Pages

Friday, November 27, 2009

မီးလျှံနဂါး (၉)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ လွတ်လပ်ရေးခေတ် ၁၉၅၂ ခုနှစ်နောက်ပိုင်း ဗြိတိသျှ ငွေကြေးဘဏ်စနစ်နဲ့ ကင်းလွတ်စွာ ကိုယ့်ဘာသာ စီမံခန့်ခွဲခဲ့တဲ့ မြန်မာ နိုင်ငံဘဏ် အကြောင်းကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
အင်္ဂလန်ဘဏ်နဲ့ အမှီအခိုမကင်းတဲ့ စနစ်ကနေ သီးခြားလွတ်လပ်တဲ့ မြန်မာနိုင်ငံ တော်ဘဏ်ကို ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဘဏ် ဥပဒေကို ၁၉၅၂ ခုနှစ်မှာ ပြဌာန်း ပြီးတဲ့နောက် အသက်ဝင်လာခဲ့တာပါ။ အခု အချိန် မှာတော့ 'ဗဟိုဘဏ်'တခုလို သက်ဝင်အာဏာရှိလာပြီး ငွေကြေးရိုက်ထုတ်တဲ့တာဝန်ပါ စတင်ယူခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် ဥပဒေအရပဲ အရင်ကရှိခဲ့တဲ့ ငွေကြေးဘုတ်အဖွဲ့ နဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော်ဘဏ် ဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ငွေကြေးစနစ်တည်ငြိမ် စေရေး၊ နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာ ငွေတည်ငြိမ်စေရေး၊ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားစုတွေ တိုးတက် ဖွံ့ဖြိုးစေရေးနဲ့ ပြည်သူတွေရဲ့ ဝင်ငွေတိုးတက် စေရေးအတွက် ဆိုပြီး ရည်မှန်းချက်တွေနဲ့ ဘဏ်ကို ဦးဆောင်မယ့် အဖွဲ့ဝင် ၇ ဦးပါ ဘုတ်အဖွဲ့ကိုလည်း တာဝန် ပေးအပ်ခဲ့ပါတယ်။ ရင်းနှီးမတည်ငွေကို ကျပ်သန်း ၄ဝ ထားရှိခဲ့ပါတယ်။ ဘဏ်ဦးဆောင် ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဦးမြက တာဝန်ယူပြီး၊ သူတို့က ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေဖြစ်ပါတယ်။ အထွေထွေမန်နေဂျာက ယခင်မန်နေဂျာ ဦးစံလင်းကပဲ တာဝန်ယူရပါတယ်။ သူက တော့ ဘဏ်ရဲ့နေ့တဓူဝ လုပ်ငန်းတွေကို ကြီးကြပ်ရပါ တယ်။ အဲသည် ၂-ဦး လုံးက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော်ဘဏ် စတင်ကတည်းက တာဝန်ယူလာကြတဲ့သူ တွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ဘဏ်က ၁၉၅၂ ခုနှစ် ဥပဒေပြဌာန်းချိန်မှာ နိုင်ငံတွင်း တည်ရှိနေတဲ့ ငွေကြေးအားလုံးကို တာဝန် ယူ ခဲ့ပါတယ်။ အဲသည်အချိန်က မြန်မာငွေနဲ့ ရွှေ၊ အခြားနိုင်ငံခြားငွေတွေနဲ့ လဲလှယ်နှုန်း အသေ သတ်မှတ်ထားတဲ့ စနစ် အပေါ် စောင့်ကြည့်ချိန်ညိ‡ဖို့လည်း တာဝန်ပေးခံရပါတယ်။ အဲဒါအပြင် ငွေကြေးလဲ လှယ်နေတဲ့ ပွဲစားတွေ၊ လုပ်ငန်းတွေကိုလည်း သူတို့က စောင့်ကြည့်ကြီးကြပ်ရပါတယ်။ အဲဒါအပြင် ပုဂ္ဂလိက ဘဏ်တွေကို လိုင်စင်ခွင့်ပြုချက် ချပေးတာ၊ သူတို့ လုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးနိုင်တာ၊ ဘဏ်ခွဲ အသစ် တွေ ထပ်ဖွင့်မယ်ဆိုရင် ဗဟိုဘဏ်က ခွင့်ပြုချက်ယူရတာမျိုး စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကိုပါ ပေးအပ်ထား ခဲ့ပါတယ်။ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး အတိုးနှုန်း သတ်မှတ်တာတွေ တာဝန်ယူရတဲ့အပြင်၊ အစိုးရရဲ့ ဘဏ်လုပ်ငန်း အဖြစ်လည်း တာဝန်ယူခဲ့ရပါတယ်။ အစိုးရကို ငွေထုတ်ချေးပေးတာကို ခွင့်ပြုထားခဲ့ပေမယ့် လာမည့်နှစ် ခန့်မှန်း အစိုးရဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်မချေးရ ဆိုတာမျိုး ကန့်သတ်ချက်တွေတော့ ရှိခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ဒုတိယပိုင်းကာလ မြန်မာနိုင်ငံတော်ဘဏ် စတင်တည်ထောင်ခဲ့တဲ့ အချိန်ဟာ တိုင်းပြည် ကြွယ်ဝ စည်ပင် နေတဲ့ ကာလလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခါစက စလို့ ဖြစ်လာတဲ့ ပြည်တွင်းစစ်မီး အရှိန်လျှော့လို့ အစိုးရ ထိန်းချုပ်မှုရလာတဲ့ အချိန်၊ ကုန်စည်စီးဆင်း ဖောက်ကားမှု ပြန်လည်အရှိန်ရလာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆန်စပါး ဈေးကွက်ကလည်း ပြန်လည်ပွင့်လင်းလာပြီး ကိုရီးယား စစ်ပွဲကြောင့် မြန်မာနိုင်ငံက တင်ပို့နေတဲ့ စပါးတွေလည်း ဈေးကောင်းရနေတဲ့ အချိန်ပါ။ ပြီးခဲ့တဲ့ ၃-နှစ်မှာ အမျိုးသားထုတ်ကုန် တန်ဖိုးဆက်တိုက် ကျနေရာကနေ၊ အခု နာလံပြန်ထူလာနိုင်တဲ့ အခြေအနေပါ။

မြန်မာအစိုးရက ဆန်ရောင်းချငွေကနေ အမြတ်အစွန်း အများအပြားရလာပါတယ်။ အဲသလို အခြေအနေကြောင့် မြန်မာနိုင်ငံတော်ဘဏ်က သက်တောင့်သက်သာနဲ့ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။ အောင်မြင်တယ်လို့ ဆိုရင်တောင် ရနိုင်ပါတယ်။ အဲသည်အချိန်မှာ အစိုးရက ငွေကြေးပြည့်စုံလာတော့ ဘယ်လိုသုံးရမလဲဆိုပြီး အနီးအပါး လိုက်ကြည့်နေတဲ့ အချိန်လို့လည်း ဆိုပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတော်ဘဏ် ၁၉၅၂ ခုနှစ် မှာ စတင်ပေါ်လာတာဟာ၊ အစိုးရက ပြည်တော်သာစီမံကိန်း၊ ၈ နှစ်တာ စီးပွားရေး ဖွံ့ဖြိုးမှုအစီအစဉ်ကို ကြေညာ ပြီးနောက်တလမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲသည်တော့ နောက်ပိုင်းမှာ ပြည်တော်သာစီမံကိန်းကနေ ချဲ့ထွင်လာတဲ့ ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့တွေအတွက် အသုံးစရိတ်တွေကလည်း ကြီးမြင့်လာပါတယ်။ ပြည်တော် သာ စီမံကိန်းအရ နိုင်ငံတော် ကောက်ပဲသီးနှံ ကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့၊ လျှပ်စစ်လုပ်ငန်း ဘုတ်အဖွဲ့၊ မြန်မာ့ မီးရထား ဘုတ်အဖွဲ့၊ ပြည်တွင်း ရေကြောင်းသွားလာရေး ဘုတ်အဖွဲ့ စသဖြင့် ဘုတ်အဖွဲ့ အမြောက် အများ ကို ဖွဲ့စည်းပြီး၊ လုပ်ငန်းတွေ ချဲ့ထွင်၊ ငွေတွေသုံးလာလိုက်တာ နိုင်ငံက ကောက်ခံရရှိတဲ့ အခွန် ဘဏ္ဍာအပြင်၊ ကောက်ပဲသီးနှံ ကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့က အမြတ်ငွေတွေပါ ကုန်တဲ့ အနေအထား ရောက်လာ ပါ တယ်။

ဒါပေမယ့်လည်း ၁၉၅၂ ခုနှစ်ကစလို့ ဆန်ဈေးက တဖြည်းဖြည်းကျလာပါတယ်။ ၁၉၆ဝ အထိ ကာလအကြားမှာ စပါးဈေးက ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းလာတော့ နိုင်ငံခြားဝင်ငွေကလည်း ခန်းလာပါတယ်။ အစိုးရရဲ့ ဘတ်ဂျက်လိုငွေပြတာလည်း ပိုလို့ များလာခဲ့ပါတယ်။ အဲသည်တော့ မြန်မာနိုင်ငံတော်ဘဏ်က ချေးယူသုံးစွဲ ရဖို့ ဖြစ်လာပါတယ်။ အစိုးရရဲ့ ကော်ပိုရေးရှင်း၊ စီးပွားရေးလုပ်ငန်း ဘုတ်အဖွဲ့တွေကလည်း အစိုးရရဲ့ အာမခံ ချက်နဲ့ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးဘဏ်တွေဆီကနေ ဖောဖောသီသီ ချေးယူသုံးစွဲခဲ့ကြပါတယ်။ ဘုတ် အဖွဲ့၊ ကော်ပိုရေးရှင်းတွေဆီက ငွေတွေကြောင့်အပြင် အစိုးရက ဘတ်ဂျက်တိုးသုံးစွဲနေတာကြောင့် ငွေကြေး တွေ အလျှံပယ်ဖြစ်နေပြီး၊ ငွေဖောင်းပွမှု ဖြစ်လာနိုင်ချေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်က ပြည်ပ က သွင်းကုန်တွေလည်း ဖောဖောသီသီ ဝယ်လိုအား ရှိနေတဲ့အတွက် ငွေကြေးဖောင်းပွမှုက ထေမိသလို ဖြစ်စေပြီး ပြဿနာ အကြီးအမားတော့ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။ ဒီကာလကြားထဲမှာ မြန်မာနိုင်ငံတော်ဘဏ်က အစိုးရငွေကြေး သုံးစွဲတာ များနေတာကို ထိန်းချုပ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းပေးခဲ့သေးတယ်လို့ ဆိုပါ တယ်။ အစိုးရ ခေါင်းဆောင်တွေ၊ ဘုတ်အဖွဲ့ခေါင်းဆောင် အရာရှိတွေနဲ့ အစည်းအဝေးမှာ အစိုးရက အခုလို ဗဟိုဘဏ်ကို ငွေတွေ အတင်းအကျပ် ထုတ်ချေးခိုင်းနေတာဟာ ပြဌာန်းထားတဲ့ အနှစ်သာရတွေကို ချိုးဖောက် ရာ ရောက်နေပြီလို့ တင်ပြခဲ့တာမျိုးလည်း ရှိပါတယ်။

၁၉၅၅ ခုနှစ်မှာတော့ နိုင်ငံခြားအရံ ငွေကြေး ခမ်းလာတာကို သိရှိလာတဲ့ အစိုးရက ပြည်ပက သွင်းကုန် တွေကို တင်သွင်းတာကို တားမြစ်ကန့်သတ်တာတွေ လုပ်လာခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးလှည့်လည်သုံးစွဲနေမှုကို မလျှော့နိုင်တဲ့အခါ နောက်ပိုင်းနှစ်တွေမှာ ငွေကြေးဖောင်းပွမှုတွေ တက်လာပါတယ်။ တဖက်မှာလည်း လိုင်စင်နဲ့ သွင်းကုန်သွင်းစေတဲ့ စနစ်ကြောင့် အခွင့်ထူးခံ လူတန်းစားတရပ်လည်း ပေါ်ပေါက်လာပြန်ပါတယ်။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်အစိုးရလို့ ခေါ်ကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရ လက်ထက်မှာ ကျေးလက်ချေးငွေတွေ တိုးချဲ့ချေးစေတဲ့အခါ မြန်မာပြည် အရံငွေတွေ တရဟော ထိုးကျစေခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း လျှော့ကျနေမှုက မရပ်ဆိုင်းသွားခဲ့ပါဘူး။ ဒီကြားထဲမှာ မြန်မာနိုင်ငံတော်ဘဏ် အရာရှိတွေက ငွေကြေးတည် ငြိမ်စေရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြတာ ရှိပါတယ်။ ဘဏ်တွေကို အရန်ချန်ငွေနှုန်း မြှင့်တင်ခိုင်းတာ၊ အပ်ငွေတွေအပေါ် ပြန်ထုတ်ပေးချေးငွေတွေကို ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်၊ စစ် အာဏာသိမ်းတဲ့အခါမှာတော့ အရင်က ငွေကြေးစနစ်အတွက် စိုးရိမ်ပူပန်နေရမှုတွေက အကျုံးမဝင်တော့ဘူး ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စစ်အစိုးရက ပုဂ္ဂလိကလုပ်ငန်းတွေ၊ ဘဏ်တွေအားလုံးကိုပါ ပြည်သူပိုင် သိမ်းခဲ့ပါတော့တယ်။

နောက်ပတ်မှာတော့ လွတ်လပ်ရေးခေတ် ပြည်တော်သာစီမံကိန်း အကြောင်းနဲ့ ပုဂ္ဂလိက ကုန်သွယ်ဘဏ်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments