Pages

Friday, November 12, 2010

အရာအားလုံး ပြိုကွဲရခြင်း (မြန်မာနိုင်ငံရှိ ကပ်ဘေးဒုက္ခအကြောင်း) အပိုင်း (၁)


သောတရှင်မိတ်ဆွေများ ခင်ဗျား
ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်ကို မိတ်ဆက်ပေးဖို့ စဉ်းစားထားပါ တယ်။ စာရေးဆရာမ အမ်မာလာကင် (Emma Larkin) ရေးသားထားတဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။ အရာအားလုံးပြိုကွဲရခြင်း (မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်ရှိ ကပ်ဘေးဒုက္ခအကြောင်း) Everything is broken: The Untold Story of Disaster under Burma's Military ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်က မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကပ်ဘေးကာလ ကြုံတွေ့ရတဲ့ အကြောင်း အရာတွေကို တင်ပြထားတာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် လူ သန်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ လူပေါင်း ၈၄,၀၀၀ ကျော် သေဆုံးရပြီး၊ လူ ၅ သောင်းကျော် ပျောက်ဆုံးခဲ့ရပါတယ်။ ဒီမုန်တိုင်းအတွင်းမှာ ကြုံတွေ့ဒုက္ခ ခံစားခဲ့ကြတဲ့ မိသားစုတွေအကြောင်း တင်ပြထားတဲ့ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းက မြန်မာ့သမိုင်းတလျှောက်မှာ မကြုံစဖူး ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး ကပ်ဘေးလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကာလကလည်း ဂီရိအမည်ရှိတဲ့ မုန်တိုင်းက မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်း တိုက် ခတ်ခဲ့ပြီး၊ ကျောက်ဖြူ၊ ဒေသတွေမှာ လူပေါင်း ရာနဲ့ချီသေဆုံး၊ လူပေါင်း ၇၀,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်လေဘေးသင့်ဒုက္ခသည်တွေ နာလံထူတဲ့ အခြေအနေ မရောက်သေးခင်၊ အခုတခါ ရခိုင်ပြည်နယ်က ပြည်သူတွေ ကပ်ဘေးဒုက္ခကြုံကြရပြန်တာ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကာလက အတွေ့အကြုံတွေကို ဘယ်လောက် သင်ခန်းစာထုတ်ယူ ပြင်ဆင် နိုင်ခဲ့ ကြပါသလဲ။ နောက်တကြိမ်ကပ်ဘေးဒုက္ခကြုံရရင် ဘယ်လိုရင်ဆိုင်ကြ မယ်ဆိုတာ ဘယ်လောက်အဆင်သင့် ဖြစ်ကြပါသလဲ။ စစ်အစိုးရက ပြည်သူတွေဒုက္ခကြုံရတဲ့အချိန်မှာ သူတို့အရေးကို ဘယ်လောက်မေတ္တာထား ကူညီပေးခဲ့ကြပါသလဲ။ တကယ်တော့ အခုဂီရိမုန်တိုင်းကြုံရချိန်မှာလည်း စစ်အစိုးရက အဆင်သင့် ဖြစ်မနေခဲ့ ပါဘူး။ ကယ်ဆယ်ရေး အကူအညီတွေ နှေးကွေးနေပါတယ်။ လူသားတွေ ကြုံတွေ့ရတဲ့ ဒုက္ခအတိုင်းအဆ ကတော့ အတိုင်းမသိ ကြီးမားလှပါတယ်။ နာဂစ်မုန်တိုင်း ဒုက္ခတွေကြားမှာ ၂၀၀၈ ခုနှစ် စစ်တပ် အခြေခံ ဥပဒေကို အတင်း အကျပ် အတည်ပြုခဲ့သလို၊ အခု ၂၀၁၀ ဂီရိမုန်တိုင်းကြားထဲမှာလည်း ဒေသခံပြည်သူတွေ၊ ရခိုင်အမျိုးသားပါတီတွေက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေတဲ့ကြားက ရွေးကောက်ပွဲကို နောက်မဆုတ်တန်း ကျင်းပဖို့လုပ်နေတာဟာ လည်း၊ တချိန် ကပ်ဘေးဒုက္ခကို ပြန်အမှတ်ရစရာ ဖြစ်ပါတယ်။

အခု စာအုပ်အကြောင်းမပြောခင် စာရေးသူ အီမာလာကင် အကြောင်းကိုလည်း မိတ်ဆက်ပေးဖို့ လိုပါလိမ့်မယ်။ အီမာ လာကင်က စာရေးဆရာရဲ့ ကလောင်အမည်ပါ။ အာရှမှာမွေး၊ အာရှမှာကြီးတဲ့ အမေရိကန် သတင်း ထောက်တဦးဖြစ်ပြီး ဘန်ကောက်မှာ အခြေပြုပြီး အာရှဒေသသတင်းတွေကို လိုက်နေသူလည်း ဖြစ်ပါတယ်။ သူက လန်ဒန်က အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးတက္ကသိုလ်ကျောင်းမှာလည်း မြန်မာဘာသာစကား လေ့လာခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ ဖြစ်ပါလိမ့် မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာအုပ်တွေလည်း ရေးခဲ့ပါတယ်။ လျှို့ဝှက်ထားတဲ့သမိုင်း။ မြန်မာနိုင်ငံ လက်ဖက်ရည် ဆိုင်မှာ ဂျော့အိုဝဲလ်ကို ရှာဖွေခြင်း (Secret Histories: Finding George Orwell in a Burmese Tea Shop, 2005) ဆိုတဲ့ ၂၀၀၅ ခုနှစ်က ထုတ်ဝေတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ နာမည်ကျော် စာရေးဆရာကြီး ဂျော့အိုဝဲလ် ရေးခဲ့ဖူးတဲ့ စာအုပ် ၃-အုပ်နဲ့ အခုခေတ် မြန်မာပြည်ကို နှိုင်းယှဉ်ကြည့်တဲ့ အမြင်နဲ့ ကြည့်မြင်ထားတာပါ။ စာရေးဆရာကြီး ဂျော့အိုဝဲလ်က မြန်မာ့နေ့ရက်များ (Burmese days) မှာ မြန်မာနိုင်ငံ ကိုလိုနီခေတ်သူ့ အတွေ့အကြုံတွေ ရေးခဲ့ဖူးပါတယ်။ တခါ Animal Farm ဆိုတဲ့ စာအုပ်မှာ တိရိစ္ဆာန်တွေက လူတွေကို တော်လှန်ရေးလုပ်ပြီး၊ နောက်တော့ ဖောက်ပြန်ကာ လူလို ပြန်ပြုမူ ကြပုံကို စာအုပ်တအုပ်ရေးဖူးပါတယ်။ တခါ (1984) ၁၉၈၄ ဆိုတဲ့ စာအုပ်မှာတော့ အနာဂတ်မှာ အစိုးရတွေက နည်းပညာ အကူအညီနဲ့ လူတွေကို ထိန်းချုပ်ကွပ်ညှပ်ကြပုံကို ဖော်ပြရေးခဲ့ပါတယ်။ အခု စာရေးဆရာမကတော့ ဂျော့အိုဝဲလ်ရေးခဲ့တဲ့ စာအုပ်ထဲက အဖြစ်တွေကို မြန်မာနိုင်ငံမှာ နှိုင်းယှဉ်ကြည့်ခဲ့တဲ့အကြောင်း ရေးခဲ့တာပါ။ အဲဒီစာအုပ် “လက်ဖက်ရည်ဆိုင်မှာ ဂျော့ အိုဝဲလ်ကို လိုက်ရှာဖွေခြင်း” ဆိုတဲ့စာအုပ်ကလည်း နာမည်ကျော် လူကြိုက်များခဲ့ပါတယ်။

အခုတော့ အခု အသစ်ထုတ်ဝေထားတဲ့ နာဂစ်မုန်တိုင်း အတွေ့အကြုံအကြောင်း စာအုပ် “အရာအားလုံး ပြိုကွဲ ကုန်ပြီ” ဆိုတဲ့ စာအုပ်အကြောင်း သုံးသပ်ချက်တွေကို ပထမကြည့်ကြရအောင်ပါ။ စာအုပ်က နာဂစ်မုန်တိုင်း ပြီးခါစ လူတွေ တုန် လှုပ်ကြေကွဲနေကြပုံ၊ ဘာဆက်လုပ်ရမှန်း မသိရအောင် အပျက်အစီး ကြီးမားပြီး အံ့အား တကြီး ဖြစ်နေရပုံနဲ့ စာအုပ်ကို စဖွင့်ပါတယ်။ မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး မုန်တိုင်းကြီးရဲ့ အတွေ့အကြုံကို လူကိုယ်တိုင် မြင်တွေ့ရ၊ လူတွေကို မေးမြန်း ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရေးသားတားပါ။ သူက မုန်တိုင်းပြီးနောက်မှာ မြန်မာနိုင်ငံကို ၀င်ခွင့်ဗီဇာရလို့ ကိုယ် တိုင်လည်း မြင်ကြားခဲ့ရပါတယ်။ သူက မုန်တိုင်း ပြီးနောက် ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်တွေကနေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ စုထားတဲ့ cluster လို့ ခေါ်တဲ့ အစုအဖွဲ့ အစည်းအဝေးတွေ၊ နိုင်ငံတကာအဲန်ဂျီအိုကြီးတွေရဲ့ အစည်းအဝေးတွေ ဖက်ပေါင်းစုံ အတွေ့အကြုံကို အခြေခံရေးထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေသာမက၊ နိုင်ငံတကာ အဲန်ဂျီ အိုကြီးတွေမှာပါ ဘယ်ကနေ ဘယ်လို အစကောက်ရမှန်း မသိအောင် ဖြစ်နေရတဲ့ အခြေအနေတွေကိုလည်း ဖော်ပြခဲ့ပါ သေး တယ်။

စာရေးဆရာမ အီမာလာကင်ရဲ့ အားကောင်းချက်က အသေးစိတ် ပုံဖော်ပြနိုင်တာပါ။ ပုံကားချက်တခုဟာ စာလုံး ထောင်သောင်းကို ဖော်ပြနိုင်တယ် ဆိုသလိုပဲ၊ သူက နာဂစ်လေဘေးသင့် ပြည်သူတွေ အခြေအနေကို ပုံကား ချပ်တွေ၊ ဖြစ်ရပ် ဇာတ်လမ်းတွေနဲ့ ပုံဖော်ပြခဲ့ပါတယ်။ လဲကျနေတဲ့ သစ်ပင်ကိုင်းတွေ၊ ပုတ်ပွမျောပါနေတဲ့ အလောင်းတွေ စသဖြင့် အနိဌာရုံ မြင်ကွင်းကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ဖော်ပြခဲ့ပါတယ်။ ဒီလို အနိဌာရုံကြားထဲက ရုန်းကန်ကြတဲ့၊ မျှော်လင့် အားတက်ဖွယ် ဖြစ်သေးတဲ့ မြင်ကွင်းရုပ်ပုံကိုပါ ဖော်ပြခဲ့ပါတယ်။ အာဏာရှင် အစိုးရက စွန့်ပစ် လျစ်လျူရှုထားပေမယ့်၊ ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း ကူညီကြသူတွေ ကြောင့် အားတက်ရပုံတွေ၊ မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်ရောင်ခြည် တွေ၊ ပြည်သူတွေ ခွန်အားခံနိုင်ရည် ကိုလည်း သူ့ဇတ်လမ်းတွေ၊ မေးမြန်းခန်းတွေက ပေးနိုင်ခဲ့ပါတယ်။

ဒီစာအုပ်က နာဂစ်မုန်တိုင်းအကြောင်းပဲ၊ ဘာထူးသလဲလို့ မေးရင်တော့ အဖြေရှိပါတယ်။ ဒီစာအုပ်က နိုင်ငံ တကာ ပြည်သူ တွေက နားလည်ဖို့ ခက်လှတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဒုက္ခအကြောင်းတွေကို ကွင်းကွင်း ကွက်ကွက် ဖော်ပြထားတာ ပါ။ နိုင်ငံတကာ စာဖတ်ပုရိသတ်တွေအဖို့ မြန်မာနိုင်ငံအကြောင်း၊ အုပ်ချုပ်နေသူ တွေရဲ့ သဘောသဘာဝကို ပိုမိုနားလည် သဘောပေါက်စေဖို့ ဖြစ်စေသလို၊ သူများနားလည်ဖို့ ခက်လှတဲ့ မြန်မာ့ ဒုက္ခတွေကို ရှင်းလင်းမြင်သာအောင် တင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ် ခင်ဗျား။ နောက်တပတ်မှာတော့ ဒီစာအုပ်အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်း ချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

No comments:

Recent Comments