Pages

Sunday, November 22, 2009

ထီထိုးသူများ

"လူတယောက်ဟာ တသက်မှာ တကြိမ်ထီပေါက်နိုင်တဲ့ အခွင့် အရေးတော့ရှိတယ်။ ပေါက်ဖို့ ထီထိုးတယ်ဆိုရင်တော့ ဘာဖြစ်လို့ ဆုသေးသေးယူမှာလဲ။ ဆုကြီးကြီးပဲ မှန်းပြီးထိုးမှာပေါ့ဗျ”

ကျနော့မိတ်ဆွေက ပြောတယ်။ ကျနော်တို့ နေတဲ့နေရာမှာ ထီထိုးဖို့ကိစ္စ စကားရောက်ကြရင်း ငြင်းဖြစ်ကြတာ။ ဒီ အမေရိကန် နိုင်ငံမှာက ဒေါ်လာ သန်းရာချီပေါက်နိုင်တဲ့ ပါဝါဘောလ်တို့၊ မဂ္ဂါ မီလီယံတို့လို ထီမျိုးရှိသလို၊ ချဲထီသဖွယ် နေ့စဉ်ထွက် ၃- လုံး၊ ၄- လုံးထီလည်း ရှိတယ်။ ကျနော်က ၃- လုံးထီ ထိုးဖို့ စဉ်းစားတော့ သူက ဒီလိုပြောလာတာ။

"ခင်ဗျား စဉ်းစားကြည့်။ ခင်ဗျား.. ဘ၀မှာ ကော်ကောင် ပေါက်နိုင် တဲ့ ကံကဲပြောပြော.. တချိန်ချိန်မှာတော့ ကြုံရနိုင်တာပဲ။ ဒီကံ ကလည်း တကြိမ်တည်းရမှာ၊ နောက်တခါ ပြန်မကြုံရနိုင်တာမျိုး လည်း ဖြစ်နိုင်တာပဲ။ ဗေဒင်ဆရာတွေကို သွားမေး ကြည့်လိုက်၊ ဘ၀မှာ တကြိမ်တခါတော့ အကြီးအကျယ် ဆုံးရှုံးဖူးမယ် ပြောတယ်။ မှားသလား....။ အကြီးအကျယ် အောင်မြင်မှု တခုခု ရဖူးမယ် ပြောတယ်။ မှားသလား။" သူပြောတာ ဟုတ်သလိုလိုတော့ ထင်နေမိတယ်။

"ဆုသေးသေးလေးတွေနဲ့တော့ ဘ၀မှာ ကျေနပ်လိုက်ရမှာလား။ ထီထိုးမယ်ဆိုရင်တော့ ထိုးရင် မပေါက်ရင်နေ... ဆုကြီး ကိုပဲ မျှော်ပြီးထိုးတော့မယ်။" သူကပြောတယ်။

ဒီလိုနဲ့ လူတွေဟာ ဆုကြီးတွေကို မျှော်မှန်းကြ၊ ရင်းစားပေးလိုက်ကြ။ အချို့ဆိုရင် ဘ၀ကိုတောင် လောင်းကြေး ထပ်မိတာ ရှိကြသေးတယ်။

(၁)
ဒေသန္တရ ဗဟုသုတများတဲ့ မိတ်ဆွေတယောက်ကလည်း ရှမ်းပြည်မှာ သူကြုံရတဲ့ ၃၆ ကောင်ထီအကြောင်း ပြောပြ သေးတယ်။
၃၆ ကောင်ထီဆိုတဲ့ သဘောကိုလည်း နည်းနည်းရှင်းပြဖို့ လိုလိမ့်မယ်။ ရှမ်းပြည်နယ်မှာ ၃၆ ကောင်ထီကို ဘုရားပွဲတွေ၊ ဈေးပွဲနေ့တွေမှာ လာဖွင့်လေ့ရှိတယ်။ ထိုးသားအများစုက ရိုးသားတဲ့ တောသူတောင်သား ရှမ်းတွေ၊ ပအို့ဝ်လူမျိုးတွေ၊ ဒိုင်ကိုင်သူက တရုတ်လူမျိုးတွေ များကြတယ်။

အရုပ် ၃၆ ကောင်ရှိတယ်။ အဲသည်အထဲက အရုပ်တခုခုကို နံနက်အစောပိုင်းကတည်းကနေပြီး အထုပ်နဲ့ထုပ် တိုင်ထိပ်မှာ ကြိုးနဲ့ချီပြီး တင်ထားလိုက်တယ်။ နောက်တော့ အတိတ်စိမ်းကို ထီဆိုင်ရှေ့ ကျောက်သင်ပုန်းမှာ ရေးထားလိုက်တယ်။ တွေး ပေတော့၊ အကောင် ၃၆ ကောင်ထဲမှာ တခုခုတော့ မှန်ပေလိမ့်မယ်။ ၃၆ ကောင် အကောင်တွေထဲမှာ ......... တွေပါတယ်။

အတိတ်စိမ်းဆိုတာက သည်လိုထီထိုးဖို့ ပေးထားတဲ့ အတိတ်တွေကနေ ပေါ်လာတာ။
လူတွေ တွေးသမျှ ထိုးသမျှ နောက်ဆုံးလွဲတာချည်း။
အတိတ်က "အပျိုနှစ်ယောက် တင်ကကောက် ယောက်ျားမရနိုင်" တဲ့။ ထွက်လာတဲ့ အကောင်က (ခို)။ လွဲပေတော့။ သည်အခါ ထိုးတဲ့ရွာသားတွေက တရုတ်ဒိုင်ကိုသွားလို့ ပြဿနာ ရှာကြတယ်။
"ဘာဆိုင်လို့ အပျို ၂ ယောက် ယောက်ျားမရတာက ခို ဖြစ်ရတာတုန်း".. မေးကြတယ်။
သူ့အဖြေနဲ့ သူတော့ ဟုတ်သား။
အပျို ၂ ယောက် ယောက်ျားမရတော့ မှောင်ရိပ်မှာ ခိုလို့ မညည်းဖူးလား။ ညည်းတော့ ခိုနဲ့ မတူလားတဲ့။ သူ့ဆင်ခြေနဲ့ သူတော့ ဟုတ်သား။

နောက်အတိတ် ထူးထူးဆန်းဆန်းတွေလည်း ရှိသေးတယ်။
" အောင်ကျော်စိန်ခေါ် မင်းသားကျော်...မခင်မြက မျက်စိကျ" တဲ့။ ထီဖွင့်တော့ ထွက်လာတဲ့ အကောင်က (ဆိတ်)။ လွဲပေတော့။ ဒါပေမယ့်လည်း ပြဿနာသွားရှာရင်တော့ လွဲပေလိမ့်မယ်။ ဒိုင်မှာက ဆင်ခြေတွေက အပြည့်။
အောင်ကျော်စိန်က မင်းသားနာမည်ကြီး။ သူ့ကို မခင်မြက သဘောကျနေတယ်။ သဘောကျနေတော့ သွားတွေ့ပြီး လူ အလစ်မှာ ဆိတ်လား ဆွဲလား မလုပ်လားတဲ့။ သည်တော့ အဖြေက (ဆိတ်) ဆိုပဲ။

ဒါတွေက ရှေးယခင်က အတိတ်တွေမို့ထားပါတော့။ ဒီနေ့ခေတ် ချဲနံပါတ်တွက်သူတွေကလည်း အတွေးခေါင် ဘာသာပြန် ကြတာတွေရှိသေးရဲ့။
မိတ်ဆွေတဦးကတော့ သူကြားခဲ့ရပုံတွေကို ပြန်ပြောပြတယ်။
တနေ့မှာ သူရဲ့ မိတ်ဆွေအိမ်အသွား တွက်ချက်နေပုံ ကြားခဲ့ရသတဲ့။
"ဘိုးတော်ကဗျာ ပေးထားတဲ့ အတိတ်ကအမှန်ဗျာ၊ ကျနော်တို့က အကောက်အယူလွဲတာ"
ဒီလို ပြောနေသံ ကြားရတယ်။
ဘိုးတော်က ဘာပြောလို့လဲ။ ဆရာတော်က ပြောတာ (မဟာ) လို့ အတိအကျကို ပြောတာ။ သူ့မိတ်ဆွေတွေက ပြန်ဖြေ တယ်။ (မဟာ) ဆိုလို့ ၁ ထိုးတယ်။ ထွက်တော့ (၇)။
ဒါတောင်မှ သူတို့ ဘာသာပြန်ပုံနဲ့ မှန်တယ်ဆိုနေသေးတယ်။ ဘိုးတော်က အပီပေးလိုက်တာ ဆိုနေသေးတယ်။
ဘယ်လို (၇) ထွက်ရပုံကို သူတို့က ပြန်ဘာသာပြန်ပြတယ်။
"မဟာဆိုတာက ဇော်ဝင်းထွဋ် သီချင်းခွေ မဟုတ်လား"
ဟုတ်... ဒါပေမယ့် ၇ နဲ့ မဆိုင်လှသေးဘူး။
ဇော်ဝင်းထွဋ်ရဲ့ အမေက အဆိုတော် "ထား" မဟုတ်လား။
ဟုတ်... ထားက ဂဏန်းအရ (၇)။ မှော်ဘီဘိုးတော်ပေးတာ မှန်လျက်သားဗျာ... ကျနော်တို့က အကောက်လွဲတာပါတဲ့။

(၂)
ပတ်ဝန်းကျင်မှာလည်း ကျနော် နားစွင့်နေမိတယ်။ ကျနော်က နိုင်ငံရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းနဲ့ နီးတော့ တွက်သံ ချက်သံတွေလည်း ကြားရတတ်တယ်။
"ဒေါ်စုက ဒီအကွက်ကို ရွှေ့လိုက်တာဟာ ဘာဖြစ်နိုင်သလဲ"
"အခုလို အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးလာတဲ့ကိစ္စက သိပ်အရေးကြီးတယ်။ ဗိုလ်ချုပ်သန်းရွှေက ထွက်မတွေ့ဘဲ နေတာအကြောင်းရှိတယ်။ အခု သီရိလင်္ကာကိုကျတော့ သွားတယ်။ သူ သိပ်အရေးမစိုက်ဘူး ဆိုတာပြလိုက်တာပဲ။"
"တပ်ချုပ်ကြီးက အခုအချိန်ဆိုရင် ဘယ်လိုစဉ်းစားနေမလဲ။ သူတွေးသလို ကျနော်တို့ လိုက်တွေးနိုင်မှ တော်ကာကျ လိမ့်မယ်"

ဒီလိုအသံတွေ ကြားရတတ်တယ်။ မြန်မာ့နိုင်ငံရေးက ပွင့်လင်းမြင်သာ မရှိပါဘူး။ မူဝါဒဆုံးဖြတ်ချက်တွေက ဘယ်လို ချမှတ်နေမှန်း မသိကြရဘူး။ ဘယ်သူက ဘယ်ကိစ္စကို အာဏာပိုင်သလဲဆိုတာကလည်း မသေချာ လှပါဘူး။ အရင် ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း အကျယ်ချုပ်ချခံရသလို၊ အရင်နိုင်ငံခြားရေး ၀န်ကြီးလုပ်ခဲ့သူ ဦးဝင်းအောင် လည်း အင်းစိန်ထောင်ထဲ သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း အားလုံးက မင်းနားခစား ကမ်းနားသစ်ပင် ဖြစ်ကုန်ကြတယ်။ ရာထူး မပြုတ်ရေးက အရေးကြီးတယ်။ ဘာမှ စွန့်စားမလုပ်နဲ့ ဖြစ်လာ ကြတယ်။ သတင်းမှန်တွေက မရှိတော့ အားလုံးကောလာ ဟလတွေနဲ့ အားကိုးကြရတယ်။

ထင်ကြေးပေးရတာက အနုပညာဖြစ်လာသလို၊ တွက်ချက်ရတာကလည်း ချဲသမား ထီထိုးသူတွေလို ဖြစ်လာကြ ရတယ်။

"မြနန်းနွယ်ရုပ်ထုကို လက်ထိပ်ခတ်နေတာဟာ ဗိုလ်ချုပ်ကြီးကို အိပ်မက်ဆိုးတွေ ပေးနေလို့လို့ ပြောတာပဲ"
"ငါးထောင်ကျပ်တန်က ဆင်ရုပ်နဲ့ဆိုတာ ယတြာချေတာ" တခါတလေ မှော်ဆန်သလို၊ ဂမ္ဘီရဆန်သလိုတောင် ဖြစ်လာ တယ်။ နေကြတ်တာ၊ လကြတ်တာကိုလည်း နိုင်ငံရေးနဲ့ယှဉ် စဉ်းစားလာကြတယ်။

၂၀၁၀ မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးတော့မယ်ဆိုတော့ ခန့်မှန်းတွက်ချက်မှုတွေက ပိုများ လာတာ အသေအချာပဲ။ တချို့သူတွေက နည်းနည်း သေးသေးပဲ လောင်းပေမယ့်၊ အချီကြီး လောင်းချင်ကြသူ တွေလည်း ရှိကြ တယ်။ မလောင်းရင်-မရှုံးဘူး ထင်နေကြသူတွေလည်း အများသား။

(၄)
"ခင်ဗျားက ဘာလို့ အချိန်တွေဖြုန်းနေတာလဲ"
မိတ်ဆွေတယောက်က ကျနော့်ကို မေးလိုက်တော့မှ ပြန်လန့်နိုးလာတယ်။ ဟုတ်တယ်။ ကျနော့် ဘ၀ တ၀က် ကျော် ကွေ့ချိုးလာတဲ့အထိ ဘ၀ကို ရွက်လွှင့်ထားခဲ့တယ်။ မရှိ-မရှားဆိုပေမယ့် ရေရေရာရာတော့ မဟုတ်လှ သေးဘူး။ တချိန် ခေတ်ကောင်းတဲ့အခါ တိုင်းပြည်ပြန်ရနိုးနိုး မျှော်လင့်ရင်း ကိုယ်လုပ်နိုင်တာလေးတွေ လုပ် နေခဲ့တယ်။ အတ္တမရှိဘူး မဟုတ် ပေမယ့် သိပ်ပြီးတော့ ကိုယ်ကျိုးကြည့်လှတာ မဟုတ်ဘူးလို့လည်း ထင်နေသေး တယ်။

ကျနော်က ဘာကိုစောင့်နေတာလဲ။ ကျနော်လည်း ထီထိုးထားတဲ့သူပဲလား။ အတိတ်စိမ်းတွေကို တွက်နေတုန်း လား။ ကိုယ့်ကိုယ်ကို ပြန်စိစစ်မိတဲ့ စာတပုဒ်ပဲ ဆိုပါတော့။

ယောဟန်အောင်
၂၁ နိုဝင်ဘာ ၂၀၀၉။
(မှတ်ချက်။ ၃၆-ကောင် နတ်မင်းပုံကို

-->http://glaxink.blogspot.com/ ဘလော့မှ ရယူပါသည်။)

8 comments:

Anonymous said...

ထိုးသားတွေကရိုးသားပါတယ်
ဒိုင်ရှင်သူဌေးတွေကသာ နိုင်ရင်မပေးချင်ကြတာ။
(အဲဒါက ဆောင်းပါးအပေါ်ပိုင်းအတွက်)။

အနောက်နိုင်ငံခေါင်းဆောင်တွေဟာ အာရှကို အစည်းအဝေးလာရင် ဒေါ်စု အကြောင်းလေးထဲ့ပြောရမယ်ဆိုတာ ပုံသေနည်းလိုဖြစ်နေတာ ကြာပါပြီ။ ပြီးတော့ဘာမှမဖြစ်လာဘူး။ အခုက.. ဘာမှတောင် အလုပ်မလုပ်ရသေးတဲ့ အိုဘားမားကို ကော်မတီက နိုဘယ်ဆုပေးပြီး ခိုင်းစားလိုက်တယ်။ သူတို့ ရဲ့ Smart Power ဟာမြန်ပြည်အတွက်မဟုတ်ဘူးထင်တယ်။ သူ့ Global Politics ကိုသူလုပ်နေတာ..မြန်မာပြည်က ခြံစည်းရိုးမှာငြိနေတဲ့ သစ်ရွက်သေ တရွက်လောက်ပါပဲ။
(ဒါက..ဆောင်းပါးအောက်ပိုင်းအတွက်)

မြန်မာပြည်ပြန်ချင်လို့ ...မပြန်ဘူးဗျာ။

ကိုချစ်ဖေ said...

ကျနော်တို့တွေလည်း ပေါက်နိုးနိုးနဲ့ ထိုးလာခဲ့ကြတာကြာလှပေါ့.ဒိုင်ပဲ ချမ်းသာလာသလားလို့.အတိတ်စိမ်းဖေါ်တဲ့ ထိုးသားခေါင်းဆောင်ကြီးတွေပဲ ဒိုင်ဖက်ကလူတွေလား ရေဒီယိုကအသံပေးပေးပြီး အတိတ်စိမ်းဖေါ်ကြ ဒါမှမဟုတ် ယိုးမယ်ဖွဲ့နေကျ
ကံကြမ္မာမှာ ကျနော်တို့ကပဲ ကံနည်းလွန်းနေတာလား ထိုးသားလေးတွေကတော့
ဆယ်စုနှစ်နှစ်ခုစာ
အိမ်လွမ်းနာကျလို့..ကိုအောင်သူငြိမ်းရေ.

Anonymous said...

ခုလို reflection ဆန်ဆန်ပို့စ်လေးတွေ ကိုအောင်သူငြိမ်းပိုရေးသင့်တယ်။ ဖတ်ရတာ ပေါ့ပေါ့ပါးပါးပုံစံပေါက်ပေမယ့် တကယ့်တွေးစရာပဲ။

ပထမလူတစုက အခြေအနေဘယ်လိုဖြစ်ရင်တော့ ဘယ်လိုလုပ်လိုက်မယ်ဆိုတာမျိုးက၊ တခုခုလုပ်ဖို့ကို ထီပေါက်ဖို့အထိစောင့်နေသလိုပဲ။ စောင့်ရင်းစောင့်ရင်းနဲ့ စောင့်ရတာကိုပဲနောက်ဆုံးစိတ်ကုန် လက်လျှော့သွားတယ်။

ဒုတိယလူတစုကတော့ ထီပေါက်ဖို့အတွက် ထီအမြဲထိုးနေဖို့တော့လိုတယ်ဆိုတာကိုသိပြီး၊ အခြေအနေတခုခုဖြစ်လာဖို့အတွက် ကိုယ့်ဘက်ကတတ်နိုင်တာလေးကိုကြိုးစားလုပ်တယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်သလိုဖြစ်မလာတော့ အချိန်တွေကြာလာတော့ စိတ်ဓါတ်ကျချင်တယ်။

နောက်ဆုံးလူတစုကတော့ ထီပေါက်အောင်လုပ်မယ်ဟေ့ဆိုတာမျိုးပဲ စိတ်ထဲထားပြီး၊ ထီကိုအမြဲထိုးနေသလို .. အခြေအနေတခုဖြစ်အောင်လုပ်မယ်ဟေ့ဆိုပြီး ကိုယ်လုပ်နိုင်တာကိုပဲလုပ်နေတယ်။ သူတို့ဘ၀မှာနောက်ဆုံးနေ့အထိ ... သေသွားတဲ့အထိ ... ထီကိုထိုးနေတုန်းပဲ၊ ကိုယ်လုပ်နိုင်တာလုပ်နေတုန်းပဲ။

ဒီတော့ ... ကျနော်တို့ဘယ်လူစုမျိုးထဲပါဝင်ချင်သလဲဆိုတာကတော့ ကံဆိုတာကြီးမပါဘဲ အတိတ်စိမ်းတွေမပါဘဲ ပွင့်လင်းမြင်သာစွာ ရွေးနိုင်မယ်ယုံကြည်ပါတယ်။ ကိုအောင်သူငြိမ်းဘာကိုရွေးမလဲ ?

FTC said...

ကျနော်ကတော့ ထီထိုးဖို့ ရွေးချယ်နိုင်ခဲ့သလား ဆိုတဲ့ဘက်က ဖြည့်စွက် စဉ်းစားကြည့်ချင်ပါတယ်။

နေ့စဉ်ဘ၀မှာ နေထိုင်ရင်း ထီထိုးကြသူတိုင်းဟာ ထီပေါက်ရင် ကြီးပွားမယ် ဆိုပြီး လောဘနဲ့ ထိုးသူတွေရှိမယ်။ ပိုက်ဆံ အများကြီးကို တခါထဲ အပွကြံလိုစိတ်နဲ့ ဖြစ်နိုင်တယ်။

တချို့ကတော့ ကိုယ်တိုင် နည်းနည်းပါးပါး ပေါက်ဖူးတာ ဒါမှမဟုတ် သူများပေါက်တာကို အားကျတာနဲ့ ဘိန်းစွဲသလို စွဲပြီး မနေနိုင် မထိုင်နိုင် ဆက်ဆက်ထိုးနေကြတာဖြစ်မယ်။

တချို့ကလည်း ဒီအတိတ်စိမ်းကတော့ သေချာတယ် ပေါက်ကိုပေါက်မှာ ဒီဂဏန်းကို ထိုးလိုက်ကွာ ဆိုလို့ သူများမြှောက်ပေးတာကို နားယောင်ပြီး ထိုးနေကြတာဖြစ်ကောင်းဖြစ်မယ်။

တချို့ကတော့ ရပေါက်ရလမ်းအတွက် တခြားနည်းလမ်းကုန်ခမ်းနေလို့ ရလိုရငြား ဒါကိုပဲ အားထားပြီး ထိုးနေကြတာ ဖြစ်မယ်။

နောက်ဆုံးအုပ်စုကလွဲလို့ ကျန်သူတွေဟာ ထီမထိုးပဲ နေလိုက နေနိုင်ခဲ့တယ်။ ထီထိုးခြင်း အတိတ်စိမ်းတွေခန့်မှန်းခြင်းဟာ သူတို့ရဲ့ ရွေးချယ်မှု။ ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံပဲ။ နောက်ဆုံးအုပ်စုတောင်မှ တခြားနည်းလမ်း တကယ်ပဲ ကုန်ခမ်းလို့ ကံကိုစမ်းနေရသလား ဒါမှမဟုတ် တခြားနည်းလမ်းတွေ အားထုတ်ချင်စိတ် မရှိလို့လား ပျင်းနေတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒိုင်ဆိုတာကတော့ စီးပွားရေးသမား။ မြတ်ဖို့ပဲ အဓိက ဦးတည်မှာပဲ။ထိုးသားတွေက ကိုယ်တိုင် အတိတ်စိမ်းမကောက်တတ်လို့ ကောက်တတ်တဲ့လူကို အားကိုး တာဝန်ပေးတယ် ဆိုပါစို့။ အတိတ်စိမ်းကောက်ပေးတဲ့လူက ဒိုင်ဘက်မှာ ပါနေရင်တော့ ဒါဟာ ဒိုင်ကို မတရားမှုတွေ တရားဝင်ဖြစ်အောင် အကျိုးအကြောင်းပြပြီး ကူညီကာကွယ်ပေးခြင်းသာဖြစ်မယ်။

လူတွေအများကြီးရဲ့ ဘ၀တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးဆိုတာတော့ ကံစမ်းတာ မဖြစ်သင့်ဘူး။ထီထိုးသလို အခြေအနေတွေနဲ့ ကွဲပြားနိုင်တာ တခုက တချို့လူတွေက နိုင်ငံရေးအလုပ်တွေကို ဘ၀အစိတ်အပိုင်းအနေဲ့ ရင်းနှီးမြုပ်နှံပြီး လုပ်ရမယ်လို့ ပြဌာန်းထားခံရတယ်။ ဘယ်သူက ပြဌာန်းခဲ့သလဲ။ ဒါကိုရော ကိုယ့်ရွေးချယ်မှုလို့ ဆိုနိုင်သလား။

နိုင်ငံက ဒီတနိုင်ငံတည်းအတွက် ဆိုပေမယ့် အတူတူ သက်ဆိုင်နေတဲ့ နိုင်ငံသားတွေမှာကျတော့ တာဝန်ယူမှု လုပ်ပုံကိုင်ပုံ ပါဝင်ပတ်သက်ပုံတွေ အဆင့်နေရာမျိုးစုံ ကွဲနေတာက အသေအချာပါ။ တချို့လည်း မဆိုင်သလို နေနိုင်တဲ့ အနေအထားမှာ ရှိကြတယ်။ ဒါကရော ရွေးချယ်မှုပဲလား။

ကြက်ဥအရောင် တိမ်တောင်သဖွယ် နိုင်ငံရေးရွှေ့ကွက်တွေကြားမှာ အောင်မြင်ရမယ့် ပန်းတိုင်အတွက် တွက်ချက် စီမံကိန်းချဖို့ လိုအပ်သလို အရင်းစိုက်ထုတ် ထီထိုးသလို အကောင်အထည်ဖော်ဖို့ လိုမယ်။ ယောင်ဝါးဝါး ကံစမ်းတာမဟုတ်ပဲ တိကျတဲ့ အကျိုးအမြတ်ဦးတည်ချက်နဲ့ လုပ်ကိုင်တဲ့ ကုမ္ပဏီတခုလိုပဲ သူ့နေရာနဲ့ သူတာဝန်နဲ့ လုပ်ကြဖို့ လိုပါမယ်။

နိုင်ငံရေး မိုးလေ၀သ ခန့်မှန်းသူတွေက ဘက်လိုက်မှု အနည်းဆုံးနဲ့ အနီးစပ်ဆုံး ကျိုးကြောင်းဆင်ခြင်ကြမယ်။ ဒါမေယ့်လည်း မပြီးသေးဘူး အဲဒီ ဖြစ်လာမယ့် မိုးလေ၀သနဲ့အညီ လိုသလို အကောင်အထည်ဖော်တဲ့သူတွေကလည်း ထိရောက်ဖို့ လိုတယ်။ အဲဒီကြားမှာ ကိုယ်တယောက်တည်း အကျိုးစီးပွားဆိုတဲ့ လောဘတွေစွန်းထင်း နေမယ်။ ဒါမှမဟုတ် ကိုယ်နဲ့ဆိုင်တယ်ဆိုတာ ကိုယ်မသိပဲ တာဝန် မယူတာတွေ များနေမယ်။ အဆိုးဆုံးကတော့ ခန့်မှန်းသူ အကောင်အထည်ဖော်သူ ချိတ်ဆက်တွေလည်း မခိုင်သရွေ့ကတော့ ထီထိုးသလို အတိတ်စိမ်းကောက်တဲ့ အဆင့်ကနေ တိုးတက်လာစရာ မမြင်ကြောင်းပါ။

tin min htet said...

ကိုယောဟန်အောင်ရေ
၃၆ကောင် အကြောင်းကို မောင်မောင်ဖြူရေးတဲ့ မရဏမောင်းလော အောင်စည်လော မှာ ဖတ်ဖူးတယ်။ အကိုပြထားတဲ့ ထွန်းအောင်ကျော်နတ်က ထိုးသားဘက်က နတ်။ သူလိုပဲ အကောင်တွေနဲ့ ကြေးဆံနီ ဆိုတာ ရှိသေးတယ်တဲ့။ အဲဒါက ဒိုင်ဘက်က နတ်။

အဲဒီမှာ သူရေးထားတာက ဒိုင် မဖွင့်ရတဲ့ အကောင်က ခွေး တဲ့။ ခွေးကို ဖွင့်လေ့မရှိလို့ ဘယ်သူမှ မထိုးကြဘူး။ ဒိုင် သိပ်ရှုံးနေပြီ ဆိုမှ ဖွင့်ရတယ်၊ အဲဒါဆို ထိုးကြေးအားလုံး စားရတယ်။ ဒိုင်က ညစ်ပြီး ခွေးပဲ ဆိုက်တိုက် ဖွင့်နေရင်တော့ ပွဲပျက်ပြီ။

မမသီရိ said...

မြန်မာ့နိုင်ငံရေးက ပွင့်လင်းမြင်သာ မရှိပါဘူး။ မူဝါဒဆုံးဖြတ်ချက်တွေက ဘယ်လို ချမှတ်နေမှန်း မသိကြရဘူး။ ဘယ်သူက ဘယ်ကိစ္စကို အာဏာပိုင်သလဲဆိုတာကလည်း မသေချာ လှပါဘူး။ အရင် ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း အကျယ်ချုပ်ချခံရသလို၊ အရင်နိုင်ငံခြားရေး ၀န်ကြီးလုပ်ခဲ့သူ ဦးဝင်းအောင် လည်း အင်းစိန်ထောင်ထဲ သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း အားလုံးက မင်းနားခစား ကမ်းနားသစ်ပင် ဖြစ်ကုန်ကြတယ်။ ရာထူး မပြုတ်ရေးက အရေးကြီးတယ်။ ဘာမှ စွန့်စားမလုပ်နဲ့ ဖြစ်လာ ကြတယ်။ သတင်းမှန်တွေက မရှိတော့ အားလုံးကောလာ ဟလတွေနဲ့ အားကိုးကြရတယ်။

....

မင်းနားခစား ကမ်းနားသစ်ပင်
အဲဒီ.. မင်း... ဆိုတာကြီး..နားကလောလိုက်တာ ဆရာရေ့

ဘယ်သူလဲ .. မင်း .. က
ရာထူးမပြုတ်ရေး.. = ရာထူးဖြုတ်မဲ့သူက ဘယ်သူလဲ..

ဆရာ့အတွေးတွေ ထဲမှာ အဖြေ အတွက် သဲလွန်စ
တခုခု များ ရှိနေနိုင်သလား ဆက်တွေးနေမိတော့တယ် ရှငိ

Nge Naing said...

ဆရာရေ ကျွန်မက ကိုယ့်ထက် ကုသိုလ်ကံ နည်းတဲ့သူတွေ ပေါက်ကြပါစေလို့ သဘောထားပြီး ထီတခါမှ မထိုးတော့ ဒီဘ၀မှာ ထီပေါက်စရာ အကြောင်းတော့ မရှိနိုင်ဘူး။

Anonymous said...

၃၆ ကောင်မှာ အကောင်မဟုတ်တဲ့ ကျောက်က ဘာလို့ ပါနေတာလဲ

Recent Comments