Pages

Friday, November 13, 2009

မီးလျှံနဂါး (၇)။ လွတ်လပ်ရေး အကြိုခေတ်က မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ ငွေကြေးစနစ်ဆိုင်ရာ သမိုင်းကြောင်းကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ ဗြိတိသျှနဲ့ မဟာမိတ်တပ်တွေက မြန်မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ခဲ့ကြပါတယ်။ အိန္ဒိယ ဆင်းမလားမှာ စစ်ဘေးခိုလှုံနေတဲ့ ဗြိတိသျှ ကိုလိုနီ အာဏာပိုင်တွေလည်း မြန်မာနိုင်ငံကို ပြန်လည် စစ်ဒဏ်က ပြန်လည်တည်ဆောက် ရေးနဲ့ အုပ်ချုပ်ဖို့အတွက် စက္ကူဖြူစာတန်းလို့ ကျနော်တို့ အသိများတဲ့ အစီအစဉ် တွေနဲ့ ပြန်ရောက်လာပါတယ်။ ဒီအစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံ ငွေကြေးစနစ်ကို ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒီအစဉ်တွေမှာ (Burma Currency Board-BOB) လို့ခေါ်တဲ့ မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့နဲ့ မြန်မာနိုင်ငံ ဘဏ်တို့ ထူထောင်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးမှာ ငွေကြေး ဘုတ်အဖွဲ့က ခေတ်စားတဲ့ အိုင်ဒီယာတခု ဖြစ်ခဲ့ပြီး၊ ကိုလိုနီနယ် အနှံ့အပြား တကမ္ဘာလုံးမှာ ငွေကြေး ဘုတ် အဖွဲ့ (၅ဝ) ကျော်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ငွေကြေးဘုတ်အဖွဲ့ရဲ့ တာဝန်ကတော့ ဒီကနေ့ ကျနော်တို့ သိနေ ကြတဲ့ ဗဟို ဘဏ်တွေနဲ့ သဘောသဘာဝ မတူပါဘူး။ သူတို့က ငွေကြေးထုတ်ဝေရုံ၊ ပြန်လည် လဲလှယ် လက်ခံရုံနဲ့ နိုင်ငံ ခြားငွေကြေးနဲ့ လဲလှယ်တဲ့အခါ ဥပဒေအရ တိတိကျကျ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ပြန်လည်လဲလှယ် နိုင်ရေးအတွက် အာမခံချက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ငွေကြေးထုတ်ဝေ ဖြန့်ဖြူးတဲ့အခါမှာလည်း အာမခံထားတဲ့ နိုင်ငံခြားငွေအတိုင်းသာ အတိအကျ ထုတ်ဝေရတာ ဖြစ်ပါတယ်။ တကယ်တော့ စစ်အပြီး မြန်မာနိုင်ငံ ငွေကြေး အစီအစဉ်တွေက ဂျပန်တွေလက်က မြန်မာနိုင်ငံကို ပြန်လည် မသိမ်းပိုက်နိုင်မီ ကတည်းက စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

အရင် အိန္ဒိယကိုလိုနီ ငွေကြေးစနစ်တွေကို လေ့လာခဲ့ဖူးသူ အင်္ဂလန်ဘဏ် (Bank of England) ရဲ့ အကြံပေး ဆာ အိုတို နိုင်မေယာ (Sir Otto Niemeyer) က ပြည်ပရှိ မြန်မာနိုင်ငံ ကိုလိုနီအစိုးရကို ငွေကြေးဖွဲ့စည်းမှု စနစ်တွေနဲ့ ပတ်သက်လို့ အကြံပေးခဲ့ပါတယ်။ စစ်မတိုင်မီက မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ ကုန်သွယ်ရေး ပြန်လည် ဖွံ့ဖြိုးစေဖို့ ရည်ရွယ်သလို၊ အရင်ရထားတဲ့ ယုံကြည်မှု၊ တည်ငြိမ်တဲ့ ငွေကြေးစနစ် ပြန်လည်ထူထောင်နိုင်အောင် ရည်ရွယ် တာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ အိန္ဒိယဘဏ်ကလည်း မြန်မာနိုင်ငံအတွက် ငွေကြေးထုတ်ဝေ တဲ့ ဘဏ်အဖြစ် ဆက်လက်မလုပ်နိုင်ဘူးလို့ ငြင်းဆိုခဲ့တာလည်း တကြောင်း ပါဝင်ပါတယ်။ ၁၉၄၄ ခုနှစ်မှာတော့ ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆာ နိုင်မေယာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့ အတွက် မူကြမ်းတွေ စတင်ရေးသား နေကြပါပြီ။ စက္ကူဖြူစာတန်းလို့ ကျနော်တို့သိတဲ့ စစ်ပြီးခေတ် နိုင်ငံရေး အစီအစဉ်တွေလည်း ပြန်ရေးသားနေတဲ့ တပြိုင်တည်းကာလပါ။ ဒီစက္ကူဖြူ အုပ်ချုပ်ရေး အစီအစဉ်အရ မြန်မာ နိုင်ငံကို တစုံတရာ အချုပ်အခြာ အာဏာ၊ လုပ်ပိုင်ခွင့်တွေ ပြန်ပေးတယ်ဆိုပေမယ့်လည်း စစ်မတိုင်ခင်က အုပ်ချုပ်ရေးလောက်တောင် လုပ်ပိုင်ခွင့် မရဘူးလို့ ဆိုပါတယ်။

၁၉၄၆ ခုနှစ်၊ မေလမှာတော့ မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့အတွက် သဘောတူဆုံးဖြတ်ချက်ကို မြန်မာပြည် ဘုရင်ခံ အမှုဆောင်ကောင်စီက တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ အဲသည် အချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ (ဖဆပလ) အဖွဲ့ချုပ်က ဘုရင်ခံ အမှုဆောင်ကောင်စီမှာ နေရာမရသေးပါဘူး။ သြဂုတ်လမှာ မူကြမ်းတွေရေးဆွဲတဲ့အခါမှာတော့ ပင်မ တာဝန်ခံရေးဆွဲရသူကတော့ အင်္ဂလန်ဘဏ်က တာဝန်ခံကိုယ်စား လှယ် ရေမွန် ကက်ရှော (Raymond Kershaw) ဖြစ်ပြီး၊ မြန်မာ အရာရှိတွေဖက်က ဦးတင်ထွဋ်က ကူညီ ပေးရ ပါတယ်။ ဦးတင်ထွဋ်က ဗြိတိသျှအုပ်ချုပ်ရေး အရာရှိတဦးဖြစ်ပြီး အဲသည်ခေတ်က မျိုးဆက်တွေထဲမှာ အတော်ဆုံး မြန်မာအရာရှိလို့ ကင်ပွန်းတပ်ခံရသူပါ။ သူက နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ လက်တွဲ ခဲ့ပြီး လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့ ရုံးချုပ်ကို လန်ဒန်မှာ ရုံးစိုက်ပြီး၊ ရုံးခွဲကိုတော့ ရန်ကုန်မှာ ထားပါတယ်။

ဘုတ်အဖွဲ့က ၁၉၄၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာမှ သက်ဝင်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ (ဖဆပလ) အဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်တော့မယ့် ဆဲဆဲ ရက်ပိုင်းအလို၊ မြန်မာ့ လွတ်လပ်ရေးအကြို ၈-လ ကာလ အလိုပါ။ ဘုတ်အဖွဲ့မှာတော့ အင်္ဂလန်ဘဏ်က ကိုယ်စားလှယ်တွေရော၊ မြန်မာအရာရှိတွေပါ ပါဝင် ဖွဲ့စည်း ထားပါတယ်။ ဘုတ်အဖွဲ့ ဥက္ကဌ က ဆာရစ်ချတ် ဟော့ပ်ကင်းက ဖြစ်လာပြီး၊ မြန်မာကိုယ်စားလှယ်တွေအနေနဲ့ ဦးကောင်း၊ စောထင်လင်းမြ၊ ကိုလိုနီ အုပ်ချုပ်ရေး အရာရှိ ဒဗလျူ ဂျွန်ဆင်၊ အင်္ဂလန်ဘဏ်က ရေမွန် ကက်ရှော တို့ ပါဝင်ကြပါတယ်။ ဗြိတိသျှ အိန္ဒိယရုံး က စာရင်းစစ်ချုပ် ဆာ ဆစ်ဒနီ တာနာက ဘုတ် အဖွဲ့ရဲ့ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ပါတယ်။ အရင်ခေတ်က ပိုက်ဆံတွေမှာ ဦးကောင်းတို့၊ ဦးစံလင်းတို့ လက်မှတ်ရေးထိုး ထား ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲသလိုပဲ ဤ ငွေကြေးကို မည်သည့်နေရာတွင် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်ဆိုတဲ့ စာကြောင်း ထည့်သွင်း ဖော်ပြထား တာလည်း တွေ့နိုင်ပါတယ်။ ဦးစံလင်းကတော့ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးနဲ့အတူ အိန္ဒိယ ဆင်းမလားကို တိမ်းရှောင်ခဲ့တဲ့ အရာရှိဖြစ်ပြီး၊ ရန်ကုန်မှာ ရှိတဲ့ ငွေကြေး ဘုတ်အဖွဲ့ရုံးအတွက် တာဝန်ယူရသူ ဖြစ်ပါတယ်။

အဲသည်ပိုက်ဆံတွေမှာ မည်သည့်နေရာတွင် မဆို လဲလှယ်ခွင့်ရှိသည်လို့ အာမခံထားသလိုပဲ၊ ဒီမြန်မာကျပ်ငွေ တွေကို ဗြိတိသျှ ပေါင်စတာလင်နဲ့ လဲလှယ်ခွင့် ရှိပါတယ်။ အရင်က မြန်မာနိုင်ငံမှာ မြန်မာရူးပီးကို သုံးခဲ့ကြပေ မယ့် အခုအခါမှာတော့ "ကျပ်ငွေ" လို့ ခေါ်တွင်စေပြီး၊ ၁ ကျပ်၊ ၅ ကျပ်၊ ၁ဝ၊ ၁ဝဝ ကျပ်တန်တွေကို ထုတ်ဝေခဲ့ ကြပါတယ်။ ငွေတွေမှာ တဖက်က ခြင်္သေ့ပုံနဲ့ အခြားတဖက်မှာ ဥဒေါင်းပုံကို ရေစာအဖြစ် ထည့်သွင်းဖော်ပြခဲ့ကြ ပါတယ်။ အဲသည် ငွေကြေးထုတ်ဝေချိန်မှာ အဓိကထား စဉ်းစားကြရတာကတော့ စစ်မဖြစ်ခင်က မြန်မာပြည် မှာ ရှိနေခဲ့တဲ့ ငွေကြေးတွေကိုလည်း ပြန်လည်သုံးစွဲနိုင်အောင် ကျန်နေတဲ့ ပမာဏနဲ့ စစ်ပြီးကာလ ထပ်မံရိုက် နှိပ် ထုတ်ဝေရမယ့် ပမာဏကို တွက်ဆခဲ့ကြပါတယ်။ အကြွေစေ့၊ ဒင်္ဂါးပြားတွေမှာတော့ အရင် ကျန်နေတဲ့ အိန္ဒိယ ဒင်္ဂါးပြားတွေကိုပဲ ဆက်သုံးစွဲစေပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနီးလာတော့ ဗြိတိသျှ အာဏာပိုင်တွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ငွေကြေး ဆိုင်ရာ သဘောတူညီချက်တွေကို ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့ကြပါတယ်။ ဗြိတိသျှတွေဖက်က အခု မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့အပေါ် အထင်အမြင်လွဲမှာ စိုးလို့ သတိနဲ့ ကိုင်တွယ်ခဲ့ကြပါတယ်။ လန်ဒန်ရုံးကိုတောင် ဗြိတိန် ဘုရင်မကြီး အစိုးရရုံးအတွင်း မစိုက်စေဘဲ သီးခြားလွတ်လပ်တဲ့ ချဲလ်စီး ကင်းလမ်း (Chelsea King Road) မှာ ဖွင့်စေခဲ့ပါတယ်။ ငွေကြေး ဘုတ်အဖွဲ့က ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း ဝေဖန်မှုတွေကတော့ မလွတ်ကင်းခဲ့ပါဘူး။ အထူး သဖြင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်နေကြတဲ့ နိုင်ငံရေးအုပ်စုတွေဆီက ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရပြီး ချင်း ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေမှာ ငွေကြေးဘုတ်အဖွဲ့ရုံးကို ရန်ကုန်မှာ ရုံးပြန်စိုက်မယ်၊ ငွေကြေးမူဝါဒတွေကို ကိုယ့်ဘာသာ ခန့်ခွဲမယ်။ ဒီအဖွဲ့ကိုလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ် အောက်မှာ ကိုင်တွယ်အုပ် ချုပ်မယ်ဆိုတာ ဆုံးဖြတ်ခဲ့သလို၊ အင်္ဂလန်ဖက်ကိုလည်း မူကြမ်း ဥပဒေတွေ တင်ပြခဲ့ကြပါတယ်။ အချိန်အတန် ကြာ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေခဲ့ပြီးမှ ၁၉၅ဝ ခုနှစ်မှပဲ မြန်မာနိုင်ငံတော် ဘဏ် အောက်ကို ပြန်လည် လွှဲပြောင်း ပေးခဲ့ပါတယ်။

နောက်တပတ်မှာတော့ လွတ်လပ်ရေး ရပြီးစ မြန်မာနိုင်ငံ ငွေကြေးစနစ်၊ ဘဏ်စနစ်တွေအကြောင်း၊ ငွေကြေး ဘုတ်အဖွဲ့အပေါ် အားသာချက်၊ အားနည်းချက် ဝေဖန်သုံးသပ်ကြပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

ကဗျာဦး said...

စာအုပ်တွေကောင်းတယ်
စာကြွေးတွေဖတ်သွားပါတယ်ရှင့်

Recent Comments