Pages

Friday, December 4, 2009

မီးလျှံနဂါး (၁ဝ)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေပါ တယ်။ အခုအပတ်မှာတော့ လွတ်လပ်ရေးခေတ် ပြည်တော်သာ စီမံကိန်းနဲ့ နိုင်ငံ တော်ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးဘဏ်များ အကြောင်းကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ တိုင်းပြည်ကို ဘယ်လိုပြန်လည် တည်ဆောက် ကြမယ်ဆိုတာ အဲသည် အချိန်က ခေါင်းဆောင်တွေမှာ စိတ်ကူးရှိခဲ့ကြပါတယ်။ အာဏာလက်ထဲ မရှိတော့ လေထဲတိုက်အိမ်ဆောက်ခဲ့ ကြရတယ်လို့ ဝန်ကြီးချုပ် ဦးနုက ပြောပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးစ နှစ်တွေမှာ ကွန်မြူနစ်၊ ကရင် စတဲ့ သူပုန်တပ်တွေနဲ့ ပြည်တွင်းစစ် အကြီးအကျယ် နွှဲခဲ့ရ ပါတယ်။ ပြည်တွင်းစစ်မီး အနည်းငယ်ငြိမ်လို့ တိုင်းပြည်မှာလည်း ဆန်စပါး ဈေးကောင်းလို့ အနည်းငယ် ကြွယ်ဝ လာတဲ့အခါမှသာ အဲသည်စီမံကိန်းကို ပြန်စ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တော်သာ စီမံကိန်းဆိုတာ အဲဒီအချိန်မှာ ပေါ်လာတဲ့ ၈-နှစ်တာကာလ စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်း ဖြစ်ပါတယ်။ "လူတကိုယ် တိုက်တလုံး၊ ကားတစီး" ဆိုတဲ့ သွားရေကျစရာေºကွးကြော်သံတွေ ရယ်၊ အမေရိကန် ပညာရှင်တွေရဲ့ အကူအညီနဲ့ ရေးဆွဲခဲ့တယ် ဆိုတာတွေ သောတရှင်များ ကြားဖူးပါလိမ့်မယ်။

ပြည်တော်သာ စီမံကိန်းဟာ အတော့်ကို ရည်မှန်းချက်ကြီးကျယ်တဲ့ ကိစ္စပါ။ လွတ်လပ်ရေးကို ဦးဆောင်ခဲ့ကြတဲ့ ခေါင်းဆောင် တွေက ဆိုရှယ်လစ်ရေး အယူအဆဖက်ကို တိမ်းညွှတ်ခဲ့ကြတော့၊ အခု စီမံကိန်းဟာလည်း ဒီမို ကရက်တစ် ဆိုရှယ်လစ် အယူအဆနဲ့ တိုင်းပြည်ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ ဦးနုက ၁၉၅၂ ခုနှစ်မှာ အာဏာကို လက်နိုင်ခြေနိုင် စအုပ်ချုပ်လာနိုင်တဲ့ ကာလဖြစ်ပါတယ်။ အဲဒီအချိန်မှာ အီရန်နိုင်ငံက အဖြစ်အပျက်တခုကို သူ သတင်းစာမှာ ဖတ်ရတယ်။ အီရန်မှာ အစိုးရက တိုင်းပြည်သယံဇာတ တွေကို သုတေသနပြု၊ အစီရင်ခံဖို့ နိုင်ငံခြားကုမ္ပဏီ တခုကိုငှားပြီး ဆောင်ရွက်စေတာကို ဖတ်ခဲ့ရပါတယ်။ အဲသည်တော့ မြန်မာပြည် ဖွံ့ဖြိုးရေးအတွက်လည်း ဒီလို ဆောင်ရွက် ရင် မဖြစ်နိုင်ဘူးလား၊ ဘယ်လို နိုင်ငံခြား ကုမ္ပဏီတွေကို ရနိုင်မလဲလို့ အတွင်းဝန်ဦးလှမောင်ကို ရှာဖွေခိုင်းခဲ့ကြောင်း ၁၉၅၅ ခုနှစ်၊ ပြည်တော်သာစီမံကိန်း အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မိန့်ခွန်းတခုမှာ ပြောခဲ့ပါတယ်။ အဲဒီကာလမှာ အမေရိကန်ပြည်ထောင်စု ကလည်း ကေတီအေ အင်ဂျင်နီယာကုမ္ပဏီ (Knappen, Tippetts and Abbott Engineering Co. --KTA) ရဲ့ လက်အောက်ခံဖြစ်တဲ့ ရောဘတ် နသန်နဲ့ လုပ်ဖော်ကိုင်ဘက်များ စီးပွားရေးရာ အကြံပေးကုမ္ပဏီ (Robert R. Nathan & Associates) က အမေရိကန် အစိုးရရဲ့ နိုင်ငံရပ်ခြား အထောက်အပံ့နဲ့ လာရောက်နေတဲ့ အချိန်ပါ။

နောက်ပိုင်းမှာတော့ ရောဘတ် နသန်တို့ စီးပွားရေးအကြံပေး ကုမ္ပဏီကပဲ ပြည်တော်သာစီမံကိန်းကို ရေးဆွဲခဲ့ ရတာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ သူတို့လုပ်ခ လစာကို မြန်မာအစိုးရက ထောက်ပံ့ပေးခဲ့ပါတယ်။ အကြောင်းက တော့ တရုတ်ဖြူ ကျူးကျော်မှုမှာ အမေရိကန် အစိုးရရပ်တည်ချက်ကို မြန်မာအစိုးရက မနှစ်သက်လို့ နှောင်ကြိုး ပါတဲ့ အကူအညီတွေ မယူဘူးလို့ ဆုံးဖြတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းအရ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍကို မပစ်ပယ်ပါဘူး။ ဒါပေမယ့် သီးနှံတခုတည်းကို အားကိုးနေရ တာမျိုး မဟုတ်ဘဲ စက်မှုဖွံ့òဖိး ထွန်းကားရေးကိုလည်း လုပ်မယ်။ မျှတအောင် ဆောင်ရွက်မယ် ဆိုပါတယ်။ ဒီကုမ္ပဏီက အမေရိကန် သမ္မတရုစဘဲ့၊ ထရူးမင်းတို့ လက်ထက် စီမံကိန်းတွေ ရေးဆွဲရာမှာ ပါဝင်ဆောင်ရွက် ခဲ့ရတဲ့ ကုမ္ပဏီဖြစ်သလို စစ်ပြီးခေတ် တည်ဆောက်ရေးအတွက် ပြင်သစ်၊ ကိုရီးယား၊ အီရန်၊ နိုက်ဂျီရီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေအတွက် အစီအစဉ်တွေ ရေးဆွဲပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွက် ဦးဆောင်ရသူ က စီးပွားရေး ပညာရှင် လူးဝစ် ဝေါ်လင်းစကီး ဖြစ်ပြီး သူက စစ်အတွင်းမှာ အမေရိကန်က အလုပ်သမားတွေ စုစည်းနေရာချထားတဲ့ပုံနဲ့ ဆိုရှယ်လစ် အယူအဆဖက် ယိမ်းတဲ့ မြန်မာခေါင်းဆောင်တွေ အကြိုက် ရေးဆွဲပေး ခဲ့တယ် ဆိုပါတယ်။ ၁၉၅၂ မှာ ပဏာမ အစီရင်ခံစာထွက်လာပြီး၊ ၁၉၅၃ သြဂုတ်လမှာ အစီရင်ခံစာ အပြည့် အစုံ ထွက်ခဲ့ပါတယ်။ ရည်ရွယ်ချက်က ၁၉၅ဝ ခုနှစ်ကနေ ၁၉၆ဝ ခုနှစ်အကြား မှာ တိုင်းပြည်ထုတ်ကုန် ဂျီဒီပီ ၂-ဆ တိုးဖို့လျာထားပါတယ်။

ဒီလို (ကေတီအေ) အစီရင်ခံစာက စာမျက်နှာ ၂ဝဝဝ ကျော်ရှိပြီး အတော်ပြည့်စုံတယ် ဆိုနိုင်ပါတယ်။ မြန်မာ့ သမိုင်းမှာ အတော်အရေးပါတဲ့ စီမံကိန်းတခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီစီမံကိန်းမှာ အမှားတွေ လည်း ပြည့်နေတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံရမယ့် မူလစရင်းဇယား၊ အချက်အလက်တွေ ချို့တဲ့လို့ ဖြစ်ရတယ်ဆိုတာမျိုး ပြောကြပါတယ်။ ကေတီအေကုမ္ပဏီက ကိုယ့်ကိုယ်ကို ယုံကြည်မှုကဲလွန်းပြီး အကောင်းမြင် ရေးဆွဲထားတယ် ဆိုတာမျိုး လည်း ပြောကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစိုးရပိုင် လုပ်ငန်းကြီးတွေ၊ ဘုတ်အဖွဲ့တွေ၊ စီမံကိန်းကြီးတွေ ပေါ်လာ ပါတယ်။ ကိစ္စကြီးအတော်များများကို အစိုးရက ချုပ် ကိုင်လာပါတယ်။ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အပေါင်ဆိုင်တွေက စလို့ နိုင်ငံတော် အသေးစား ဌာန စသဖြင့် ဖွဲ့စည်းလာသလို၊ သမဝါယမ လုပ်ငန်းတွေကိုလည်း တဖန်ပြန်စုဖွဲ့လာပါတယ်။

အဲသလို နိုင်ငံတော်က ဦးဆောင်လုပ်တဲ့ လုပ်ငန်းကြီးတွေ၊ ဘုတ်အဖွဲ့တွေ များလာတာနဲ့ အမျှ အစိုးရ အသုံး စရိတ် ကြီးလာတာ၊ နောက်ပိုင်းမှာ ဆန်ဈေးကျ၊ နိုင်ငံခြားဝင်ငွေနည်းလာလို့ လိုငွေပြလာတဲ့ကိစ္စတွေကို အရင် တပတ်က ကျနော်တင်ပြခဲ့ပါတယ်။ နိုင်ငံခြားငွေ ကျဆင်းလာချိန် နောက်ပိုင်းမှာတော့ ပြည်တော်သာစီမံကိန်း လည်း မအောင်မြင် ဖြစ်ခဲ့ရပြီး၊ ၁၉၅၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်အစိုးရခေါ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့် အစိုးရ တက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပါလီမာန်ဒီမိုကရေစီ ကာလမှာတော့ အစိုးရရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် ရှိသလို၊ အခြား ပုဂ္ဂလိကပိုင် ဘဏ်တွေလည်း ရှိခဲ့ကြပါတယ်။ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို ထူထောင်တာက အကြောင်းရှိပါတယ်။ အစိုးရရဲ့ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးနိုင်ဖို့ ရယ်၊ အရင်က နိုင်ငံခြားဘဏ်ကြီးတွေက လွှမ်းမိုး ချယ်လှယ်နေတဲ့ နေရာတွေမှာ အမျိုးသားပိုင် ဘဏ်လုပ်ငန်းတွေနဲ့ အစားထိုးနိုင် ရေးပဲ ဖြစ်ပါတယ်။ (ကေတီအေ) စီမံကိန်းကလည်း နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် ထူထောင်ဖို့ အထူးအကြံပေးခဲ့ပါတယ်။ အမျိုးသား လုပ်ငန်းရှင်တွေ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ ငွေလို တယ်၊ ပံ့ပိုးပေးဖို့ လိုတယ် ဆိုတာ တင်ပြခဲ့ပါ တယ်။ ပုဂ္ဂလိကပိုင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းတွေ အနေနဲ့ အမျိုးသားပိုင် အင်းဝဘဏ်၊ (ဘီအီးဒီစီ) လို့ခေါ်တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေး ကော်ပိုရေးရှင်းဘဏ်၊ ရန်ကုန်ဘဏ်၊ အထက် မြန်မာ နိုင်ငံဘဏ်၊ ထားဝယ်ဘဏ် စသဖြင့်အပါအဝင် ၁၁ ခုအပါဝင် နိုင်ငံခြား ဘဏ် ၁၃ ခုလည်း ရှိပါတယ်။ ဒါပေမယ့် ဘဏ်လုပ်ငန်း ချေးငွေတွေနဲ့ ပတ်သက်လို့ အခက် အခဲကြုံကြရတာက ၁၉၄၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှု ပစ္စည်းများ အက်ဥပဒေနဲ့ ၁၉၄၈ ခုနှစ်မှာ ပြဌာန်းပြီး ၁၉၅၃ မှာ ပြန်လည်ပြင်ဆင်တဲ့ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေ တွေကြောင့် ဘဏ်တွေက မြေကို အပေါင်ခံထားတာ၊ ငွေချေးပေးတာ စတဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာရပါတယ်။

နောက်တပတ်မှာတော့ ကိုလိုနီခေတ်က ချစ်တီးတွေကြောင့် လယ်ဆုံးရတဲ့ လယ်သမားတွေအတွက် ပါလီမာန် ခေတ်မှာ ဘယ်လို ချေးငွေရအောင် ဆောင်ရွက်ပေးသလဲဆိုတာ၊ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

Anonymous said...

It was a pipe dream, a country with a lot of baggage dragging her behind
aiming impossible dreams. Consultants
charged like hell.

Recent Comments