ကျောင်းတော်ကြီးကို ရောက်တယ်ဆိုတော့ အားတော့ငယ်သား။
ဟားဗတ်တက္ကသိုလ်က အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊
ကိန်းဘရစ်မြို့မှာ ရှိတယ်။ ကိန်းဘရစ် ဆိုတာက မြို့ကလေးပါ။ လူတွေ အများစုက ဘော့စတွန်မြို့ကြီးကို
ပိုသိကြတယ်။ ကျနော့်ကို ဟားဗတ်တက္ကသိုလ်မှာ ရောက်နေတဲ့ ကိုဝင်းမင်းက လေဆိပ်မှာ လာကြိုတယ်။
ကံဆိုးချင်တော့ အိပ်တွေက ကျနော်နဲ့အတူ ပါမလာဘဲ၊ အ၀တ် တထည် ကိုယ်တခုနဲ့ ဆင်းလာရတယ်။
(နောက်တော့မှ လေကြောင်းလိုင်းက အ၀တ်အိပ်တွေ လာပို့တယ်။)
၂၀၀၁ ခုနှစ်မှာ ကိုဝင်းမင်းက ကျောင်းအပြီး၊ ကျနော်က
ကျောင်းအ၀င် ဖြစ်နေတယ်။ ကံကောင်းချင်တော့ သူနဲ့ သူ့ဇနီး ခရစ်စတီးနားက ထိုင်းပြန်မှာ
ဖြစ်တဲ့အတွက်ကြောင့် သူတို့ရှိသမျှ ပရိဘောဂ၊ အခြား ပစ္စည်းပိုင်ဆိုင်မှု အတော်များများ
လည်း ဆက်ခံလိုက်ရသေးတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်းပါတယ်။ ဥပမာ ရှားရှားပါးပါး ရှာဝယ်ရမယ့်
ငရုတ်ဆုံလို ဟာမျိုးကအစ၊ မြန်မာအစားအစာတွေ၊ အခြားတိုလီမုတ်စတွေပါတယ်။
ကျောင်းပြန်တက်ရမယ်ဆိုတော့ လူက ကလေးလိုဖြစ်နေတယ်။
ကျောင်းတော်ကြီးဆိုတော့ အရှိန်သား။ ကိုဝင်းမင်းကို မိဘက ကလေးကျောင်းလိုက်ပို့သလို လိုက်ပို့ခိုင်းဖို့တောင်
စဉ်းစားမိတယ်။ သူလည်း သူ့ဘွဲ့ယူခါနီး စီစဉ်ရတဲ့ကိစ္စတွေနဲ့ ဆိုတော့ မအားလှဘူး။ အဲသည်
ရောက်စညက တညလုံး စကားထိုင်ပြောကြတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေလည်း မေးရတယ်။ သူကတော့
ဘယ်ဆရာက ဘယ်လိုနာမည်ကြီးတယ်၊ ဘယ် course (ဘာသာရပ်) တွေက ကောင်းတယ်။ စသဖြင့် အကြံပေးတယ်။
ဘာပဲဖြစ်ဖြစ် သူတောင်ဖြတ်လာနိုင်သေးတာ၊ ကိုယ်လည်း ဖြစ်ရမယ်လို့ အားတင်းမိတယ်။
နောက်တနေ့ မနက်တော့ ကျောင်းရောက်လာကြတယ်။ အချိန်က
ဇွန်လပိုင်းဆိုတော့ ရာသီဥတုက ဆောင်းကုန်လို့ နွေ ဖက်ကိုကူးလာတဲ့ နွေဦးရာသီဖြစ်လာတယ်။
အရွက်နုဖူးကလေးတွေ ပြူလာတဲ့ ရာသီမျိုးပေါ့။ ဘော့စတွန်မြို့ရဲ့ ကောင်း ကင်က ကြည်လင်နေတယ်။
ဒါပေမယ့် ပြောရရင် အေးစိမ့်စိမ့်နိုင်တဲ့ ရာသီဥတုမျိုး၊ အနည်းဆုံး ဂျင်းဂျက်ကက်လို
အနွေး ထည် ပါးပါးလေးတထပ်လောက်တော့ လိုတဲ့ ရာသီမျိုးပါ။ သာယာတဲ့အချိန်လို့ ပြောရင်လည်း
ရနိုင်တယ်။
ဟားဗတ်တက္ကသိုလ် ပင်မ၀င်းကြီးက တဖက်မှာရှိတယ်။ အဲသည်မှာတော့
ရှေးဟောင်းကျောင်းဆောင်တွေ အပြင်၊ အဆောင်ကြီးတွေ အများကြီးရှိတယ်။ ကျနော်တို့ကတော့
School of Government လို့ခေါ်တဲ့ (အစိုးရပညာသင်ကျောင်း လို့ ဘာသာပြန်ရမယ်ထင်တယ်) ကျောင်းကတော့
တခြားသီးသန့် ၀င်းကလေးနဲ့ ရှိတယ်။ နီညိုရောင်အုတ်ခဲတွေနဲ့ ဆောက်ထားတယ်။ အထပ်ကတော့ ၅-ထပ်၊
၆ ထပ် ပတ်ဝန်းကျင်နဲ့ နေရာ သိပ်မကျယ်လှတဲ့ အကွက်လေးမှာ အစီအစဉ် တကျ ၀ိုင်းပတ်ဆောက်ထားတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ နာမည်ကြီး စီးပွားရေးပညာသင်ကျောင်း (Business school) ကတော့ ချားလ်စ်မြစ်ရဲ့
တဖက်ကမ်းမှာ ရှိတယ်။
ကျောင်းရောက်တော့ အခေါ်အဝေါ်တွေနဲ့ ဂွကျရတာလည်း ရှိသေးတယ်။
ဒါပေမယ့် ကျောင်းက ကျောင်းသားသစ်တွေ အတွက် အခေါ်အဝေါ်တွေ ရှင်းပြတဲ့စာအုပ်၊ အခြားလမ်းညွှန်စာအုပ်တွေလည်း
ထောက်ပံ့ပေးပါတယ်။ ဥပမာ ခုနက ပြောသလို ကျောင်း (school) ပေါ့။ ကျနော်တို့က ကျောင်းဆိုရင်
အထက်တန်းကျောင်းလိုမျိုး ထင်တတ်ကြတာကလား။ Institute ဆိုရင် ဘာသာရပ်တခုခု သီးသန့်သင်တဲ့
တက္ကသိုလ်လို့ သိထားကြတာမျိုးပေါ့။ အခုက school လို့ဆိုတာက ဘွဲ့လွန်ပညာတွေသင်တဲ့ ကျောင်းဆိုတာမျိုး
သိရတယ်။ Faculty သို့မဟုတ် faculty member ဆိုတာမျိုးက ကျောင်းက ဆရာ၊ ပါမောက္ခတွေကို
ခေါ်တယ်ဆိုတာမျိုး သိလာရတယ်။ ကျနော်တို့ စိမ်းခဲ့တဲ့ စကားလုံးတွေလည်း ရှိသေးတယ်။ ဥပမာ
ကျောင်းစာသင်နှစ်ကို ကာလအပိုင်းအခြား ဆယ်မီစတာ (semester) ဆိုတာမျိုးခွဲထားတာ၊ မကြုံခဲ့ရဖူးဘူး။
နောက် ခရက်ဒစ်စနစ်လို့ခေါ်တဲ့ ကိုယ့်ရမှတ်တွေကို ပေါင်းစု အမှတ်ပေးတဲ့စနစ်တွေကလည်း မြန်မာပြည်
တက္ကသိုလ်တုန်း က မကြုံခဲ့ကြရဘူး။
ကျောင်းရောက်တော့ ကျနော်တို့ မေဆင်ပရိုဂရမ်
(Edward S. Mason Program) ရဲ့ ဌာနမှူး ပေါ်လာဂျက်ကော့ဘ်ဆင်
ကို သွားတွေ့ရတယ်။ ကျောင်းက စနေပြီဖြစ်လို့ ခဏစကားပြောပြီး သူက ကျနော့်စာသင်ရမယ့် အခန်းကို
လိုက်ပို့တယ်။ အခန်းထဲ ၀င်လိုက်တော့ သင်တန်းသား ၆၀ လောက် တွေ့ရတယ်။ ကျနော့်တို့ မေဆင်ပရိုဂရမ်က
အထူးသဖြင့် အင်တာ နေရှယ်နယ် နိုင်ငံတကာကျောင်းသား အများစုကို စုထားတဲ့ အစီအစဉ်ပါ။ ကျောင်းမဖွင့်ခင်မှာ
၂-လ လောက် မေဆင် ပရိုဂရမ် (Mason fellowship) ပရိုဂရမ်ကို တက်ခိုင်းတယ်။ မေဆင် ပရိုဂရမ်မှာ
အဓိက တာဝန်ယူဦးဆောင်သင်ရတဲ့ ဆရာက ဂျွန်သောမတ် (စ်) လို့ခေါ်တယ်။ သူက စာဖတ်စရာပေးတာတွေ
များလွန်းလို့ဆိုပြီး နာမည်ကြီးတယ်။ ပြောကြ တဲ့အတိုင်းပါပဲ ချက်ချင်း ဖိုင်အထူးကြီးတခု
ရောက်လာတယ်။ အခု ၂-လတာကာလမှာ ဖတ်ဖို့ သင်ခန်းစာတွေ၊ ရက် အလိုက် ဘယ်ခေါင်းစဉ်တွေ ဖတ်လာရမယ်ဆိုတဲ့
အညွှန်းမာတိကာလည်း ပါသေးတယ်။ ဖတ်ရမယ့် တရက်စာကို ရှာကြည့်လိုက်တော့ စာမျက်နှာ ၈၀ နဲ့
၁၀၀ ကြားလောက် ဖြစ်နေတာကို တွေ့ရတယ်။ ဘုရားရေ… ဘယ်လိုစခန်းသွားရပါ့ လို့လည်း
အထိတ်တလန့် ဖြစ်နေမိသေးတယ်။ ဆရာ ဂျွန်သောမတ် (စ်) က စင်္ကာပူနိုင်ငံက NUS (စင်္ကာပူအမျိုးသား
တက္ကသိုလ်) မှာလည်း စာသွားပြီး ပို့ချတတ်သေးတယ်။ မြန်မာကျောင်းသားတွေနဲ့လည်း မစိမ်းလှဘူး။
သံယောဇဉ်လည်း ရှိတယ်။ အထူးသဖြင့် မြန်မာကျောင်းသားတွေကို တွေ့ရင် ဒေါက်တာခင်ဇော်ဝင်းတယောက်
ဘယ်လိုရှိတယ်ဆိုတာကို မေးတတ်တယ်။ ဒေါက်တာခင်ဇော်ဝင်းဆိုတာက NLD ပါတီဝင် ထင်တယ်။ သူက
စင်္ကာပူ NUS မှာ ကျောင်းတက်စဉ် မြန်မာပြည်ကို ပြန်ပြီး စာတမ်းအတွက် သုတေသနတွေလုပ်၊ အချက်အလက်တွေ
စုဆောင်းပြီး အပြန် လေဆိပ်မှာ စစ် အစိုးရက ဖမ်းဆီးခံရတယ်။ သူ့ကျောင်းကိစ္စ အချက်အလက်စုထားတာတွေကို
နိုင်ငံတော် လုံခြုံမှုပေါက်ကြားစေတယ် ဆို ပြီး ထောင်ထဲထည့်ထားတယ်။ နောက်တော့ ဝေးလံလှတဲ့
မြစ်ကြီးနားဖက်က ထောင်တွေအထိ ပို့ခံခဲ့ရတယ်လို့လည်း ကြားရတယ်။ ဆရာ ဂျွန်သောမတ် (စ်)
က အခုအချိန်အထိ သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာခင်ဇော်ဝင်းအတွက် စိတ် မကောင်းရှာဘူး။
အမြဲ သတင်းမေးလေ့ရှိတယ်။
စာသင်ခန်းကတော့ သီယေတာပုံစံ နိမ့်လျှောဆင်းသွားတဲ့
ခပ်ငယ်ငယ် စာသင်ခန်းမျိုးမှာ စုသင်ကြရတယ်။ မေဆင် ပရို ဂရမ် အခု ၂-လ ဆယ်မီနာရဲ့ သဘောကတော့
အမေရိကန်ပညာရေးစနစ်နဲ့ စိမ်းနေတဲ့ နိုင်ငံတကာ ကျောင်းသားတွေ၊ ကျောင်းနဲ့ ဝေးနေပြီး
အလုပ်ခွင်အသီးသီးမှာ ရောက်နေကြတဲ့ သူတွေကို ပြန်နွှေးပေးတဲ့ သင်တန်းမျိုးပါပဲ။ အင်္ဂလိပ်စာ
အကူသင်တန်းတွေရှိသလို၊ သင်္ချာ၊ Excel, ကွန်ပြူတာ စသဖြင့် အပိုသင်တန်းတွေလည်း ကိုယ်လိုရင်
လိုသလို ပံ့ပိုးပေး တယ်။ ကျနော်တို့ကို အ၀င်မှာ အင်္ဂလိပ်စာ၊ သင်္ချာ စာမေးပွဲ ပြန်စစ်တယ်။
အင်္ဂလိပ်စာကတော့ သိပ်မဆိုးလှဘူး။ ကျနော် ထပ်တက်မယ်ဆိုရင်တော့ အရေးအတွက် သင်တန်းတချို့
တက်လို့ရနိုင်တယ်။ ဒါပေမယ့် ကျနော့်သဘော။ သင်္ချာ ကလည်း မေးတာ လွယ်လွယ်တွေပါ။ ဂျော်မေတြီတို့
မသိကိန်း ၁ လုံး၊ ၂ လုံးပါ ပုစ္ဆာတွေကို တွက်ခိုင်းတယ်။ စာနဲ့ဝေးနေ တော့ လွယ်လွယ်သင်္ချာမေးခွန်းတွေလည်း
မဖြေနိုင်တော့ဘူး။ နောက်တခါ ကျနော်တို့က ဆယ်တန်းတုန်းက ကဲကုလ (Calculus) သင်္ချာကို မသင်ခဲ့ကြရဘူး။
ဆေးတက္ကသိုလ် ပထမနှစ်မှာလည်း နည်းနည်းပဲ သင်ရပြီး ပြတ်သွားလိုက်တာ သင်္ချာမှာ ချာချာကို
လည်နေတော့တယ်။ ဒီလိုနဲ့ ကျနော် သင်္ချာအချိန်ပို သင်တန်း ထပ်တက်ရတယ်။ ကွန်ပြူတာ
Excel နဲ့ ပတ်သက်တဲ့ သင်တန်းကျနော် အချိန်ပို တက်ရတယ်။ မူလကတည်းက သင်္ချာညံ့လာသူ မဟုတ်တော့
ခဏပြန်အစဖော် ပေးလိုက်တော့ ကျနော် သင်္ချာဉာဏ်တွေ ပြန်ထက်လာတယ်။ သင်ပေးတဲ့ဆရာ မာရီယန်
(အရှေ့ဥရောပ တက္ကသိုလ်တခု က) ကလည်း အတော် ရှင်းအောင် သင်တတ်တယ်။ ဒီမှာလည်း ပြဿနာက ကျနော်တို့က
သင်္ချာကို တွက်ချက်တတ် တယ်။ သူများကို အင်္ဂလိပ်လို မရှင်းပြတတ်ပြန်ဘူး။ သင်ခဲ့ရတာတွေကလည်း
မြန်မာလို မျဉ်းပြိုင်၊ ထောင့်ဖြတ်မျဉ်း၊ ၀ိသမသတ်ထောင့် စသဖြင့် ဆိုတော့ ကိုယ်က လုပ်တတ်တယ်။
အင်္ဂလိပ်လို ပြန်ရှင်းပြဆိုရင် ဂွကျပြန်တယ်။
မေဆင် ပရိုဂရမ်မှာ အဓိကဖတ်ရတဲ့ စာတွေကို ချုပ်ပြီး
"ကမ္ဘာကြီး ပြောင်းနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ အပြောင်းအလဲတွေကို ဘယ်လို လုပ်ယူကြမှာလဲ"
(Managing Change in a Globalizing World) ဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းထားတဲ့ ဆောင်းပါးတွေကို
ဖတ်ရတယ်။ ဆွေးနွေးကြရတယ်။ ငြင်းခုန်ကြရတယ်။ ကျောင်းသားတိုင်းက နှုတ်ပိတ် နေလို့ မရလောက်အောင်ပဲ။
အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်လာတဲ့ အပြောင်းတွေ၊ အစိုးရတွေက မူဝါဒ အပြောင်းအလဲ
လုပ်တော့ ကြုံရတဲ့ ပြဿနာတွေ၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ၊ တွေ့ဆုံဆွေးနွေးရေး ဘယ်လိုလုပ်မယ်
ဆိုတာ ဖတ်ကြရတယ်။ အထူးသဖြင့် စာအုပ် ၁-၂ အုပ် ဖတ်ခိုင်းတယ်လို့ မှတ်မိနေတယ်။ Roger
Fisher and William L. Ury ရေးတဲ့ Getting
to YES: Negotiating Agreement Without Giving In (သူများကို ထိုးအပ်လိုက်ရတာမျိုး မဟုတ် ဘဲ ကိုယ်လိုချင်တာ
ရအောင် ဆွေးနွေးနည်း) စာအုပ်နဲ့ သောမတ်စ် ဖရီးမင်း ရေးတဲ့ လက်ဇပ်ကားနဲ့ သံလွင်ပင်
(The Lexus and the Olive Tree by Thomas L. Friedman) စာအုပ်ကို ဖတ်ခိုင်းတယ်။
ကျနော်တို့ မေဆင် ပရိုဂရမ်က ကျောင်းသား ၆၀ လောက်ထဲမှာကို
လူတော်တော်စုံလှတယ်။ အခု မွန်ဂိုလီးယားနိုင်ငံမှာ သမ္မတဖြစ်နေတဲ့ ဆာခီယာဂျင် အယ်လ်ဘက်ဒေါ့ခ်ျ
(Tsakhiagiin Elbegdorj) (Link: http://en.wikipedia.org/wiki/Tsakhiagiin_Elbegdorj)
ပါတယ်။ အဲဒီအချိန်က သူတို့ပါတီက အတိုက်အခံဖြစ်နေရတဲ့ ခဏ ကာလမှာ သူလာပြီး ကျောင်းတက်တာ။
အခု နီကာရာဂွာမှာ ဒု-နိုင်ငံခြားရေးဝန်ကြီးဖြစ်နေတဲ့သူ ပါတယ်။ ဂျပန်က ရော့ခ်အဆိုတော်ပါတယ်။
ယူကရိန်း ဗဟိုဘဏ်က ထိပ်တန်းအရာရှိ ပါသလို၊ တရုတ်အစိုးရ ပြည်သူ့ကွန်ဂရက် နိုင်ငံခြား
ဆက်ဆံရေးကော်မီတီက အရာရှိတွေလည်း ပါတယ်။ မြန်မာနိုင်ငံက ၄ ဦးပါလာတယ်။ သူပုန် ကျနော်ရယ်၊
ကာတွန်း ဆရာ အော်ပီကျယ် (ဦးဝင်းနိုင်) ရယ်၊ PSI (Population Services
International) က မဟယ်လင်ဖေ တို့ပါလာကြ တယ်။ (အခု NLD က ဗဟိုဦးစီးအဖွဲ့ဝင် ဦးညွန့်ဝေရဲ့သား
ဦးကျော်ထွဋ်ညွန့်ဝေ က မေဆင် ပရိုဂရမ်ကာလမှာ မရောက်နိုင် ဘူး။ နောက်ကျပြီးမှ ကျောင်းကို
ရောက်လာပြီး ကျနော်တို့နဲ့ ပေါင်းမိတယ်။)
မေဆင်ကျောင်းသားတွေအတွက် မနက်ပိုင်းတိုင်းမှာ ကော်ဖီ
နံနက်စာ (coffee break) ကျွေးတာရှိတယ်။ စာသင်ပြီးလို့ သင်ခန်းစာတခု၊ နှစ်ခု အပြီးမှာ
နေစာထွက်လှုံကြရင်း မနက်ခင်း ကော်ဖီသောက်နိုင်ကြတယ်။ ကျောင်းအလယ်က မြက်ခင်းပေါ်မှာ ခုန်တန်းလျားတွေမှာ
ထိုင်လို့ ကော်ဖီသောက်၊ တယောက်နဲ့ တယောက်မိတ်ဆက်၊ သူ့အကြောင်းမေး ကိုယ့်အကြောင်းပြော
လုပ်ကြရတယ်။ မေဆင် ၂-လ ပြီးတော့ ကော်ဖီတိုက်တာ မရှိတော့ဘူး။ ရာသီဥတု အေးစိမ့်စိမ့်
လေးမှာ နေစာလှုံရင်း အခုလို ဆုံတွေ့စကားပြောကြဖို့ စီစဉ်ထားတာ ကြည်နူးစရာပဲ။ နောက်တော့
နောက်ပိုင်းကာလများ အထိ မေဆင်ဆယ်မီနာဆိုတာ ရှိတယ်။ ကျနော်တို့ မေဆင်အဖွဲ့သားတွေက တယောက်ပြီး
တယောက်ဖြစ်စေ၊ အုပ်စု လိုက်ဖြစ်စေ၊ ကိုယ့်နိုင်ငံ/ ကိုယ့်အကြောင်း၊ ကိုယ့်ကျွမ်းကျင်မှု၊
ဒါမှမဟုတ် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတခုခုကို ပြောစေတာပါပဲ။ အဲသည်မှာ ကျောင်းက ၀ိုင်တိုက်တယ်။
အစားအသောက်တခုခု စီစဉ်ပေးတယ်။ ကျနော်လည်း ကိုယ့် အထုပ် ကိုယ်ဖြေပြသလိုပေါ့၊ ကျနော်တို့
မြန်မာနိုင်ငံအကြောင်းကို တခါပြောဖြစ်တယ်။ အဲသည်လို ဆယ်မီနာတွေအပြင် နိုင်ငံခေါင်းဆောင်ကြီးတွေလာလို့
ဟောပြောတာ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ ဆရာတွေရဲ့ ဆယ်မီနာ၊ အခြား ထူးခြားဖြစ်စဉ် ကိစ္စတွေနဲ့
ပတ်သက်လို့ ဆွေးနွေးပွဲတွေလည်း အစဉ် ရှိနေတတ်တယ်။ အဲသည်လို ဆွေးနွေးပွဲတိုင်းမှာ ၀ိုင်
တိုက်တာ၊ တခုခု ကျွေးမွေးတာ ရှိနေတတ်တယ်။ ကျောင်းစားရိတ်ကြီးတယ်ဆိုတာလည်း သည်လို ကိစ္စတွေအတွက်
ထည့်သွင်းထားတာ ဖြစ်လို့လည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ ၀ိုင်အကောင်း ပေါင်းစုံကို အရသာခံ
သောက်တတ်လာခဲ့တယ်။ ၀ိုင် ကောင်း ၀ိုင်ဆိုးလည်း ခွဲခြားတတ်လာတယ်။
တကယ်တော့ ဒီလို ပြောဆိုဆွေးနွေးတာတွေ ကြားရဖို့ဆိုတာ
တခြားနေရာမှာ ခက်သားပါ။ ဟားဗတ်တက္ကသိုလ်မှာတော့ အစဉ်သဖြင့် ဒီလိုဆွေးနွေးပွဲတွေနဲ့ ရှင်သန်သက်ဝင်နေတတ်တယ်။
နောက်တချက် ကျောင်းသား အများစုက ကျောင်းလာ တက်ချင်တာကလည်း ကျောင်းမှာ အဆက်အသွယ်ကောင်းတွေရ၊
ပေါက်မြောက်တတ်ကျွမ်းကျင်သူတွေနဲ့ တွေ့ထိနိုင် အောင် ရည်ရွယ်ချက်ပေါင်းစုံနဲ့ လာကြတာ
ဖြစ်တယ်။ ဟားဗတ်တက္ကသိုလ်လို ကျောင်းတော်ကြီးတွေကို Ivy league လို့ ခေါ်ကြတယ်။ ဆိုလိုတာက
သက်တမ်းရင့်လို့ နွယ်တွေရစ်ခွေတက်နေတတ်တဲ့ ကျောင်းအိုကြီးတွေ သဘောမျိုးပါပဲ။ တက္ကသိုလ်တခုရဲ့
သက်တန်းဆိုတာကလည်း သူ့ရဲ့ဝါ၊ ဂုဏ်သိက္ခာအတွက် စကားပြောလှတယ်။ ဟားဗတ်တက္ကသိုလ်က ၁၆၃၆ ခုနှစ်က
စတင်တည်ထောင်တာ။ အခုဆိုရင် ၃၇၃ နှစ် ရှိသွားခဲ့ပြီ။ တကယ်တော့ မြန်မာနိုင်ငံက ၁၇ ရာစုတုန်းက
ဒုတိယအင်းဝကာလ လောက်ပဲ ရှိပါလိမ့်ဦးမယ်။ သည်အချိန်ကာလအတွင်း အဖွဲ့အစည်းတခု၊ အင်စတီကျုရှင်းတခုကို
ထိန်းသိမ်းထူထောင်လာနိုင်တယ် ဆိုတာကတော့ အတော်အံ့သြစရာပါ။ ကျောင်းရဲ့အရောင်က
crimson color လို့ခေါ်တဲ့ အနီရင့်ကြက်သွေးရောင်လို ဖြစ်ပါတယ်။ ကျောင်းရဲ့ သင်္ကေတမှာတော့
ဒိုင်းတံဆိပ်မှာ Veritas လို့ ရေးထားပါတယ်။ အဓိပ္ပါယ်ကတော့ "အမှန်တရား" တနည်း
"အမှန်တရား နတ်ဘုရားမ" (Goddess of truth) ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှာ
၂၀၀၆-၂၀၀၇ ခုနှစ် စာရင်းအရ ပါမောက္ခဆရာ ၂၄၀၀ ကျော်ရှိပြီး၊ ဘွဲ့ကြိုကျောင်းသား ၆၇၁၅
ဦးနဲ့ ဘွဲ့လွန် တက်နေသူကျောင်းသား ၁၂၄၂၄ ဦး ရှိပါတယ်။ တက္ကသိုလ်အောက်မှာ ကျောင်း
(၁၄) ခု ရှိနေပါတယ်။ (link: http://en.wikipedia.org/wiki/Harvard_University#Administration_and_organization)
ကျောင်းသားသစ် ကြိုဆိုပွဲကလည်း အမှတ်ရစရာပါ။ ကျနော်တို့
၂-လ ပြီးတဲ့အခါ တကယ်ကျောင်းဖွင့်ချိန် ရောက်လာပါ တယ်။ ကျနော်တို့ MPA (Master in
Public Administration) ပရိုဂရမ်မှာပဲ အမေရိကန်နဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျောင်းသား
၁၂၀ လာထပ်ပေါင်းပါတယ်။ ကျနော်တို့ မေဆင် ပရိုဂရမ်က အနည်းနဲ့အများ ညီညွတ်မှု ရပြီးသား၊
ရင်းနှီး ပြီးသား ကျောင်းသား ၆၀ လောက်လဲ အဲသည်အုပ်စုကြားမှာ စုံးစုံးမြုပ်သွားရပါတယ်။
သူတို့ရောက်လာပြီးချိန်ကျမှ ကျနော် တို့ကို မောင်မယ်သစ်လွင် ကြိုဆိုပွဲစပါတယ်။
ကျနော်တို့ ကျောင်းသားတွေက ကျောင်းရဲ့ အတွင်းအလယ်က
ခမ်းမထဲမှာ စုထိုင်နေကြပါတယ်။ အဲသည်အချိန်မှာ ကျောင်းရဲ့ ပါမောက္ခချုပ်လို့ ခေါ်ရမယ့်
Dean Joseph Nye (ဂျိုးဆက် နိုင်) နဲ့ လည်း ရောက်နေပါပြီ။ MPA ပရိုဂရမ်ရဲ့ ဒါရိုက်တာ
အမျိုးသမီး ဆူး ၀ီလီယံမ်ဆင် (Sue Williamson) လည်း ရောက်နေပါပြီ။ (သူက ၂၀၀၇ ခုနှစ်တုန်းက
ကွယ် လွန်သွားခဲ့ပါပြီ။ သူ့အကြောင်းကို နောက်ထပ် ရေးချင်ပါသေးတယ်။ သူပြောပြဖူးတဲ့ ပုံပြင်ကလေးတပုဒ်ကို
ကျနော် ရွက်မွန်မှာ ရေးခဲ့ဖူးသေးတယ်။) (Link: http://fine-leaves.blogspot.com/2007/07/blog-post_10.html)
အဲသည်အချိန်မှာ ကျောင်းအပေါ်၊ ကျနော်တို့ ခေါင်းပေါ်
အထပ်ကနေ စကော့လူမျိုးတွေရဲ့ လေအိပ်ပုလွေသံ (Scotish piper) ကြားရပါတယ်။ ဘယ်နေရာက အသံထွက်နေမှန်း
မသိရဘူး။ တဖြည်းဖြည်း အသံက ကျယ်လာတယ်။ ပုလွေ မှုတ်တဲ့သူက ကျောင်းရဲ့ ကြောင်လိမ်လှေခါးအတိုင်း
ပုလွေမှုတ်ပြီး ဆင်းလာတာပါ။ သူက ကျနော်တို့ကို တချက်လှည့် မကြည့်ဘူး။ သူ့ဘာသာမှုတ်ပြီး
ဆင်းလာတယ်။ ပြီးတော့ ကျောင်းသားတွေကြားထဲက ဖြတ်ပြီး ကျောင်းအခန်းအပြင်ကို ထွက်သွားခဲ့တယ်။
ဒီတော့မှ ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကား ခပ်တိုတိုပြောတယ်။ နှုတ်ဆက်ကြိုဆိုတဲ့အကြောင်း
ပြောတယ်။ မောင်တို့ မယ်တို့ .. နောက်တခါ အခုလို ပုလွေသံ ကြားရတဲ့အချိန်မှာ
မောင်တို့မယ်တို့ ဘွဲ့ရပြီလို့ မှတ်လိုက်ပါ လို့ ပြောပြီး နိဂုံးချုပ်လိုက်တယ်။
ကျနော်ရင်တွေ ခုန်နေသလို၊ ဆက်စဉ်းစားနေမိတယ်။ ကျနော်တို့
မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ ဘွဲ့ရရင် စည်တော် ရွမ်းတယ်ဆိုတာ မှတ်မိနေတယ်။ ကျနော်စဉ်းစားနေမိတာက
ဘွဲ့နှင်းသဘင်မှာ စည်းတော်ရွမ်းတာက ဘယ်သူက စတင် တီထွင်ခဲ့တာလဲ။ အင်္ဂလိပ်ခေတ် တက္ကသိုလ်တွေက
စတာလား။ လွတ်လပ်ရေးရပြီးခေတ်မှ စတာလား။ ဘယ်သူက ဦးဦး ဖျားဖျား အကြံရပြီး သတ္တိရှိရှိ
အနောက်တိုင်းပညာရေးနဲ့ မြန်မာ့ရိုးရာ စည်တော်ရွမ်းတာကို ပေါင်းစပ်ခဲ့တာလဲ ဆိုတာ စဉ်းစားနေမိတာပါ။
ကောင်းလိုက်တဲ့ အကြံ၊ သင့်မြတ်လိုက်တဲ့ အကြံ။ ဘယ်ဆရာ ဘယ်ပါမောက္ခက စခဲ့တာလဲဆိုတာ ကျေးဇူးတင်
စဉ်းစားနေမိတာပါ။ သဘောက ခုနက စကော့လူမျိုးတွေရဲ့ လေအိပ်ပုလွေမှုတ်သလိုမျိုးပေါ့။ ဒါပေမယ့်
အခု သတင်းတွေကြားရတာက မြန်မာပြည်မှာ တက္ကသိုလ်တွေလည်း နေရာအနှံ့အပြားမှာ တည်ထားတယ်။
ဘွဲ့နှင်းသဘင်တွေ လည်း အရင်လို စည်တော်ရွမ်းတာတွေ မရှိကြတော့ဘူးလို့ သတင်းတွေကြားရတယ်။
ဘွဲ့နှင်းသဘင်တော် ဖြစ်ကတတ် ဆန်း လုပ်တာတွေ ရှိလာပြီ ဆိုပါတယ်။ ကျနော်ကတော့ စည်တော်ရွမ်းတာကို
ဘွဲ့နှင်းသဘင်မှာ ဆက်ထိန်းသိမ်းသင့်တဲ့ အစဉ်အလာလို့ ထင်ပါတယ်။
1 comment:
အခန်း (၄) ကို ဆက်လက်မျှော်လင့် နေပါတယ်။
Post a Comment