Pages

Friday, November 20, 2009

မီးလျှံနဂါး (၈)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ ငွေကြေး စနစ်ဆိုင်ရာ သမိုင်းကြောင်းကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့က လွတ်လပ်ရေးမရခင် တနှစ်အလို ၁၉၄၇ ခုနှစ်၊ ဧပြီလမှာ စတင် သက်ဝင်လာ ပြီး၊ လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အကြာ ၁၉၅၂ ခုနှစ်မှာမှ ဖျက်သိမ်းပြီး မြန်မာနိုင်ငံတော် ဘဏ်အောက် ကို ပြန်လည် လွှဲပြောင်း ပေးခဲ့ပါတယ်။ ဒီကာလအတွင်းမှာ လန်ဒန်မှာ ဌာနချုပ်ရုံးစိုက်တဲ့ မြန်မာနိုင်ငံ ငွေကြေးဘုတ် အဖွဲ့က ပဲ ငွေကြေး ထုတ်ဝေရေး ကိစ္စတွေကို စီမံခန့်ခွဲခဲ့ပါတယ်။ ဘုတ်အဖွဲ့က မြန်မာနိုင်ငံ ငွေကြေးစနစ် တည်ငြိမ် စေရေး နဲ့ စစ်ကြီး မတိုင်ခင်က ကုန်သွယ်မှု အနေအထား ပြန်ရဖို့ ကြိုးစားဖို့ ရည်ရွယ်ထားခဲ့တဲ့ အကြောင်း ကျနော် အရင် အပတ်က တင်ပြခဲ့ပါတယ်။

ဒီငွေကြေးဘုတ်အဖွဲ့မှာ အားကောင်းချက်တွေ ရှိသလို၊ အကြီးအကျယ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ အား ကောင်းချက်က အာမခံထားတဲ့ ငွေပမာဏကိုသာ ထုတ်ဝေရတာ ဖြစ်ပြီး၊ အစိုးရက ကိုယ်ရတာပဲ ကိုယ်သုံးခွင့် ရှိတဲ့ အနေအထားပါ။ တချိန်တည်းမှာ မြန်မာကျပ်ငွေကိုလည်း ဗြိတိသျှ ပေါင်စတာလင်နဲ့ လဲလှယ်ခွင့်ရှိတယ် လို့ အာမခံချက်ထားပါတယ်။ စစ်အတွင်း ဗြိတိသျှတွေရဲ့ စစ်အုပ်ချုပ်ရေး အာဏာပိုင်တွေက ထုတ်ဝေသွားခဲ့ တဲ့ ငွေကြေးတွေ၊ စစ်မတိုင်မီက လည်ပတ်နေတဲ့ ငွေကြေးတွေအတွက်လည်း အာမခံချက် ရှိအောင် စီစဉ်ထား တာပါ။ မြန်မာစီးပွားရေး ပညာရှင် ဦးထွန်းဝေ ကိုယ်တိုင်က ဝန်ခံချီးကျူးခဲ့တာကတော့ ၁၉၄၈ ကနေ ၅၂ အကြား အတော့်ကို မတည်ငြိမ်တဲ့၊ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ ကာလတွေကြားမှာတောင် ငွေကြေး ဘုတ်အဖွဲ့က အင်မတန်တည်ငြိမ်တဲ့ ငွေကြေးစနစ် ကာလတခု စီမံခန့်ခွဲပေးနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေ အများစုမှာ မျိုးချစ်စိတ်အမြင်နဲ့ ကြည့်တဲ့ နိုင်ငံရေးသမားတွေပါဝင်သလို၊ ဦးထွန်းဝေလို စီးပွားရေး ပညာရှင်တွေလည်း ပါဝင်ပါတယ်။ မျိုးချစ် နိုင်ငံရေးသမား အများစုတွေ အမြင်မှာတော့ ငွေကြေး ဘုတ်အဖွဲ့ကို လန်ဒန်က ထိန်းချုပ်ထားတော့ မြန်မာ့စီးပွားရေး၊ ငွေကြေးစနစ်ဟာ ကိုလိုနီနယ်ချဲ့ လက်အောက် က မလွတ်မြောက်နိုင်သေးဘူးလို့ မြင်ကြပါလိမ့်မယ်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံကိုလည်း ဗြိတိသျှတွေက သူတို့ရဲ့ "ဓနသဟာယအဖွဲ့" ထီးမိုးအောက်မှာ ဆက်နေစေချင်တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ က ဓနသဟာယ မှာ ဆက်မနေဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲသည်အချိန်က စီးပွားရေးပညာ ဘွဲ့လွန်တန်းတက်နေသူ ဦးထွန်းဝေ ဝေဖန်တာကတော့ ငွေကြေးဘုတ်အဖွဲ့ ဟာ ငွေဖောင်းပွမှုကို စိုးရိမ်ကဲလွန်းတဲ့ အမြင်နဲ့ ထိန်းချုပ်ထားတယ်လို့ ဝေဖန်ပါတယ်။ နိုင်ငံတခုဟာ သူရဲ့ စီးပွားရေး ကို ဆက်လက်ကြီးထွားစေဖို့ ငွေကြေးရိုက်ထုတ် တိုးချဲ့ လှုံ့ဆော်ခွင့်မရှိဘဲ၊ ငွေကြေး ထောက်ပံ့မှု ပမာဏကို အသေ ထိန်းချုပ်ထားတယ်၊ အဲသည်တော့ လှည့်ပတ်သုံးစွဲမှုကလည်း ဆတိုးတက်မလာဘဲ တန့် နေတယ်။ ဒီလိုဆိုရင် တဖက်က အမျိုးသားထွက်ကုန်ကလည်း တိုးတက်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး သူက ထောက်ပြ ပါတယ်။ ခက်ခက်ခဲခဲ ရလာတဲ့ နိုင်ငံခြားအရံငွေကြေး ငွေမာတွေကို သုံးပြီး သွင်းကုန်ပိုသွင်းနိုင် အောင်၊ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးကို ဆတက်ထမ်းပိုး လုပ်နိုင်အောင် အခြေအနေ မရှိစေဘူးလို့ ဝေဖန် ပါတယ်။

မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့နဲ့ တပြိုင်တည်းလိုလို ပေါ်လာတာက ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ပါ။ (Union Bank of Burma) လို့ ခေါ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ တည်ထောင်ခဲ့ပါ တယ်။ ဒီဘဏ်က အစိုးရရဲ့ ဘဏ်အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ငွေကြေးရိုက်နှိပ်ထုတ်ဝေတဲ့ ဘဏ်တော့ မဟုတ်ပါဘူး။ ငွေကြေးရိုက်ခွင့် အာဏာက ခုနက ပြောခဲ့တဲ့ ငွေကြေးဘုတ်အဖွဲ့မှာ ရှိပါတယ်။ ထုတ်ဝေထားတဲ့ ငွေကြေးတွေ ဖြန့်ဖြူးပေးတာ၊ အခြားနိုင်ငံရပ်ခြား ငွေကြေးတွေနဲ့ လဲလှယ်တဲ့ လုပ်ငန်းတွေမှာ တာဝန်ယူပါတယ်။ အစိုးရကို ငွေထုတ်ချေးနိုင်တယ် ဆိုပေမယ့် ကန့်သတ်ချက် အများနဲ့ ချေးပေးတာပါ။ ရက်ပေါင်း (၉ဝ) အတွင်း ပြန်ပေးရမယ်ဆိုတဲ့ အာမခံချက်မျိုးနဲ့ ချေးတာပါ။ ဘဏ်ရဲ့ ပထမဦးဆုံး အထွေထွေ မန်နေဂျာက ဦးစံလင်းပါ။ သူက ငွေကြေးဘုတ်အဖွဲ့ရဲ့ ရန်ကုန် တာဝန်ခံလည်း ဖြစ်ပါတယ်။ ဘဏ်ရဲ့ စာရင်း ကိုင်ချုပ် အဖြစ် အင်္ဂလန်ဘဏ် က ခန့်ထားတဲ့ ဂျေစီ ရိဒ် (JC Reid) က တာဝန်ယူပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့အခါ ဦးတင်က ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာပါတယ်။ ရန်ကုန်ဌာနချုပ်ရုံး ဖွင့်ပွဲမှာပဲ ဘဏ္ဍာရေးဝန်ကြီး ဦးတင်က အင်္ဂလန်ဘဏ်က အထွေထွေမန်နေဂျာ ရာထူးကို မြန်မာတွေဖက်က ခန့်ဖို့ ချန်မထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် လို့ ဝမ်းနည်းကြောင်း ပြောဆိုဝေဖန်ခဲ့ပါသေးတယ်။ အဲဒီမိန့်ခွန်းမှာပဲ မြန်မာနိုင်ငံက နိုင်ငံခြားက ကျွမ်းကျင်သူ ပညာရှင်တွေ ရှာရတာ မျိုးထက်စာရင်၊ ကိုယ့်ဒေသခံကို မွေးထုတ် အစားထိုးရမယ် ဆိုတာမျိုး ပြောခဲ့ပါသေးတယ်။

ပြောရရင်တော့ စကတည်းက ယဉ်သကို ဆိုသလို ဂျေစီ ရိဒ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်က အဆင်မပြေလှ ပါဘူး။ ဒါပေမယ့် အထွေထွေမန်နေဂျာ ဦးစံလင်းရဲ့ မှတ်ချက်တွေအရ ဘဏ်ရဲ့ ကနဦး စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း အများစုကို ရေးဆွဲခဲ့သူက ဂျေစီ ရိဒ်ပဲလို့ ဆိုပါတယ်။ အဲဒါအပြင် ဘဏ်ရဲ့တိုးတက်ရာ တိုး တက်ကြောင်း ကိစ္စအများအပြားကိုလည်း သူက လုပ်ဆောင်ခဲ့ပါသေးတယ်။ ဘဏ္ဍာရေးဝန်ကြီးဦးတင်နဲ့ သူ ထိပ်တိုက်တွေ့ခဲ့ပုံရပါတယ်။ သူက အင်္ဂလန်ဘဏ်ကို ပြန်တင်တဲ့ အစီရင်ခံစာတွေထဲမှာ ဘဏ္ဍာရေးဝန်ကြီး ဦးတင်က သတင်းထောက်ဟောင်းတဦးပဲ၊ ငွေကြေး စီမံခန့်ခွဲမှုတွေ နဲ့ ပတ်သက်လို့ ဘာမှ အတွေ့အကြုံ မရှိဘူး။ အဲဒါအပြင် လွတ်လပ်တဲ့ အယူအဆ၊ ဝေဖန်မှုတွေကိုလည်း လက်ခံ လိုပုံ မရှိဘူးလို့ ဝေဖန်ရေးသားခဲ့ပါတယ်။ သူ့ကိုမလိုလားသူ အများကြားမှာ နိုင်ငံခြားကျွမ်းကျင်သူအနေနဲ့ လုပ်ကိုင်ခဲ့ရပုံ ရပါတယ်။ နိုင်ငံခြား သားတွေကို ရွံကြောက်ဖြစ်နေတဲ့ ရောဂါကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အခြား နေရာအစုံမှာ တွေ့ရတယ်လို့ ဆိုထားပါတယ်။ ဘဏ္ဍာငွေကြေးရှိတဲ့ နိုင်ငံခြားသားတွေနဲ့ ဘဏ်တွေကို မလိုမုန်းထားနဲ့ မြင်နေကြတယ်။ ဒီ စီးပွားရေး အထောက် အပံ့တွေကြောင့်သာ နိုင်ငံတိုးတက်နေရတာ ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကိစ္စ၊ ကျွမ်းကျင်မှု အရည်အချင်း အရ မနာလိုစိတ်တွေနဲ့ တိုက်ခိုက်နေတယ်။ အစိုးရက အုပ်ချုပ်ရေးစီမံခန့်ခွဲမှုအရ ရော၊ ငွေကြေးအရပါ ပျက်စီး လုနီးနီး ဖြစ်နေတယ်လို့ အစီရင်ခံစာတခုမှာ ဝေဖန်ဖော်ပြခဲ့ပါတယ်။ အစိုးရဖက် ကလည်း နောက်ပိုင်းမှာ မြန်မာ နိုင်ငံတော် ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နည်းလာပါတယ်။ ကိုရီးယား စစ်ပွဲကာလ ဆန်တွေရောင်းလို့ နိုင်ငံခြား ဝင်ငွေ အမြောက်အများ ရလာတဲ့အခါ မြန်မာနိုင်ငံတော်ဘဏ်အစား လွိုက်ဘဏ်ကသာ လွှဲပြောင်းစေ ခဲ့ပါတယ်။ အဲဒါအပြင် လွှတ်တော်က ပြဌာန်းတဲ့ ငွေလဲနှုန်းဆိုင်ရာ ဥပဒေတွေ ကလည်း မြန်မာ နိုင်ငံတော်ဘဏ် အတွက် ကဏ္ဍကောစဖြစ်ပြီး၊ အလုပ်ခက်စေပါတယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာမှာပဲ ဂျေစီရိဒ် ပြန်သွားခဲ့ရပါ တယ်။ သူ့နေရာမှာ အစားခန့်သူကတော့ အမေရိကန် (Federal Reserve Bank of New York) က ပေါလ် ဖစ်ချန် (Paul Fitchen) ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး အကူ အညီ အစီအစဉ်နဲ့ ရောက်လာသူ ကျွမ်းကျင် သူ ပညာရှင်ဖြစ်ပြီး၊ တိကျပြီး အလုပ်မဟုတ်တာ မလုပ်တတ်တဲ့၊ လက်တွေ့ကျတဲ့ လူတော်လို့ ဆိုပါတယ်။ အင်္ဂလန်ဘဏ်ကို သွားရောက်တွေ့ဆုံပြီးတဲ့နောက် ဟိုကလည်း သူ့ကို လက်ခံခဲ့ပါ တယ်။ အဲဒီကာလက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ပြည်တော်သာစီမံကိန်းလို ရေးဆွဲ ပြင်ဆင်နေ ကြတဲ့ ကာလပါ။ ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံတော် ဘဏ်ဥပဒေကို ပြဌာန်းပြီးတဲ့ အခါမှာတော့ ဘဏ်ရဲ့ လုပ်ငန်း ဆောင်တာ အဝဝကို မြန်မာနိုင်ငံက ပြန်လည် လွှဲယူခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရဖက်ကို တခု ချီးကျူး ပြောစရာ ရှိတာကတော့ အဲဒီအချိန်က ဘဏ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဂျေစီ ရိဒ်က ဘယ်လိုပဲ ဝေဖန်ခဲ့ ဝေဖန်ခဲ့ ဆင်ဆာတည်းဖြတ်မှု လုံးဝ မရှိဘဲ ထုတ်ဝေခွင့် ပေးခဲ့တဲ့ သတ္တိနဲ့ ပွင့်လင်းမှု ဖြစ်ပါတယ်။

နောက်တပတ်မှာတော့ လွတ်လပ်ရေး ရပြီးစ မြန်မာနိုင်ငံ ငွေကြေးစနစ်၊ ဘဏ်စနစ်တွေအကြောင်း ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments