ငါက ဇာတ်မတိုက်ဘဲ စင်ပေါ် ကပြရသူပါ၊
ရှေ့လွမ်းချင်း အခန်းကို ဘယ်သိနိုင်ပါ့မလဲ
အခုတော့ ခြေလှမ်းတိုင်းမှာ
မြူတွေဆိုင်းဖွဲ့ အနာဂတ်ကိုလည်း
မသေချာခြင်းတွေကပဲ အတိုင်းမဲ့ရှည်လျားပေါ့။
ပင်လယ်တခုက
မုန်တိုင်းတွေ သိုလှောင်ထားသလိုပဲ
ဝိရောဓိတွေအပြည့်
မြင်းရိုင်းတွေလို ရုန်းကြွ
လှိုင်းခေါင်းဖြူတွေ အချင်းချင်း ခွပ်ကြတယ်
လေရိုင်းတွေက ငါ့နံကိုင်း ကျောက်ဆောင်ကို ရိုက်ကြတယ်။
တချို့နေ့တွေမှာ
ငါဟာ ခိုတွေလို တရုန်းရုန်း ပြန်တက်ပြန်ဆင်း
တချို့နေ့ခင်းတွေကြတော့
ငါဟာ သူတို့နားရာ ရုပ်ထုသေ ဖြစ်ရလေတယ်။
တချို့နေ့တွေမှာ ငါဟာ စောင့်နေတဲ့ ကျောက်ဆောင်ဖြစ်
တချို့နေ့တွေမှာ ငါဟာ ရွက်လွှင့်တဲ့ လှိုင်းခေါင်းဖြူ ဖြစ်ပြန်တယ်။
တခါတလေမှာ
ငါက ငြိမ်သက်တဲ့လေပြေ
တခါတလေကျတော့ လွင့်ပါးတဲ့ ရွက်ဝါကြွေ
တချို့နေ့တွေကြတော့
ငါက အိမ်တကာလည်နေတဲ့ ပိုင်ရှင်မဲ့ ကြောင်တကောင်
တချို့နေ့တွေလည်း ကြောင်ကိုကြိုတဲ့ ခေါင်မိုးဖြစ်ပြန်တယ်။
အရှင်
အလင်းတစ ပြပါ။
နှာခေါင်းထဲကို အသက်ဇီဝ မှုတ်သွင်းတော်မူပါ။
ယောဟန်အောင်
၂၂ နိုဝင်ဘာလ၊ ၂၀၀၉ ခုနှစ်။
6 comments:
ဆရာယောရဲ့ကဗျာတွေကိုမျှော်ပါတယ်.
ဇာတ်တိုက်တိုက် မတိုက်တိုက်.
ဆရာယောရဲ့ဇာတ်မှာ လွမ်းချင်းတွေဝေးပါစေ.
ဗီလိန်ဇတ်ရုပ်တွေကို အရင်ကလိုပဲ တော်လှန်နေစေချင်ပါတယ်.
ကျနော်ကပဲ ချင်ခြင်းတွေများနေသလား မသိ။
ဆရာရေ ကဗျာလာဖတ်သွားပါတယ်။ သိပ်တော့ နားမလည်ဘူး။ ကျွန်မက စကားပြေတောင် အတည့်ရေးလို့ တ၀က်ရိပ်မိသူ မဟုတ်ဘူးဆိုတော့ သွယ်ဝိုက်ပြီး ရေးထားတဲ့ ကဗျာဆိုပိုဆိုးတာပေါ့။
Seek and you will find. ( Matthew 7:7)
:)
အမှန်တရားဟာ တစ်ခုထဲရှိတယ်လို့လည်း ဆိုကြတယ်။
အရာတိုင်းဟာ ကတ္တားဖြစ်လိုက် ကံဖြစ်လိုက် ဆိုတာလည်း အမှန်တရားလား။
အလင်းဆိုတာလည်း အမှောင်ရှိနေလို့သာ အလင်းဖြစ်တာပဲ။
သဘာဝတွေထဲမှာ နေပျော်ပါဦး။ :)
စာလုံးပေါင်းလည်း အမှန် ပြင်ဦးဗျ..
မသေချာ
ဝိရောဓိတွေအပြည့်
နှာခေါင်း
:)
Sa yar Yaw.....
It's ok....take care ur self :)
a live or dead is ,not 2 much different...just some nights & days.... :)
Post a Comment