင်ဆက်နေပါတယ်။ အခု တပတ် မှာတော့ စာအုပ်ရဲ့အစပိုင်း ကပ်ဘေးကာလအတွင်း “မိုးလုံးပြည့် မုသာဝါဒ” တွေအကြောင်း စာအုပ်ပထမပိုင်း ကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အရာအားလုံး ပြိုကွဲရခြင်း (Everything is broken) ဆိုတဲ့ စာသားက Bob Dylan ရဲ့ သီချင်းစာသားတခုက ယူထားတာ ပါ။ ဒီစာသားလေးနဲ့ စာအုပ် ကိုစဖွင့်ထားပါတယ်။
“ကျိုးနေတဲ့ ကပ်ကျေး၊ ကျိုးနေတဲ့လွှတွေ
ကျိုးနေတဲ့ ခါးပတ်ခေါင်းတွေ၊ ကျိုးနေတဲ့ ဥပဒေတွေ
ကျိုးကြေနေတဲ့ ကိုယ်ခန္ဓာတွေ၊ ကျိုးကြေနေတဲ့ အရိုးတွေ
ကျိုးကြေနေတဲ့ ဖုန်းတွေထဲက ကျိုးကြေနေတဲ့ အသံတွေရှိတယ်။
ခင်ဗျား လည်ပင်းကျပ်နေသလို အသက်ကို ပြင်းပြင်းရှုလိုက်ပါ။
အရာအားလုံးက ကျိုးကြေကွဲနေ” ဒီလို စာသားလေးနဲ့ စာအုပ်ကို စဖွင့်ပါတယ်။ ဒီသီချင်းနာမည်ကိုပဲ စာအုပ် အမည် အဖြစ် ယူထားတာ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမအခန်းကို မိုးလုံးပြည့် မုသာဝါဒများဆိုပြီး စစ်အစိုးရက ပြည်ပရေဒီယိုတွေကို စွပ်စွဲ ဖော်ပြလေ့ရှိတဲ့ စကားရပ်နဲ့ နာမည်ပေးဖော်ပြပါတယ်။ တကယ်ကတော့ မုန်တိုင်း ပြီးနောက် သူရန်ကုန်ရောက်လာပြီးတဲ့ နောက်ပိုင်း ကြားရမြင်တွေ့ရတာတွေ၊ လူတွေရဲ့ ကြေကွဲဖွယ် ဖြစ်ရပ် ဇာတ်လမ်းတွေကို သိုင်းဖွဲ့ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သူက စာအုပ်အစပိုင်း စာမျက်နှာတွေမှာ မုန်တိုင်းပြီးနောက် အသက်မသေဘဲ ကျန်ရစ်ခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ကလေးမလေး မဖြူရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်နဲ့စတင်ဖော်ပြခဲ့ပါတယ်။ သူက ဘိုကလေးမြို့နယ်ထဲက ကျေးရွာတခုမှာနေထိုင် သူပါ။ မုန်တိုင်းအတွင်းမှာ သူမိဘတွေသေဆုံးခဲ့ရပါတယ်။ သူကိုယ်တိုင် ဒီရေရောက် တောက အပင်တွေရဲ့ အမြစ်တွေ အကြား ကံကောင်းလို့တင်ကျန်ရစ်ခဲ့ရသူပါ။ ကိုယ်ခန္ဓာက အ၀တ်အစား တွေလည်း ဒီရေနဲ့ မျောပါကုန်ပါပြီ။ အချိန်အတော် ကြာ မေ့မျောနေခဲ့ပြီးမှ သတိပြန်ဝင်လာတော့ ကြုံရပုံတွေ၊ သူလိုပဲ အသက်မသေလို့ ရှင်ကျန်ရစ်သူတွေနဲ့ ပြန်တွေ့ရပေ မယ့် စားစရာဆိုလို့ လုံးဝမကျန်ရစ်တော့ ငတ်မွတ်နေရပုံ၊ မုန်တိုင်းပြီးနောက် ရှင်ကျန်ရစ်သူတွေ ရက်အတော်ကြာအောင် မြို့ကို ရောက်အောင်တက် လာပြီး အကူအညီရှာဖွေရပုံတွေကို ပုံကားချပ်တခုလို အသေးစိတ်ဖော်ပြထားခဲ့ပါတယ်။ လူသေ အလောင်း တွေကြားထဲ၊ ပုတ်ပွနေတဲ့ တိရိစ္ဆာန်အလောင်းတွေ မျောနေတဲ့အနိဌာရုံ မြင်ကွင်းတွေကိုလည်း သူက ချယ်မှုန်း ပြခဲ့ပါတယ်။

နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂-နှစ်ကာလ၊ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာပါ။ သမိုင်းမှာ မကြုံစဖူး ပြင်းထန်တဲ့ ဒီမုန်တိုင်းကို ဘယ်သူကမှ ကြိုတင်မမျှော်လင့်ထားကြသလို၊ ဒီလောက်အထိ ပျက်စီးကြရမယ်လို့ လည်း မမှန်းထားကြပါဘူး။ မုန်တိုင်းမတိုက်မီ အမေရိကန် အာကာသလေ့လာရေး နာဆာက ရိုက်ကူးထားတဲ့ ဂြိုဟ်တု မြေပုံနဲ့ မုန်တိုင်းပြီးနောက် မြေပုံယှဉ်လိုက်တော့ မြေပြင်အနေအထားက သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ မြေပြင် ကမ်းနားသတ်တွေ ပျောက်လို့ ရေပြင် ဖြစ်နေပါပြီ။ မြေပုံမှာ ဖြစ်သလို အောက်မှာ လည်း ရွာလုံးကျွတ်ရေမျောသွားတာ တွေ၊ မုန်တိုင်းထဲ ပျက်စီးသွားတာတွေ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းအမည်က ပန်းကလေးရဲ့အမည် “နာဂစ်” ဖြစ်ပေမယ့် ပန်း ကလေးလို နူးညံ့သိမ်မွေ့မှု မရှိခဲ့ပါဘူး။ စစ်အစိုးရသတင်းစာ မှာတော့ အဲဒီမုန်တိုင်း ရန်ကုန်ကို ပြင်းပြင်းထန်ထန်တိုက်နေ တုန်းမှာပဲ ၀န်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်လို့ သဘာဝကပ်ဘေး ကာကွယ်ရေးဗဟိုကော်မီတီကို မနက် ၈း၃၀ မှာ ဖွဲ့ပါတယ်။ ချက်ချင်းပဲ ဗိုလ်ချုပ် သိန်းစိန်က တောင်ပိုင်းကို ဆင်းသွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်ခဲ့ တယ်ဆိုပြီး ဖော်ပြပါတယ်။ အစိုးရသတင်းဌာနတွေမှာ တွေ့နေရတာက မပြီးနိုင်တဲ့ ကယ်ဆယ်ရေးအစည်းအဝေးပေါင်းစုံ နဲ့ အစိုးရကယ် ဆယ်ရေးစခန်းတွေမှာ လေဘေးဒုက္ခသည်တွေကို တွေ့ဆုံစစ်ဆေးနေပုံပါ။ ဒီလို ကယ်ဆယ်ရေးလုပ်ငန်း တွေကို လည်း အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ထားနိုင်တဲ့ဟန် ဖော်ပြနေခဲ့ပါတယ်။

စာရေးဆရာမ အမ်မာလာကင်ကတော့ ကံကောင်းထောက်မလို့ မြန်မာနိုင်ငံဝင်ခွင့် ဧည့်ခရီးသွားဗီဇာ ရခဲ့ပါ တယ်။ မြန်မာ နဲ့ အိမ်နီးချင်း ဘန်ကောက်မှာ အဲဒီအချိန်က ကယ်ဆယ်ရေးအတွက် ၀င်ချင်လို့ အကူအညီပေးဖို့ ဗီဇာစောင့်နေကြတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေက အများသားပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ၀င်ခွင့်ရဖို့က ခက်လှပါတယ်။ ထိုင်းနိုင်ငံမှာ အမေရိကန်ရဲ့ စီ-၁၃၀ ကုန်တင်ယာဉ်တွေက ပြည်ဝင်ခွင့်စောင့် နေကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် က လေယာဉ်တွေကလည်း ကယ်ဆယ်ရေးစားစရာတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘန်ကောက်၊ ဒူဘိုင်းတို့မှာ အသင့်စောင့်နေကြ ပါတယ်။ ကွာတာက လေယာဉ်တစီးက ကယ်ဆယ်ရေးအကူတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ရန်ကုန်လေဆိပ်ရောက် ပြီးမှ ပြန်နှင်ထုတ်တာလည်း ခံရပါတယ်။ စစ်အစိုးရ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေကတော့ ဒီအခြေအနေမှာ ဘာမှ မဖြစ်သလို ပုံမှန်ပဲ အစ္စရေးလွတ်လပ်ရေးနေ့ သ၀ဏ်ပို့တာ၊ နော်ဝေအမျိုးသားနေ့ သ၀ဏ်ပို့တာတွေ လုပ်နေခဲ့ပါတယ်။ မုန်တိုင်း သင့် ပြည်သူတွေကိစ္စက လူသိန်းချီသေဆုံးတာတောင် အရေးမဟုတ်သလိုပါပဲ။ နိုင်ငံတကာ အကူအညီတွေကို တားဆီးထားခဲ့ပါတယ်။ တချိန်ထဲမှာ စိုးရိမ်နေတာက အဲဒီအချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်ရေး ဆန္ဒခံယူတဲ့ အခါ နိုင်ငံခြားက စောင့်ကြည့်လေ့လာသူတွေ ရှိမနေစေချင်တာပါ။ ဒီလို တာဝန်မဲ့လုပ်နေတာ တွေကို နိုင်ငံတကာ အသိုင်း အ၀ိုင်းက မကြည့်နိုင်တော့လို့ ပြင်သစ် သမ္မတ ဆာကော့ဇီကဆိုရင် ပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာက ၀င်ရောက် စွက်ဖက်ခွင့်ကိုတောင် ပြောဆိုလာခဲ့ပါတယ်။ သိပ်မကြာခင် မေလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ငလျင်ကြီးလှုပ်ပါတယ်။ တရုတ်အစိုးရက ကယ်ဆယ်ပုံတွေကို တွေ့မြင်လာပြီး တဲ့နောက်၊ တရုတ်နိုင်ငံက တနိုင်ငံလုံးဝမ်းနည်းကျေကွဲမှုနေ့တွေကို သတ်မှတ်ခဲ့ပြီးတဲ့ နောက်မှာမှ ပုံတူကူးလို့ ၀မ်းနည်းကျေကွဲမှုအတွက်ရက် ၃ ရက် အလံတ၀က်လွှင့်ထူတာတွေ လုပ်ခဲ့ပါ တယ်။ ဗိုလ်ချုပ်သန်းရွှေ မုန်တိုင်း သင့်ဒေသကိုလာတာ မုန်တိုင်းဖြစ်အပြီး ၁၆ ရက်အကြာမှပါ။

စာရေးဆရာမ အမ်မာလာကင်က အရင်စာအုပ် ဂျော့အိုဝဲလ်ကို ရှာဖွေခြင်းကို ရေးဖို့ လာစဉ်က မိတ်ဆွေတွေ အများအပြား ရခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီမိတ်ဆွေတွေကတဆင့် ဇာတ်လမ်းမျိုးစုံကို ကြားရပါတယ်။ ဗုံးကြီးတလုံးကျကွဲလို့ ပျက် စီးသလို ဖြစ်နေတဲ့ ရန်ကုန်မြို့မြင်ကွင်းကိုလည်း ကိုယ်တိုင်ကြုံရပါတယ်။ အရင် ၂၀၀၇ က သံဃာတွေကို ချေမှုန်းရိုက်နှက် ဖို့ ရောက်လာခဲ့တဲ့ စစ်တပ်တွေကိုတော့ သူမမြင်ရပါဘူး။ လူကုန်ထံရပ်ကွက်တခုကို စောင့်ကျပ်နေတဲ့ စစ်သားတွေရယ်၊ သစ်ပင်ပြိုလဲနေတဲ့ ရပ်ကွက်၊ အိမ်တွေမှာ ငွေကြေးယူပြီး သစ်ပင်ရှင်းမလားလို့ လိုက်မေးနေတဲ့ စစ်သားတွေကို သူကိုယ် တိုင် အံ့သြဖွယ် မြင်ရတာတွေကို ဖော်ပြထားခဲ့ပါတယ်။ လူတွေက ကိုယ်ထူကိုယ်ထ ကူညီဖို့စိုင်းပြင်းကြပုံ၊ ရုန်းကန်ကြပုံ တွေကိုလည်း ဖော်ပြခဲ့ပါ တယ်။ သူ့ခရီးသွားမှတ်တမ်း မြင်တွေခဲ့ရသလို ဖော်ပြခဲ့ပေမယ့် ဖြစ်ရပ်တွေကို အတော် အသေးစိတ်၊ မကျွင်း မကျန်ရအောင် ဖော်ပြခဲ့ပါတယ်။ ဥပမာ ရန်ကုန် အင်းစိန်ထောင်ကြီး မုန်တိုင်းသင့်ပြီး ထောင်ဆူတဲ့ ဖြစ်ရပ် တွေကိုတောင် မကျန်ရအောင် ဖော်ပြနိုင်ခဲ့ပါတယ်။ နောက်တပတ်မှာ အမ်မာရဲ့ ရန်ကုန်အတွေ့အကြုံတွေ၊ မိတ်ဆွေတွေ ဇာတ်လမ်းတွေကို ဆက်လက်ဖော်ပြပါမယ်။ အားလုံးငြိမ်း ချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments